Breaking News

မြဝတီ-ကော့ကရိတ်လမ်း အာရှလမ်း မြေပြိုပြီး ပြတ်တောက်၊ မြန်မာနိုင်ငံဒေသအချို့ရေကြီး၊ ၃၅ နှစ်ပြည့် ၈၈ အရေးတော်ပုံရဲ့ ခြင်္သေ့လည်ပြန်


မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၇ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၈၊ ၂၀၂၃


မြဝတီ-ကော့ကရိတ်လမ်း အာရှလမ်း မြေပြိုပြီး ပြတ်တောက်၊ မြန်မာနိုင်ငံဒေသအချို့ရေကြီး၊ ၃၅ နှစ်ပြည့် ၈၈ အရေးတော်ပုံရဲ့ ခြင်္သေ့လည်ပြန်

မြန်မာနိုင်ငံမှာ မုတ်သုံမိုးရာသီရဲ့ ရက်ဆက်မိုးရွာသွန်းမှုတွေကြောင့် မြို့အချို့မှာ ရေကြီးနေသလို ဘီးလင်းမြစ်၊ သောင်ရင်းမြစ်၊ သံလွင်မြစ်ရေတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။ ခုသီတင်းပတ်တွေမှာ ရက်ဆက်မိုးရွာသွန်းရာက သြဂုတ်လ ၇ ရက်နေ့မှာ  ထိုင်း-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းလမ်းမကြီး ဖြစ်တဲ့ ကော့ကရိတ်-မြဝတီ လမ်းပိုင်းအာရှလမ်းရဲ့ အစိတ်အပိုင်းတခု တောင်ခါးပန်း ပတ်လမ်းပိုင်း မြေပြိုကျကာ ပြတ်တောက်သွားခဲ့ပါတယ်။ ပေ ၁၀၀ လောက်အရှည်ရှိတဲ့ လမ်းပိုင်း ပြတ်ကျသွားတာကြောင့် မြဝတီ-ကော့ကရိတ် လမ်းမကြီး သုံးလို့မရအောင် ပြတ်တောက်သွားခဲ့ပါတယ်။ 

ထိုင်း-မြန်မာ ကုန်သွယ်ရေးမှာ အဓိကကျတဲ့ အာရှလမ်းပိုင်းဟာ မကြာသေးခင်ကာလတွေမှာလည်း တိုက်ပွဲဖြစ်ပွားမှုတွေနဲ့ လက်နက်ကိုင် အဖွဲ့တွေက သီတင်းပတ်အတန်ကြာ ပိတ်ထားခဲ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။ အဲဒီကာလတွေတုန်းက ထို့ကိုကိုးကတဆင့် သွားလာခဲ့ကြတာ ဖြစ်ပေမယ့် အခုမိုးရာသီမှာ ထို့ကိုကိုးလမ်းပိုင်းက ရွံ့ဗွက်တွေနဲ့ သွားလာဖို့ ခက်ခဲနေတဲ့ အနေအထားမျိုးလို့ သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။ 

ယခု မြေပြိုမှုဖြစ်ပွားတဲ့ နေရာဟာ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိတဲ့ တောနော်ရေတံခွန် အနီးက လမ်းပိုင်းလည်း ဖြစ်ပါတယ်။ ထိုင်းမြန်မာ နယ်စပ်ကုန်သွယ်ရေးက ခရီးသွားလာရေးရော ထိုင်းကို တင်ပို့မယ့် ကုန်စည်တွေ ထိုင်းက တင်သွင်းမယ့်ကုန်စည်တွေကို နှောင့်နှေးစေမှာ ဖြစ်ပြီး စီးပွားရေးကဏ္ဍကို အနည်းနဲ့အများ အကျိုးသက်ရောက်မှုရှိမှာ အမှန်ပဲဖြစ်ပါတယ်။ 

ထိုင်း-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းရဲ့ လမ်းပိုင်းက နေရာပြတ်တောက်နေချိန်မှာပဲ မွန်၊ ကရင် နဲ့ ရခိုင်ပြည်နယ်တွေမှာ ရေကြီးတဲ့ဒဏ်ကို ခံစားနေကြရပါတယ်။ မွန်ပြည်နယ် ဘီးလင်းမြို့၊ ကရင်ပြည်နယ်၊ မြဝတီနဲ့ ဖားအံမြို့၊ ရခိုင်ပြည်နယ် မင်းပြား၊ ကျောက်တော်၊ မြောက်ဦး အစရှိတဲ့ မြို့နယ်တွေမှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးနေတာဖြစ်ပြီး လက်နက်ကိုင် ပဋိပက္ခနဲ့ မိုခါမုန်တိုင်း စတာတွေကြောင့် ဒုက္ခသည်စခန်းတွေ မှာနေထိုင်နေကြရသူတွေလည်း ရေကြီးတဲ့ ဒဏ်ကို ခံစားနေကြရတာ ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ် ဒဏ်နဲ့ လက်နက်ကိုင် တိုက်ပွဲရဲ့ ဒဏ်ကို တပြိုင်နက်ထဲ ခံစားနေကြရတာ ဖြစ်ပြီး သဘာဝဘေးအန္တရာယ် ဒဏ်ခံစားရသူတွေကို အကူအညီပေးရေးအပိုင်းမှာ နိုင်ငံရေး ပြဿနာ၊ အုပ်ချုပ်မှုပိုင်း အားနည်းခြင်းနဲ့ လူမှုအသိုင်းအဝိုင်းအနေနဲ့လည်း အချင်းချင်းကူညီဖေးမမှု အပိုင်းမှာ အားနည်းမှုတွေရှိနေတဲ့ ကာလတွေဖြစ်တာကြောင့် ဒီဒေသက သူတွေအဖို့ အခုလို အခြေအနေကို ပိုပြီးခက်ခဲစွာ ရင်ဆိုင်ဖြတ်ကျော်နေကြရတဲ့ အခြေအနေမျိုးလည်း ဖြစ်ပါတယ်။ 

မနက်ဖြန် ကျရောက်မယ့် သြဂုတ်လ ၈ ရက်ဟာ ၈၈ အရေးတော်ပုံ ၃၅ နှစ်ပြည့်မြောက်တဲ့ နေ့ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှာ ၈ ရက်၊ ၈ လ၊ ၈၈ ခုနှစ်ကို ထူးခြားတဲ့ မှတ်သားရလွယ်ကူတဲ့နေ့ရက် အနေနဲ့ လူထုလှုပ်ရှားမှုကို နှိုးဆော်ခဲ့ရာက တလခွဲကြာ ဆန္ဒပြမှုတွေ၊ ပစ်ခတ်နှိမ်နှင်းဖြိုခွဲမှု၊ သတ်ဖြတ်မှု၊ ဖမ်းဆီးမှုနဲ့ တလကျော်ကြာ အုပ်ချုပ်ရေး ရပ်ဆိုင်းခဲ့ရပါတယ်။ အဲသည်မှာ စစ်တပ်က လက်နက်နဲ့ အာဏာသိမ်းဖြိုခွဲမှုတွေ ဖြစ်ပွားခဲ့တဲ့ ၈၈ အရေးတော်ပုံဟာ တပါတီအာဏာရှင်စနစ်ရဲ့ နိဂုံးအဆုံးသတ်ခဲ့ပေမယ့် နိုင်ငံရေးမှာ စစ်တပ်က ပါဝင်စွက်ဖက်မှုကိုတော့ အဆုံးမသတ်နိုင်ခဲ့ကြတဲ့ သဘောလည်း ဖြစ်ပါတယ်။ ၈၈ အရေးတော်ပုံက ဒီမိုကရေစီရေး ပါတီစုံ ရွေးကောက်ပွဲ၊ လူ့အခွင့်အရေး စတဲ့ ကြွေးကြော်သံတွေက အဓိက ကြွေးကြော်သံတွေ နဲ့ ဦးတည်ချက်တွေ ဖြစ်ပြီး အဲဒီအရေးတော်ပုံ ဖြစ်ပွားအပြီး ကျောင်းသားတပ်မတော် ဆိုတဲ့ လက်နက်ကိုင် လှုပ်ရှားမှု၊ အန်အယ်လ်ဒီပါတီဆိုတဲ့ မြေပေါ် နိုင်ငံရေးပါတီ လှုပ်ရှားမှု၊ တိုင်းရင်းသား ပါတီတွေပေါ်ထွက်လာခဲ့ပြီး ဆယ်စုနှစ် ၂ ခုကျော်ကြာ စစ်အစိုးရကနေ အရပ်သား အစိုးရအုပ်ချုပ်တဲ့ စနစ်ဖြစ်ဖို့ သို့မဟုတ် စစ်တပ်ကို နိုင်ငံရေးက ဖယ်ရှားဖို့ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။ 

၈၈ အရေးတော်ပုံက အောင်မြင်တဲ့ အရေးတော်ပုံ တရပ် ဟုတ်မဟုတ် ဆိုရာမှာ သဘောထား သုံးသပ်မှု ကွဲလွဲမှုတွေ ရှိနိုင်ပါတယ်။ မဆလ တပါတီ အာဏာရှင်စနစ်ကနေ ပါတီစုံ စနစ်ကို အသွင်ပြောင်းလဲ နိုင်ခဲ့ပေမယ့် ရွေးကောက်ပွဲ တကြိမ်ပေါ်လာပြီး နောက်တကြိမ်ရွေးကောက်ပွဲက နှစ် ၂၀ ကြာမှ ထပ်မံကျင်းပခဲ့တာ ဖြစ်ပါတယ်။ ပထမအကြိမ်ရွေးကောက်ပွဲ ရလဒ်ကို အာဏာရယူ အုပ်ချုပ်ဖို့ထက် အခြေခံဥပဒေ ဆွဲဖို့၊ အမျိုးသားညီလာခံကိုယ်စားပြု တက်ရောက်နိုင်ဖို့သာ ဖြစ်တယ်ဆိုတဲ့ နိုင်ငံရေး အရ အချိန်ဆွဲ အင်အားစုတွေကို ဖမ်းဆီးထောင်ချခဲ့ပြီး မျှော်လင့်မထားတဲ့ ဆယ်စုနှစ်ချီ နိုင်ငံရေး အကြပ်အတည်းကာလတွေသာ ဖြတ်သန်းခဲ့ရတာလည်း ဖြစ်ပါတယ်။ 

လက်နက်ကိုင် တော်လှန်ရေး တရပ်၊ စင်ပြိုင်အစိုးရ တရပ်ကိုလည်း တည်ထောင်လှုပ်ရှားခဲ့ကြပြီး မြေပေါ်မှာလည်း အင်အားကောင်းတဲ့ အတိုက်အခံ ပါတီတရပ်ကို ဖွဲ့စည်းနိုင်ခဲ့ပေမယ့် မြေပေါ် လှုပ်ရှားမှုတွေက ဖမ်းဆီးမှု၊ နှစ်ရှည်ထောင်ဒဏ်၊ ထိပ်ပိုင်းခေါင်းဆောင်ကို နေအိမ်အကျယ်ချုပ် ချခြင်းတွေနဲ့ ပန်းတိုင်ကို ရောက်ဖို့ အလှမ်းဝေးခဲ့ရတာ လည်း ဖြစ်ပါတယ်။ 

နောက်ဆုံး စစ်အစိုးရက ၄င်းတို့ဘာသာ အသွင်ပြောင်းတဲ့ စစ်ဗိုလ်ချုပ်တွေ အရပ်ဝတ်လဲပြီး အုပ်ချုပ်တဲ့ အရပ်သားအစိုးရ အဖြစ် ၂၀၁၀ နှစ်ကုန်မှာ ပြင်ဆင်ခဲ့ပြီး ၂၀၁၅ ခုနှစ်အထိ အာဏာရကာလအတွင်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆိုတဲ့ လမ်းကြောင်းလို့ဆိုတဲ့ လမ်းပေါ်လျှောက်လှမ်းခဲ့ကြတာ ဖြစ်ပါတယ်။ သို့ပေမဲ့ အများသိကြတဲ့အတိုင်း အဲဒီလမ်းကြောင်းဟာ ၂၀၂၀ အကုန် ၂၀၂၁ ခုနှစ်ဆန်းမှာ ၈၈ ခုနှစ် အာဏာသိမ်းပြီးခါစ အခြေအနေကို သုည ဆက်တင်နှိပ်လိုက်သလို ပြန်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။ 

အခု ၂၀၂၁ နောက်ပိုင်း အနေအထားနဲ့ ၁၉၈၈ နောက်ပိုင်းအနေအထားကတော့ သမိုင်းတကျော့ပြန်လည်တာလို့ ဆိုနိုင်ပေမယ့်လည်း ၈၈ ခုနှစ်နောက်ပိုင်း ဖြစ်ရပ်တွေ ဖြစ်စဥ်တွေ လမ်းကြောင်းတွေအတိုင်းတော့ ပြန်ဖြစ်မယ်လို့ မျှော်လင့်လို့မရတော့တဲ့ အနေအထားဖြစ်နေခဲ့ပြီလို့ ဆိုရမှာ ဖြစ်ပါတော့တယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar