သီအိုဇော် - တရစ်ပြီးတရစ် တထစ်ပြီးတထစ်
သီအိုဇော် - တရစ်ပြီးတရစ် တထစ်ပြီးတထစ်
(မိုးမခ) ဩဂုတ် ၁၇ ၊ ၂၀၂၃
အိမ်နီးချင်းနိုင်ငံတခုဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းရှိပေမယ့် သိပ်မကြီးမားတဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ပတ်သက်ပြီး ကုန်သွယ်၊ စီးပွား၊ ဘဏ္ဍာ သတင်းတွေက ကျန်အိမ်နီးချင်းနိုင်ငံများနဲ့စာရင် ခေါင်းကြီးသတင်း သိပ်ဖြစ်လေ့မရှိပါဘူး။ အခုတော့ အခြေအနေပြောင်းသွားပြီလို့ ဆိုရပါလိမ့်မယ်။
‘ဆိုနာလီ’ ဘဏ် (Sonali Bank)ဟာ နိုင်ငံပိုင်ဘဏ်တခုပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ထိပ်တန်းဘဏ်တခုလည်းဖြစ်ပြီး မြန်မာနိုင်ငံရဲ့ MFTB ဘဏ်၊ MIC ဘဏ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ ငွေကြေးလုပ်ငန်းတွေ ရှိပါတယ်။ နာရီပိုင်းအတွင်းကပဲ အမေရိကန်နိုင်ငံရဲ့ ဒဏ်ခတ်အရေးယူမှုကို ခံခဲ့ရတဲ့ MFTB ဘဏ်၊ MIC ဘဏ်တွေနဲ့ ငွေသွင်း ငွေထုတ်လုပ်ငန်းတွေ ‘ဆိုနာလီ’ ဘဏ်က ရပ်ဆိုင်းလိုက်ပါတယ်။
ဒါ့အပြင် လက်ရှိအနေအထားအရ MIC ဘဏ်က အပ်နှံထားတဲ့ ဒေါ်လာ ၁ သန်းနဲ့ MFTB က အပ်နှံထားတဲ့ ဒေါ်လာ ၁ သိန်းတို့ကိုလည်း ဆိုနာလီ’ဘဏ်ဘက်က ထိန်းချုပ်ထားလိုက်ပြီလို့ သိရှိရပါတယ်။ ‘ဆိုနာလီ’ဘဏ်ကလည်း MIC ဘဏ်မှာ ဒေါ်လာ ၂ သိန်း၊ MFTB မှာ ယူရို ၁၇,၀၀၀ (ဒေါ်လာလို့ ရေးတဲ့ တချို့သတင်းမီဒီယာများလည်းရှိပါ တယ်) အပ်နှံထားတာ ရှိပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ‘ဒက်ကာ’မြို့မှာ ရှိတဲ့စစ်ကောင်စီခန့် သံအမတ်လည်း အပူတပြင်း လာရောက် ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ ကြားသိရပါတယ်။ ထိန်းချုပ်ခံရတဲ့ ငွေကြေးပမာဏက မများလှပေမယ့် အမေရိကန်နိုင်ငံရဲ့ ဒဏ်ခတ်အရေးယူမှု နောက်ဆက်တွဲ အကျိုးဆက်တွေက ကမ္ဘာတဝန်း သက်ရောက်မှု ရှိနိုင်တယ် ဆိုတာကို ပြသလိုက်တာပါ။ ‘ဒက်ကာ’ အမေရိကန်သံရုံးကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကို တရားဝင် အကြောင်းကြားခဲ့ရာကနေ ဒီကိစ္စ ဖြစ်ပေါ်တိုးတက်ခဲ့တယ်လို့ ဆိုပါတယ်။
စင်ကာပူ UOB ဘဏ်က ဘဏ်လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်တာလောက် မထိခိုက်နိုင်သော်လည်း အခုလို နိုင်ငံတကာ ငွေကြေးစနစ်ထဲကနေ ကန့်သတ်ထိန်းချုပ်မှုတွေ ဆက်တိုက်ဖြစ်လာရင်တော့ စစ်ကောင်စီရဲ့ အသက်ရှူပေါက် ပိုကျဉ်းမြောင်းလာဖို့ပဲ ရှိပါတယ်။ အခုထိ အဆက်အဆံရှိသေးတဲ့ တခြား နိုင်ငံခြားဘဏ်လုပ်ငန်းတွေက ဒီနေ့ လုပ်ဆောင်နေပေမယ့်လည်း မနက်ဖြန် ဘယ်လိုဖြစ်မလဲ ဆိုတာ အာမခံချက် မရှိတော့ဘူးလို့ စစ်ကောင်စီဘက်က စိုးရိမ်နေမှာပါ။
တရားဝင် ကုန်သွယ်ရေးလုပ်ငန်းတွေအပေါ် အကျိုးသက်ရောက်နိုင်သလို တရားမဝင် ငွေပေးချေမှု၊ မတရားသဖြင့် ရှာဖွေထားတဲ့ ငွေကြေးစုဆောင်းမှုများအပေါ်လည်း ရိုက်ခတ်သွားပါလိမ့်မယ်။ ပြည်သူတွေရဲ့ တရားသဖြင့် ရှာဖွေစုဆောင်းထားတဲ့ ငွေကြေးများအပေါ် နည်းမျိုးစုံနဲ့ တန်ဖိုးလျော့နည်း အကျပ်အတည်းဖြစ်အောင်၊ ပြည်သူ တွေ စိတ်ဆင်းရဲရလေအောင် ပြုလုပ်တဲ့ စစ်ကောင်စီအနေနဲ့ ‘ကာလဝိပါက် နောက်ပိုးတက်’ဆိုတဲ့ စကားကို အခုအချိန်မှာ ကြားနိုင်စွမ်းမှ ရှိပါ့မလားလို့လည်း တွေးကြည့်ချင်စရာပါပဲ။
ပြည်တွင်း ပြည်ပ ကဏ္ဍစုံက အချိန်ကိုက် တရစ်ပြီးတရစ် တထစ်ပြီးတထစ် အကျပ်ရိုက်လာစေတဲ့ အချိန်မှာ တညီတညွတ်တည်း ဆက်ပြီး အားစိုက်တွန်းနိုင်ကြရင်တော့ ပြည်သူတွေ မျှော်လင့်တောင့်တနေတဲ့ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်က အမြစ်ဖြတ်နိုင်တဲ့နေ့ မဝေးတော့ဘူးလို့ပဲ ဆိုရပါလိမ့်မယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar