မမသီရိ - ရှစ်လေးလုံးသန္တာရတု အတွေးများ
ရှစ်လေးလုံးသန္တာရတု အတွေးများ
မမသီရိ
(မိုးမခ) ဩဂုတ် ၈၊ ၂၀၂၃
၈ ၈ ၂၃ မှာ ၃၅ နှစ်ရှိပြီဆိုတော့ ကိုယ်အသက်က ၅၅ ကျော်ခဲ့ပြီ။
လူထုခေါင်းဆောင်မြန်မာပြည်ပြန်ရောက်တာလဲ ၃၅ နှစ်ကျော်ခဲ့ပြီပေါ့.
ကြံ့ဖွတ် အဲလေ ကြံ့ဖွံ့အသင်းကြီး၊ အဲလေ ပါတီကြီးလဲ ၃၅ နှစ်သား ရှိခါနီးပေါ့ ။ အဲဒီနှစ်ဩဂုတ်နဲ့ အောက်တိုဘာ ကြားလောက်မွေးတဲ့ ကလေး အတော်များများရဲ့ nick name တွေက ဒီမို လို့ထည့်ခဲ့ကြပြီး အဲဒီ ဒီမိုကလေးတွေလဲ ခုဆို ၃၅ နှစ် လူလတ်ပိုင်း အမျိုးသမီး အမျိုးသား တွေ ဖြစ်ပြီပေါ့။
၃၅ နှစ်ထဲမှာ (မြန်မာပြည်ထဲမှာ) ဘာတွေပြောင်းလဲကုန်ကြပြီလဲ။
မြန်မာပြည်ပြည်သူအများစုက ဆင်းရဲမြဲ၊ မွဲတေမြဲ၊ လုံလောက်တဲ့ကျန်း မာရေးစောင့်ရှောက်မှုမရှိသေးမြဲ၊ အရည်အသွေးရှိပြီး အားလုံးလက်လှမ်း မီတဲ့ပညာရေးစံနစ်မရှိသေးမြဲ ဖြစ်ပြီး စစ်ပွဲတွေ ဆက်ရှိမြဲ၊ တိုင်ရင်းသားဒေသတွေမှာ လူတွေဒုက္ခရောက်မြဲ၊ သေကြေကြမြဲ၊ လူမျိုးကုန်သတ် ဖြတ်မှု နှိပ်ကွပ်မှုတွေပေါ်ပေါ်တင်တင်ကျူးလွန်လာခဲ့ကြတဲ့အပြင် ၂၀၂၁ ခုမှာတော့ မြန်မာ့သမိုင်းမှာ အဆိုးရွားဆုံးသော သေကြေပျက်စီးမှုဆုံရှုံးမှုတွေသာကြုံခဲ့ကြရပြီး၊ အဲဒါတွေနဲ့ ဆန့်ကျင်ဘက်အနေနဲ့ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ သားသမီးများ၊ နီးစပ်ရာအသိုင်းအဝိုင်းတွေကတော့ ဆွေစဥ်မျိုး ဆက်သုံးမကုန်သောပိုင်ဆိုင်မှုများရရှိသွားကာ မဟာတံတိုင်းကဲ့သို ခိုင်ခန့်သော အာဏာရှင်စံနစ်ကို စံနစ်တကျ တဆင့်ပြီးတဆင့် ခိုင်မာစွာတည် ဆောက်နိုင်ခဲ့ကြသလို ကြံ့ဖွံ့ပါတီကြီးဆိုလဲ နိုင်သာ မနိုင်တယ် အခြေမပျက်၊၊
၂၀၂၁ အဖြစ်အပျက်ကို ကျမတကိုယ်ရေသဘောအရ အာဏာသိမ်းတယ်လို့ မသုံးလိုပါ။ အာဏာ သိမ်းတာ မဟုတ်ပါ၊ သူတို့ရယူပြီးသား အာဏာနဲ့ လုပ်ပိုင်ခွင့်တွေကို အခြေအနေအကြောင်းကြောင်းကြောင့် ၅ နှစ်လောက် ရော့ ဒီနားခဏ နေကြည့်ပါလားလို့ပေးပြီး အခြေအနေသိပ်မဟန်တော့ နင်ဖယ် ငါတို့ခုံ ငါတို့ပြန်ထိုင်မယ်လို့ တံတောင်နဲ့တွက်ပြီး ကိုယ့်ခုံ ကိုယ်ပြန်ထိုင်တဲ့သဘောပါပဲ။ အဲလိုထိုင်လို့ရလားဆိုတော့ ရတာပေါ့၊ မရစရာ ဘာရှိလို့လဲ၊ ထိုင်ရုံတင်မက ဘုရားတည်ပြီး ခမ်းခမ်းနားနားအနေကဇာ တောင်တင်ပြီးပေါ့၊ ကျမအပေါ်မှာပြောခဲ့သလို စံနစ်တကျတည်ဆောက်ခဲ့တာကိုး၊ အာဏာရှင်ဆိုတာတယောက်တည်းမှ မဟုတ်တာ၊ သူ့ကို ကာ ကွယ်သူ၊ ပံ့ပိုးသူ၊ ထောက်ပံ့သူ၊ ထောက်ခံသူ၊ နာခံသူ၊ ယုံကြည်သူ၊ လက်ဝေခံအကျိုးခံစားသူ၊ ဖာသိဖာသာနေသာသလိုနေသူ ရာခိုင်နှုန်းက မနည်းဘူးဆိုတာ ကျမတို့သေချာနားလည်သဘာပေါက်ရမှာပါ၊ အဲဒီလူတန်းစားတွေများနေတဲ့အခါ အာဏာရှင်တွေ ကမ္ဘာမှာ သက်တမ်းရှည်ကြတာပါ၊
မြန်မာပြည်မှာဆို အဲလိုလူတွေ ဘယ်မှာရှိလဲအခြား ရှည်ရှည်ဝေးဝေးတွေ မတွေးနဲ့ ရန်ကုန် မန္တလေးလို ရခိုင်လို ရှမ်းလိုနေရာတွေမှာ စာသောက်ဆိုင်၊ ဘီယာဆိုင်၊ ကာရာအိုခေဆိုင်၊ ယောဂနဲ့ fitness classes တွေမှာ၊ အပန်းဖြေစခန်းတွေမှာရှိနေတဲ့လူတွေကိုကြည့်၊ အဲဒီလူတွေ အကုန်လုံး က အာဏာရှင်ကိုထောက်ခံနေကြတယ်လို့မဆိုလိုပါ၊ ဒါပေမဲ့ အာဏာရှင်တွေအတွက်ကတော့ ဒီလူတွေကိုကြည့်ပြီး ငါတို့လုပ်တာမမှားဘူးလို့ ထင်နေကြတာပါ၊ ဒီထက်ပိုဆိုးတာက တော်လှန်ရေးနိုင်မယ်ထင်ပြီး မှေးကပ်နေတဲ့သူ၊ ဟိုဖက်ဒီဖက်နှစ်ဖက်ခွထိုင်သူ၊ တော်လှန်နေတယ်လို့ ပြောပြီး တော်လှန်ရေးအနှစ်သာရက ဘာလဲလို့သေချာမသိသူတွေရဲ့ အန္တရာယ်က ပိုကြီးပါတယ်၊
ဆိုတော့ ကျမတို့ ဘာဆက်လုပ်ကြမှာလဲ၊
ကျမ တို့ပြည်သူတွေသာ ဆင်းရဲမြဲ ကျမတို့နိုင်ငံက သာ မတိုးတက်မြဲ ပေမဲ့ ဒီ ၃၅ နှစ်ထဲမှာ ကမ္ဘာ ကြီးဟာ အလွန့်အလွန်ပြောင်းလဲခဲ့ပြီး ဖြစ်ပါတယ်၊ ကျမတို့သာနောက်ကျန်နေပေမဲ့ ကမ္ဘာနဲ့အဝှန်းနည်းပညာ အပြောင်း အလဲဟာ ကြောက်ခမန်းလိလိပါပဲ၊
ဒါကို မျက်ခြေမပြတ်သင့်သလို၊ တော်လှန်ရေး အကြောင်းပြုကာ၊ မြှောက်လုံး ပင့်လုံးတွေနဲ့ သတင်းမှားတွေနဲ့ ယုံကြည်သူ ပြည်သူလူထုကို မြှောက်ပေးရင်း မိမိတို့ ကိုယ်ပိုင်ဘဝတွေကို ခိုင်မာသထက်ခိုင်မာအောင် တည် ဆောက်နေတဲ့ အတွင်းရန်တွေကို သေချာသိမြင်ကြပါစေလို့ ရှစ်လေးလုံးသန္တာရတုမှာ ဆန္ဒပြုလိုက်ရပါတယ်။
အနက်ရောင်တွေ ထပ်မဝတ်ချင်တော့ပါ။
ကမ္ဘာမကျေဘူး သီချင်းကို ဆက်ဆိုဖို့လဲ ဝန်လေးလှပါပြီ။
မမသီရိ
8.8.2023
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar