လှကျော်ဇော - နှစ်ထပ်ကွမ်း ဆိုးဝါးတဲ့ ဘဝများ

ဗိုလ်နေဝင်းရဲ့လက်ရုံးနှစ်ဆူ။ (ဗိုလ်မှူးချုပ်မောင်မောင် ၊ ဗိုလ်မှူးချုပ်အောင်ကြီးတို့ ကို-အိမ်စောင့်အစိုးရခေတ်မှာ တွေ့ရပုံ။)
ဗိုလ်နေဝင်းရဲ့လက်ရုံးနှစ်ဆူ။ (ဗို
လှကျော်ဇော - နှစ်ထပ်ကွမ်း ဆိုးဝါးတဲ့ဘဝများ
(မိုးမခ) ဩဂုတ် ၁၈ ၊ ၂၀၂၃
ဒီခေါင်းစဉ်နဲ့ ဆောင်းပါးတစောင် ရေးဖူးပါတယ်။ (မိုးမခ။ ၂၈-၅-၂၀၁၈)
အခုလည်း ထပ်ရေးရဦးမယ်။
စစ်အာဏာရှင်စနစ် ဗမာပြည်ကြီးမှာ မကျမဆုံးမချင်း အကြောင်းတိုက်ဆိုင်လာတိုင်း ဆက်ရေးရဦးမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ စစ်အာဏာရှင်တွေဟာ မိမိတို့အာဏာတည်မြဲရေးအတွက် နည်းပရိယာယ်နဲ့ နည်းလမ်းပေါင်းစုံ သုံးပြီး ပြည်သူလူထုကို မျက်လှည့်ပြတတ်ကြပေမဲ့ တခါတရံလည်း မိမိတို့ကိုယ်တိုင် မျက်စိလည်ပြီး နည်းလမ်းဟောင်းကြီးတွေ သုံးတတ်လို့ပါပဲ။
ဒီတခါတော့ ပြည်သူတွေဟာ မျက်စိမလည်တော့ပါဘူး။
အခုတလော (ဇူလိုင်လ-သြဂုတ်လများမှာ) စစ်တပ်ဘက်က ရာထူးကြီးကြီးတွေအတွင်းအဖမ်းအဆီး အထုတ် အဖြုတ်တွေ ကြမ်းလာပါတယ်။
တချို့စာနယ်ဇင်းတွေက 'ဒီလောက်ကြမ်းတာ အရင်ခေတ်တွေက မရှိခဲ့ဘူး' လို့ ရေးတာတွေလည်းတွေ့ပါတယ်။
မဟုတ်ပါဘူး။ တောက်လျှောက်ရှိခဲ့တာပါ။ ဟိုခေတ်တွေတုန်းက မီဒီယာတွေက ဒီလောက်မပွင့် လင်းသေးလို့ပါ။ တချို့ကလည်း အဲဒီခေတ်ကို မမီတာလည်း ဖြစ်နိုင်ပါတယ်။ တကယ်တော့အတိတ်က ဖြစ်ရပ်များကို ပစ္စုပ္ပန်မှာ သင်ခန်းစာကောင်းကောင်းထုတ်နိုင်ရင် အနာဂတ်လုပ်ငန်းများအတွက် အလွန်အကျိုးရှိတယ်။
ဥပမာ အချို့ပြောပြပါ့မယ်။
စစ်အာဏာရှင်စနစ် သန္ဓေတည်နေစဉ် ကာလများကပါ။
၁၉၅၈ ခုနှစ်မှာ ပထမဆုံးအကြိမ် အကဲစမ်းတဲ့ စစ်အာဏာသိမ်းပြီးနောက် ၁၉၆၀ ပြည့်နှစ်မှာ ဗိုလ်နေ၀င်းဟာ ပေးထားတဲ့ ကတိအတိုင်း တရားမျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပပေးပြီး အပြတ်အသတ် အနိုင်ရလိုက်တဲ့ ဦးနုရဲ့ သန့်ရှင်း ပထစပါတီကို အာဏာလွှဲပေးလိုက်ပါတယ်။
ဒီရွေးကောက်ပွဲကို ဖေဖေက 'အသံမထွက်သော တော်လှန်ရေးတရပ်' လို့ အမည်တပ်ပေးပြီး ဗမာပြည်သူလူထုဟာ စစ်တပ်ကို ဗမာပြည် နိုင်ငံရေးက ပထမဆုံးအကြိမ် ဖယ်ရှားပစ်လိုက်တာလို့ သုံးသပ်ထားတာကို ဖေဖေ့ အတ္ထုပ္ပတ္တိစာအုပ်မှာ တွေ့ရပါတယ်။
အဲဒီခေတ် ထိုင်းသတင်းစာ ဘန်ကောက်ပို့စ်ကလည်း ဒီရွေးကောက်ပွဲကို ဒီလို မှတ်ချက်ပြုထားပါတယ်။
'ဒီရွေးကောက်ပွဲဟာ သာမန် ရွေးကောက်ပွဲတရပ် မဟုတ်ပါ။ ၁၉၅၈-၁၉၆၀ ထိ အုပ်ချုပ်လာခဲ့တဲ့ဗိုလ်ချုပ်ကြီးနေ၀င်းအစိုးရအပေါ် ဗမာပြည်သူလူထုကြီးရဲ့ သဘောထားဆန္ဒခံယူပွဲ (referendum) ဖြစ်နေတာပါ' တဲ့။
တကယ်တော့ ဗမာပြည်သူတွေတင်မက ဘယ်နိုင်ငံက ပြည်သူတွေပဲဖြစ်ဖြစ် ဘယ်စစ်တပ်ကိုမှနိုင်ငံရေးထဲ ဝင်ပါတာ မကြိုက်လှပါ။
(အခုနောက်ဆုံး ထိုင်းရွေးကောက်ပွဲပဲ ကြည့်ပါ။) ဒါကို အာဏာအရသာ အတွေ့ကြီးတွေ့နေတဲ့ စစ်အာဏာရှင်အဆက်ဆက်က နားကို မလည်နိုင်တာပါ။
ဒီ ၁၉၆၀ ပြည့်နှစ် ဗမာပြည်ရဲ့ ရွေးကောက်ပွဲမှာလည်း ဗမာပြည်သူတွေက တည်မြဲဖဆပလ (သူတို့ကိုယ်သူတို့- ဆိုရှယ်လစ်များလို့ ခေါ်ပါတယ်။ အဲဒီကာလက ဆိုရှယ်လစ်အမည် ခေတ်စားနေလို့) တွေအပေါ်ရော၊ သူတို့ဘက်က ထောက်ခံနေတဲ့ စစ်တပ်အပေါ်ရော နိုင်ငံရေးအာဏာကို ကိုယ်ကျိုးစီးပွားလုပ်ပြီး ပြည်သူကို ဖိနှိပ်မည့်သူများအဖြစ်-- အမြင်ရှင်းထားပြီး ဖြစ်ပါတယ်။
ဒါကြောင့် တည်မြဲကို အပြတ်ရှင်းလိုက်ပြီး သန့်ရှင်းကို ပုံအော မဲပေးလိုက်တာပါ။
ပြည်သူတွေရဲ့ တည်မြဲဆန့်ကျင်ရေး စိတ်ဓာတ်ကို နားလည် ရိပ်မိသွားတဲ့ ဗိုလ်နေ၀င်းဟာ ဒီလှိုင်းကို စီးပြီး တပ်တွင်းက (မိမိရဲ့ ဘက်မလိုက်ရ အမိန့်ကို မနာခံလို့ ဆိုပြီး) တပ်မှူးကြီး အတော်များများကို ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလမှာ ထုတ်ပယ်ပစ်လိုက်ပါတယ်။
(အဲဒီနေ့က မြင်ကွင်းကို စိတ်ကူးချိုချိုစာပေက ၂၀၁၀ က ထုတ်ခဲ့တဲ့ ဗိုလ်မှူးကြီးဟောင်း တင်မောင်ရဲ့ ဘ၀မုန်တိုင်း ထန်လေပြီ။ နှာ ၅၀၀-၅၀၇ မှာ အပြည့်အစုံ ဖော်ပြထားပါတယ်။)
ဗိုလ်နေ၀င်းက တပ်မဟာမှူးများ ညီလာခံ ဆိုတာကို စစ်ရုံးချုပ်မှာ ခေါ်ကျင်းပပြီး အားလုံးကို ဆူပူကြိမ်းမောင်း ဆဲဆိုပြီး-စွဲချက်တွေတင်-ဘယ်သူ့မှ ဖြေရှင်းခွင့်မပေးဘဲ- အကုန်ထွက်ကြ-ဆိုပြီး အမိန့်ပေးခိုင်းစေတဲ့ အခန်းမှာ ဗိုလ်နေ၀င်းက တယောက်တည်း ကြဲချင်တိုင်းကြဲပြီး အာဏာရှင်ပြယုဂ်ကို အလွန်ပီပြင်စွာ ပြသလိုက်တဲ့ အခန်းပါ။
အဲဒီနေ့က ဖြုတ်ထုတ်ခံရတဲ့ တပ်မှူးကြီးတွေက ၁၈ ယောက်တောင်ပါ။
(နောက်ပိုင်း အဲဒီတပ်မှူးကြီးများအားလုံးနီးပါး ရှစ်-လေးလုံးကာလ ဖွဲ့စည်းတဲ့ ဒီချုပ်ပါတီမှာ မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့-ဆိုတာမှာ ခေတ္တပါလာပါသေးတယ်။) ဒီလို ဖြုတ်လိုက်တာမှာ ဗိုလ်နေ၀င်းရဲ့ တကယ့်ရည်ရွယ်ချက်က—
သူ့ကို ပြိုင်ဆိုင်နိုင်တဲ့၊ စစ်ဘက် ဝါချင်းလည်း မတိမ်းမယိမ်းဖြစ်တဲ့၊ တပ်တွင်းမှာလည်း တစုံတရာသြဇာရှိတဲ့ တပ်မှူးကြီးတွေ (သူ့ကို ပခုံးနဲ့ ထမ်းတင်ပေးခဲ့တဲ့ တပ်တွင်းဆိုရှယ်လစ်အုပ်စု)ကိုဖယ်ရှားပြီး စစ်တပ်မှာ သူတဦးတည်း အာဏာရှင်ဖြစ်ရေးပါ။ ဒီအကွက်မှာ ဗိုလ်နေ၀င်းက နိုင်ငံရေးအရလည်း အမြတ်ထွက်ပါသေးတယ်။ ပြည်သူလူထုအချို့အတွင်းမှာ သူ့အပေါ် တော်တည့်မှန်ကန်သူအဖြစ် အမြင်ကောင်း ရရှိစေလိုက်ပါတယ်။
မှတ်ချက်။ အဲဒီကာလ ဖဆပလ အစိတ်စိတ်အမြွှာမြွှာကွဲပြီး တဖက်နဲ့ တဖက် ခွက်စောင်းတွေခုတ်၊အပြန်အလှန် ဖော်ထုတ်နေကြတာကြောင့် နိုင်ငံရေးသမားများအပေါ်ပြည်သူလူထုကလည်း တစုံတရာ စိတ်ပျက်နေကြတာပါ။
ဗိုလ်နေ၀င်းက ဒီနေရာမှာတင် ရပ်နေတာ မဟုတ်ပါဘူး။
အိမ်စောင့်အစိုးရကာလ (၁၉၅၈-၆၀) ခုနှစ်များအတွင်း နောင်တည်ဆောက်မဲ့ စစ်အာဏာရှင်စနစ်အတွက် အခြေခံအုတ်မြစ်တွေကို တည်ဆောက်ပေးခဲ့တဲ့ အဲဒီကာလက ဗိုလ်နေ၀င်းရဲ့ လက်ရုံးကြီးများဖြစ်တဲ့ တပ်တွင်း ဆိုရှယ်လစ်အုပ်စုရဲ့ ခေါင်းဆောင်များလည်း ဖြစ်တဲ့ ဗိုလ်မောင်မောင်နဲ့ ဗိုလ်အောင်ကြီးကိုလည်း မရှေးမနှောင်းကာလတွေမှာ ဖြုတ်ပစ်ခဲ့ပါတယ်။ (သူ့ကို ယှဉ်ပြိုင်လာနိုင်တယ် ဆိုတဲ့ စိတ်မလုံမခြုံဖြစ်မှုကြောင့်)
ဗိုလ်မောင်မောင်ဟာ ပြည်သူလူထုကို ဖိနှိပ်ဖို့နဲ့ ပြည်တွင်းစစ်ကို မီးကုန်ယမ်းကုန် တိုက်ဖို့ လိုအပ်တဲ့ စစ်တပ်ရဲ့ အခြေခံအဆောက်အအုံများ(တပ်မတော် ထောက်လှမ်းရေးဌာန၊ စိတ်ဓာတ်စစ်ဆင်ရေးဌာန၊ ကာကွယ်ရေးတက္ကသိုလ် စတာတွေအပြင် ကိုကိုးကျွန်းထောင် စတာများ)ကိုတည်ဆောက်ပေးခဲ့သူပါ။
ဗိုလ်အောင်ကြီးကတော့ စစ်တပ်အတွက် ဥစ္စာဓနပြည့်ဝအောင် စီးပွားရေးလုပ်ငန်းများ (ဘီအီးဒီစီ-- ယခုခေတ် ဦးပိုင်ရဲ့မိခင်)ထူထောင်ပေးခဲ့တာပါ။
ဒါတွေကို တဖြည်းဖြည်း ရှင်းပစ်ပြီး ဗိုလ်နေ၀င်းဟာ စစ်အာဏာရှင်ကြီးအဖြစ် အနှစ် ၂၀ ကျော် နန်းစိုက်သွားခဲ့ပါတယ်။
အဲသလို ရှင်းရာမှာ နည်းအမျိုးမျိုး သုံးခဲ့ပါတယ်။ သူ သြဇာကိုက်မဲ့သူတွေကိုတော့ နိုင်ငံခြားကိုသံအမတ်ကြီးတွေ ပေးပစ်တာ၊ နောက်ပိုင်း နိုင်ငံတော်ကောင်စီဝင်ရာထူးတွေ ထွင်ပေးတာကအစ သူ့အပေါ် သစ္စာမရှိဘူးလို့ သူ ထင်တဲ့လူတွေကိုတော့ ရာထူးဖြုတ်ရုံမက၊ ထောင်တန်းချ၊ တချို့ဆိုလုပ်ကြံပစ်နဲ့ နည်းအမျိုးမျိုး သုံးခဲ့တာပါ။
(အောင်ဗလရဲ့ ဗိုလ်နေ၀င်း ဇာတ်ရှုပ်သမျှ-စာအုပ် ရှာဖတ်ကြည့်ပါ။)
ဒါ့ကြောင့် ဘ၀မရေရာဖြစ်နေတဲ့ ဗိုလ်ချုပ်ကြီးများ ဆိုတာ အခုခေတ်မှ ပေါ်လာတာ မဟုတ်ပါဘူး။
စစ်အာဏာရှင်စနစ်နဲ့ အတူ ပေါ်လာခဲ့တာပါ။
အဲဒီလိုလူမျိုးတွေရဲ့ ဘ၀ကို ဖေဖေက 'နှစ်ထပ်ကွမ်း ဆိုးဝါးလှတဲ့ ဘ၀ဆိုး' လို့ အမည်တပ်ခဲ့ပါတယ်။
၁၉၇၆ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့က ပြောခဲ့တဲ့ မိန့်ခွန်းမှာ ဖေဖေက 'တပ်မတော်သားများသို့' ဆိုတဲ့ အခန်းမှာ ဒီလို ပြောထားခဲ့ပါတယ်။
"အခု ခင်ဗျားတို့ စစ်တပ်ကြီး ပြန်ကြည့်စမ်းပါ။ စက်ဆုပ်ဖွယ် ကြေးစားတပ်ကြီး ဖြစ်နေရပြီ၊လွတ်လပ်ရေးကို ကာကွယ်ပါဆိုပြီး ခင်ဗျားတို့ကို ပြည်သူတွေရဲ့ သားသမီးတွေဖြစ်တဲ့ ကျောင်းသူကျောင်းသားတွေ၊ လူငယ်တွေ၊ ထမင်းမ၀လို့ ဆန်ပေးပါလို့ တောင်းတဲ့ အလုပ်သမားတွေ၊လယ်သမားတွေ၊ မြို့နေ ဆင်းရဲသားတွေကို အကြိမ်ကြိမ် ပစ်သတ်ခိုင်းတယ်။ သွေးချောင်းစီးနေပြီ။ ခင်ဗျားတို့ဘ၀ဟာ အာဏာရူး နေ၀င်း မင်းဆိုးမင်းညစ်ရဲ့ ပါးကွက်သား၊ လက်မရွံ့လူသတ်သမားတွေ ဖြစ်နေရပြီ။ နေထိုင်ရေးဘ၀ဟာလည်း ပြည်သူတွေလိုပဲ ခါးမလှ-၀မ်းမ၀ နဲ့ အဖိနှိပ်ခံဘ၀ပဲ မဟုတ်လား။ ခင်ဗျားတို့တွေထဲက သူ့စိတ်ကြိုက် ပြည်သူတွေကို ပိုသတ်နိုင်မယ် ထင်တဲ့ လူတချို့ကို ရာထူးကြီးတွေနဲ့ လာဘ်ထိုးတယ်။ ဒီလိုနဲ့ တပ်ကြပ်ကြီးကနေ ဗိုလ်မှူးကြီးတွေအထိ နှစ်အနည်းငယ်အတွင်း တိုးပေးဖို့ ဝန်မလေးဘူး။ သူ့ စိတ်ကြိုက် ပြည်သူကို သတ်ဖို့ လက်ရွံ့တဲ့ မျိုးချစ်တွေ၊ အစဉ်အလာရှိခဲ့၊ လေးစားခြင်းခံရတဲ့ တပ်မှူး တပ်သားတွေကိုတော့ တဦးပြီး တဦးကန်ထုတ်တယ် မဟုတ်လား။ ဒါတွေကြောင့် ရာထူးကြီးတဲ့လူတွေလည်း စိတ်တထင့်ထင့် နေရတဲ့ ဘ၀ မဟုတ်လား။ တွေးကြည့်ရင် ခင်ဗျားတို့ဘ၀က ပိုဆိုးတယ်။ ပြည်သူတွေလိုပဲ အဖိနှိပ်ခံရ၊ တဘက်ကလည်း ပြည်သူတွေကို သတ်ဖြတ်နေရတဲ့ ဘ၀။ ဒီလို နှစ်ထပ်ကွမ်း ဆိုးဝါးလှတဲ့ ဘ၀ဆိုးကနေ ခင်ဗျားတို့ ရုန်းထွက်ကြပါ" တဲ့။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်က ဖေဖေ ပြောခဲ့တဲ့ စစ်တပ်ရဲ့ အခြေအနေဟာ အခုခေတ်နဲ့ ဘာများခြားလို့လဲ။ န၀တ-နအဖ ခေတ်မှာလည်း ထူးမခြားနားတွေ ဖြစ်ခဲ့သေးတာပဲ မဟုတ်လား။
ဒါကြောင့်ပဲ အခုခေတ် ပြည်သူတွေက သူတို့ ဘ၀ပေးအသိနဲ့ မှန်ကန်စွာ 'ဖက်ဆစ်စစ်တပ်၊ အမြစ်ဖြတ်' ဆိုတဲ့ ကြွေးကြော်သံ တင်လိုက်တာဖြစ်မှာ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar