Breaking News

ကုလ၊ ရာသီပြောင်း နဲ့ အမေရိကန်ပြည်တွင်းရေး သောင်းပြောင်းထွေလာ


ကုလ၊ ရာသီပြောင်း နဲ့ အမေရိကန်ပြည်တွင်းရေး သောင်းပြောင်းထွေလာ

အင်တာနက်သာဂိ၊ မိုးမခ၊ စက်တင်ဘာ ၂၀၊ ၂၀၂၃


စက်တင်ဘာ ၁၉ တုန်းက ကုလအထွေထွေညီလာခံကို အမေရိကန်သမ္မတ ဘိုင်ဒင် တက် မိန့်ခွန်းပြောပါတယ်။

ယူကရိန်းအရေးဟာ အားလုံးအရေးဖြစ်တယ်။ အစွမ်းကုန် ထောက်ခံကူညီမယ်။ အားလုံးက ဘေးမထိုင်ကြနဲ့။ ရုရှားကို မျက်နှာသွားမလုပ်နဲ့လို့ ပြင်းပြင်းထန်ထန် ပြောသွားပါတယ်။

နောက်တချက် သူပြောတာကတော့ - Climate Change ကမ္ဘာကြီးမှာ ဥတုရာသီကပြောင်းကပြန် ဖြစ်ချိန်ဆိုက်နေပြီ။ ဥတုရာသီ ဖောက်ပြန်နေပြီလို့ ဗမာလို တိုတို ပြောရပါမယ်။

အားလုံးက တွင်းထွက်စွမ်းအင်တွေ အရမ်းမသုံးကြဖို့၊ လျော့ချဖို့၊ စွမ်းအင်ကို နေ ရေ လေ တို့ကနေ ပြန်လည်ဖြည့်ဆည်းနိုင်တဲ့ စွမ်းအင် renewable energy သုံးကြ၊ ဘက္ထရီလိုမျိုး အားပြန်ဖြည့်လို့ရတာတွေ ပြောင်းသုံးကြဖို့ စသည်ဖြင့် ပြောသွားပါတယ်။

အမေရိကန်သမ္မတက ဒေါ်အောင်ဆန်းစုကြည် အသက်လောက် ဖြစ်နေတာကို အမေရိကန်တွေက သမ္မတကြီး အိုမင်းမစွမ်းဖြစ်နေပြီဆိုပြီး ရှက်နေကြ၊ မခိုးမခန့် လုပ်နေကြပါတယ်။ မြန်မာပြည်စစ်တပ်ကတော့ အသက် ၇၈ နှစ်အရွယ် အတိုင်ပင်ခံပုဂ္ဂိုလ် အမျိုးသမီးကြီး အစွမ်းကို ကြောက်လွန်းလို့ အာဏာမလွှဲ၊ ထောင်ချ ဖမ်းဆီးထားပါတယ်။ သမ္မတအိုကြီးဘိုင်ဒင်က ရွေးကောက်ပွဲ ဝင်ပြိုင်ဦးမှာပါ။ သူ့ပြိုင်ဘက် ရီပတ်ဘလစ်ကန်တွေကတော့ အရင်သူတို့သမ္မတထရန့်ကြီးကို အရေးယူဖို့ ဒီမိုကရက်တွေ ကြိုးစားသလိုမျိုး ဘိုင်ဒင်ကိုလည်း အလားတူ လက်တုံ့ံ့န်အရေးယူဖို့ အောက်လွှတ်တော်မှာ ကြိုးပမ်းနေကြပြန်ပါတယ်။

အမေရိကန်ပြည်တွင်းရေးက မျက်စိနောက်စရာ ကောင်းပါတယ်။ ပြည်ထောင်စုကြီးအတွက် ဘတ်ဂျက်က ခုထိ မပြတ်သေးဘူး၊ အရေးပေါ်ကြားဖြတ် ဘတ်ဂျက်တိုတွေနဲ့ အသက်ဆက်နေတာပါ။ လူတွေက ဆင်းရဲ ချမ်းသာ ကွာဟလွန်းတော့ သပိတ်မှောက်ပြီး လုပ်ခလစာတိုးဖို့ တိုက်ပွဲဝင်နေကြပါတယ်။ ပုံမှန်မဟုတ်တဲ့ မုန်တိုင်းတွေကို ရင်ဆိုင်နေရပြီး ပူပြင်းလွန်းလို့ တောမီးတွေလဲ လောင်ပါတယ်။ လူမျိုးရေး ဘာသာရေး အသားအရောင် အယူအဆရေးမှာ အမုန်းတွေ အစွန်းတွေလည်း ပြင်းထန်ကြပါတယ်။ ဒါဆို စိတ်ညစ်စရာကြီးလား။

သည်လိုတော့ ကောက်ချက်ချလို့မရဘူး။ အမေရိကန် ဆိုတာ စိန်တဆင်စာ ဝတ်ထားတဲ့ သူကြွယ်မကြီးက ငါ့စိန်ကြီးက မျက်စိကျိန်းလိုက်တာ စိတ်များတောင် ညစ်ပါရဲ့လို့ ကိုယ့်ခြေဖျားကိုတောင် မမီတဲ့ သူဆင်းရဲတွေကို ကြည့်ပြီး လှမ်းညည်းနေတဲ့ သဘောပါ။ ကျန်တဲ့ တိုင်းပြည်တွေ ကပ်ဆိုက်နေတာက သူ့ထက် ပိုဆိုးတာပေါ့။ 

မြန်မာပြည်ကနေ အမေရိကန်ကြီး သနားပါတယ်လို့ ဘယ်သူက ပြောမှာတုံး။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar