လင်းလက်နွေဦး - ခေတ်မီသူများ
ခေတ်မီသူများ
လင်းလက်နွေဦး
(မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၂၃
ကျနော့်အတွက်တော့ နေအရောင်က တောက်ပလွန်းနေတယ်။ သစ်ပင်ပန်းပင်တို့ကတော့ ပူတောက် တောက် နေအရောင်ထဲတွင် ကခုန်မြူးတူးနေဟန်။ ကိုယ့်အတွက် အသုံးမဝင်လို့ ‘အလကားကောင်’လို့ ဆဲဆိုမိသူမှာ နောင်တ ရင်ဝယ်ပိုက်လို့။ နေထိုင်မကောင်းလို့ အိမ်မှာ အနားယူရတဲ့ ဒီလိုနေ့မျိုးမှာ ‘နှုတ်ကြောင့် သေ’ဆိုစကားကိုသာ ဆင်ခြင်သုံးသပ်ရမလား။ စိတ်ဓာတ်ပုပုကြောင့် ပြုသမျှ နုနေရတဲ့ တိုင်းပြည်တခုအကြောင်းပဲ စဉ်းစားရလေမလား။ ကျနော် မဝေခွဲတတ်။
အနောက်ကောင်းကင်တွင် တိမ်မည်းတွေ တသုတ်ပြီး တသုတ်၊ နေမင်းကို ဖုံးအုပ်ပစ်ဖို့ ကြိုးစားနေ တယ်။ မနက်က တိမ်ကျဲကျဲနဲ့ အာကာတခွင်လုံး ဖုံးထားနိုင်ပေမယ့်၊ ခု ညနေပိုင်းမှာတော့ ဟိုတစ်စု ဒီတစ်စုနဲ့ သာ။ အချင်းချင်း အားပြုနေရရှာပေါ့။ Solar System နေအဖွဲ့အစည်း ဆိုတာကြီးမှာ ခွန်အားကြီးတဲ့ နေ၊ အို တဲ့ရုပ် နာတဲ့ရုပ် သေတဲ့ရုပ်တွေ မြန်မြန်ဖြစ်ပေါ်စေတဲ့ နေ... ကမ္ဘာပျက်မယ့်အချိန် ‘နေ’ခုနှစ်စင်း ထွက်မယ် တဲ့... အဟောင်းကမ္ဘာကို မီးလောင်တိုက်သွင်းပစ်မယ့် နေ...။ ဟော ပြောရင်းဆိုရင်း အနောက်တခွင်မှာ တိမ်တွေအချင်းချင်းဆက်ထားတဲ့ တိမ်ပင် လယ်ကြီးထဲမှာ နေကို နစ်မြှုပ်ပစ်လိုက်ကြပေါ့။ ရောင်ခြည်တစ်ထောင် ခမျာ ဟိုကြားက ထွက် ဒီကြားက ထွက်နဲ့ အတော်ရုန်းကန်နေဟန် ရှိတယ်။ ကျနော် လှမ်းကြည့်လိုက်တယ်၊ မကြာပါဘူး၊ ဒီအတိုင်းဆို မကြာပါဘူး။ တောင်စွယ် နေကွယ်ချိန် မရောက်ခင်မှာပဲ နေမင်းအင်ပါယာကြီး ပျောက်ကွယ်ရတော့မယ်။
‘နေမဝင် အင်ပါယာ’ဆိုတာ သမိုင်းထဲ ကျန်ရစ်ခဲ့ပေါ့။ ဗြိတိသျှတို့ ဂျပန်တို့ မော်မဆုံး ပျော်မဆုံး ပြောမဆုံး မောမဆုံး စကားလုံးလေးတစ်လုံး။ ဒီနိုင်ငံတွေအကြောင်း ပြောမိတော့ ‘ချစ်ချောနဲ့ ပွမ်ပွမ်’ ဦးသိန်းစိန် လက် ထက်တုံးက ထင်ပါရဲ့၊ ပြက်ခဲ့ကြတဲ့ ပြက်လုံးလေး ပြန်တွေးမိလာတယ်။ နှစ်ယောက်သား တစ်ယောက် တစ်လှည့် ဘုရင်လုပ်ရင်း အမတ်ဖြစ်သူက မေးခွန်းတွေ ထုတ်ကြပါတယ်။
‘အမေရိကန်နိုင်ငံက သူ့တိုင်းပြည်ကို ဘာဝါဒနဲ့ အုပ်ချုပ်တာလဲ... အရင်းရှင်ဝါဒနဲ့ပါ ဘုရား’ ‘ဆိုဗီယက်က ဘာဝါဒနဲ့ အုပ်ချုပ်တာလဲ... ဆိုရှယ်လစ်ဝါဒနဲ့ပါ ဘုရား’
‘တရုတ်ကကောကွာ ဘာဝါဒနဲ့ အုပ်ချုပ်သလဲ... ကွန်မြူနစ်ဝါဒနဲ့ပါ ဘုရား’
‘အဲဒါဆိုကွာ တို့တိုင်းပြည်ကကော ဘာဝါဒနဲ့ အုပ်ချုပ်နေတာလဲဟ... မုသာဝါဒနဲ့ပါ ဘုရား’ တဲ့လေ။
သူတို့ပြောမှ စဉ်းစားကြည့်မိတယ်၊ ခုခေတ်လူငယ်တွေ ပြောပြောနေတဲ့ ‘ဂျင်းထည့်ခံရတယ်’ဆိုတာ မုသာဝါဒပဲ မဟုတ်လား။ ဟိုအရင် ဘိုးဘေဘီဘင်တွေ လက်ထက်ကတည်းက ကျနော်တို့ သားသမီးတွေ လက်ထက်ထိ မရိုးနိုင်တဲ့ အလိမ်အညာတွေ။ ကျနော်တို့ မသိခဲ့ကြဘူးနော်။ ဝန်ရိုးဆီ မထိုးနိုင်လို့ တကျီကျီ အော်နေတဲ့ လှည်းအိုလေးပေါ်ကနေ ‘မောင်ဗမာ စက်ဘီး’လေးပေါ် ရောက်ခဲ့ရတော့ ‘အော်... မဆိုးဘူးဟ’ လို့ ပျော်ကြ။ နေရှင်နယ်ရေဒီယိုအိုလေး တခြစ်ခြစ် ဖွင့်နားထောင်ရာကနေ ‘တီဗွီ အဖြူအမည်းလေး’ တိုးဝှေ့ ကြည့်လာရတော့ ‘ဟုတ်သဟေ’လို့ ပျော်ရ။ နယ်လှည့်ဆက်ဆံရေးကနေ ‘ပိတ်ကားထောင်ကြီး’ ပြတော့လည်း ကျေးဇူး တင်ရ။ အောင်မယ်... မျက်လှည့်တွေ စတိတ်ရှိုးတွေ ပါသေးသဟ။ ‘သမဆိုင်မှာ ဆန်ဝယ် ဆီဝယ်’ ဆိုတဲ့ ဂုဏ်ပြုသီချင်းလေးတောင် ညည်းကြသေးတယ် မဟုတ်လား။ ဘာတဲ့၊ ဆင်ချေးတုံးဆပ်ပြာ ဝယ်ချင်ရင် ဆွေးနေတဲ့ အပ်ချည်လုံးတစ်လုံးပါ တွဲဝယ်ခဲ့ရတယ် ဟုတ်လား။ ကောင်းပေ့ ညွန့်ပေ့ ပေါ်ပလင် နိုင်လွန် ပိတ်စတွေက မြင်တောင် မမြင်လိုက်ရဘူးတဲ့။ ငစိန်ဆန်ဆိုတာ နိုင်ငံခြား အိတ်စပို့ကုန်၊ မီးတုံးဆိုတာ ဗမာ့ အမျိုးသားဆန်။ နိုင်ငံခြားငွေရမှ အဆင့်မြင့် စက်ပစ္စည်းတွေ၊ ခေတ်မီထုတ်ကုန်တွေ သွင်းလာနိုင်မှာပေါ့တဲ့။
အဲကနေ ‘မောင်ရင်လာ တံခါးပိတ် ဂျိတ်’ လုပ်လိုက်တာ၊ အညာသူ အညာ သားတွေ မော်လမြိုင် ခဏ ခဏသွားရတော့တာပဲ။ ပါတိတ်ထမိန်တွေ သုံးလေးကွင်း ထပ်ဝတ်တတ်လာကြတယ်လေ။ အညာဖျင်ထမိန် တွေ ဝတ်နေကြဆိုတော့ ပါတိတ်ထမိန်လေးတွေက ပါးနေပေါ့နေကြလို့ ထင်ပါရဲ့။ မှောင်ခိုလမ်းတွေ မှိုလို ပေါက်၊ မှောင်ခိုပစ္စည်းတွေဟာ နည်းအမျိုးမျိုးနဲ့ ရောက်လာပါတော့တယ်။ အထက်လူကြီးမင်းတွေက အစစ အရာရာ ဗုန်းပေါလအော ပေါတော့၊ ရှားပါးတဲ့ဒဏ်ကို မခံရတော့၊ တနိုင်တပိုင် ကုန်သည်လေးတွေကို ဖမ်းခိုင်း ဆီးခိုင်း။ ရှက်တာလည်း ပါမယ်ထင်တယ်၊ ‘ငါ တံခါးပိတ်ထားတာကို ဒီကောင်တွေက မလွယ်ပေါက်ကနေ ဝင်နေထွက်နေကြတယ်’ ပေါ့လေ။ ကျနော်တို့ သနားခဲ့ဖူးတဲ့ မြောက်ကိုရီးယားတွေလိုပဲ ကျနော်တို့ ဘိုးဘွား မိဘတွေ ခံစားခဲ့ရပါတယ်။
ဟုတ် မဟုတ်တော့ မသိဘူး၊ အဘတစ်ယောက်က ပြောဖူးတယ်။ သူကတော့ အင်္ဂလိပ်ခေတ်ကိုပဲ သဘောကျသတဲ့။ ‘ဒီကောင်ကြီးတွေက သိပ်စည်းကမ်းကြီးတာ’တဲ့၊ ရွာထဲ အင်္ဂလိပ်စစ်သားတွေ စခန်းချဖူး သတဲ့။ ‘သူတို့စားစရာကိုပဲ ဇွန်းနဲ့ ခရင်းနဲ့ ကျကျနန စားတာ၊ ဘယ်သူ့မှလည်း ရန်မလုပ်ဘူး၊ အဘတို့က ကလေးတွေဆိုတော့ စပ်စုကြတာပေါ့၊ ချောကလက်လား ချိုချဉ်လားတောင် ပေးသွားသေးတယ်’ တဲ့။ အော် အဘ အဘ ချော ကလက်လား ချိုချဉ်လားတောင် မသိတဲ့ ဒီအဘ။ ဂျပန်တွေကျတော့ အနေအထိုင် အစား အသောက် အကုန်ပက်စက်တာ၊ ရောက်လာရင် မီးဖို၊ ဒယ်အိုးကြီး တင်၊ တွေ့သမျှအကုန် ပစ်ထည့်ပြီး ဂူးဂူး ဂါးဂါးနဲ့ စားကြတော့တာပဲ။ ခုခေတ်လိုဆို၊ ဟော့ပေါ့လို့ ခေါ်မယ် ထင်တယ်။ ဟင်းသီးဟင်းရွက် အသားငါး တွေ တင်မကဘူး ဆန်တွေရော အကုန်ထည့်ချက်ပစ်တာတဲ့လေ။ အဲတော့ ကလေး မပြောနဲ့ လူကြီးတွေ တောင် အနားကပ်ရဲမယ် မထင်ဘူး။
ကျနော်တို့ ရှင်ကြီးဝမ်းလည်း ဝင်ခဲ့ပြီ၊ ရှင်ငယ်ဝမ်းလည်း ဝင်ခဲ့ပြီ။ သေချာတာတော့ သူများဝမ်းတွေ ထဲပဲ ဝင်လိုက်ဟာ ထွက်လိုက်ဟာနဲ့ပေါ့ဗျာ။ ‘စစ်တပ်’ရဲ့ ကျေးဇူးနဲ့ တရားသံဝေဂရတဲ့သူ တရားပေါက်တဲ့သူ တွေ ရှိသလို၊ နီဝါတင့်တဲ့ သူများခြံကို ခုန်နိုင်တဲ့သူတွေ ခြံခုန်သွားကြ။ ရိုးသလိုလို အသလိုလိုကောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ရွှေမြန်မာတွေသာ ကျန်ရစ်ခဲ့ပေါ့။ တချို့ကတော့ အသားအတိုအစလေးနဲ့၊ တချို့ကတော့ အရိုး အရင်းလေးနဲ့ပေါ့။ အများစုကတော့ ငပိမီးကင်လေးနဲ့ပေါ့ ဟုတ်လား။ ဘာလဲ ‘နှမ်းဖက်ချဉ် ပါသေးတယ်’ လို့ ပြောမလို့လား။
တနေ့က ကျနော့်အမျိုးသမီးက ရှင်းပြလာတယ်၊ ဝက်နံရိုးက ဆိတ်ရိုးထပ် ပိုကောင်းတယ်တဲ့။ ဆိတ်ရိုးက အရိုးချည်းပဲ၊ ကပ်နေတဲ့ အသားကို ခွာပြီး အသားအတိုအစဆိုပြီး ဈေးတက်ရောင်းသတဲ့။ ဝက်နံရိုး မှာတော့ အသားမခွာတော့ဘဲ ဒီအတိုင်းရောင်းတော့၊ ချက်စားသူ သကောင့်သားခမျာ အသားဓာတ်လေး ရနိုင်တာပေါ့ဗျာ။ ပရိုတိန်း အသားဓာတ်လည်းရ ၊ အရိုး ရိုးတွင်းချဉ်ဆီဓာတ်တွေလည်း ရ၊ ဟော ကျနော်တို့ ဘယ်လောက်ကံကောင်းလိုက်သလဲ။ စားပွဲကြီးပေါ်၊ အသားတုံးကြီး တင်၊ ဓားတွေ ခရင်းတွေနဲ့ စားရမှာ မနှစ်မြို့ပါဘူး။ သတ္တဝါလေးတွေ သနားစရာပါနော်။ မင်းတုန်းမင်း ဆွမ်းကပ်တာတောင် အစားပျက်သွားတဲ့ ဟိုဆရာတော်ကြီး ပြေးမြင်မိတယ်။ ဟေ့လူတွေ ရေမြှုပ်ဗုံး မလုပ်တတ်သေးဘူးလား။ သစ်ကိုင်းမှာ ကပ်တဲ့ လခြမ်းဗုံးတော့ လုပ်တတ်နေပြီနော်။
မနက်ကတော့ ကျနော်တို့မိသားစု ခေတ်မီသွားပြီ။ ခေတ်မီတယ်ဆိုလို့ လျှပ်စစ်ကားကြီး ဝယ်စီး နိုင်တာ၊ အိုင်ဖုန်း ၁၅ ဝယ်ကိုင်နိုင်တာလို့ မထင်နဲ့နော်။ အများတကာ တုပ်ကွေး ကွေးလို့ ကိုယ်ကွေးရပြီဆိုရင် ‘ခေတ်မီပြီ’၊ အများတကာ ဒစ်စကိုမျက်စိကျိန်းလို့ ကိုယ်ကျိန်းပြီဆိုရင် ‘တို့လည်း ခေတ်မီပြီဟေ့’လို့ ပြောကြပါ တယ်။ ရွှေနိုင်ငံတော်ကြီးမှာပေါ့။ မနက်က စားအုန်းဆီ တစ်ပိဿာကို ၆၅၀၀ ကျပ်နဲ့ တိုးကာဝှေ့ကာ အောင်မြင်စွာ ဝယ် ယူနိုင်ခဲ့ပြီမို့ ‘ခေတ်မီပြီ’ လို့ ကြွားလိုက်ရခြင်း ဖြစ်ပါတယ်။
လင်းလက်နွေဦး
၁၉.၉.၂၀၂၃ ညနေ ၄နာရီ ၅၂မိနစ်။
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar