ကိုသန်းလွင် - ကော့စမစ် နောက်ခံရောင်ခြည်
Dr. Wilson and Dr. Penzias in 1978; an artist's concept of the Cosmic Background Explorer satellite; Robert Dicke of Princeton in the 1960s.Associated Press; NASA; Bettmann/Getty Images
ကိုသန်းလွင် - ကော့စမစ် နောက်ခံရောင်ခြည်
(မိုးမခ) စက်တင်ဘာ ၁၉၊ ၂၀၂၃
( ၁ )
နယူးဂျာစီပြည်နယ်၏ အမြင့်ဆုံးတောင်တန်းကြီး၏ ကရောဖို့တောင်ထိပ် အနီးအနားတွင် တည်ရှိပြီး မင်ဟတ်တန် မိုးထိတိုက်ကြီးများ၏အနီးမှ လှမ်း၍ မြင်နေရသည့် ရုံးခန်းအိမ် တစ်လုံး နှစ်လုံး ရှိသောနေရာတွင် ဟုန်းဒယ်ဟွန်း အင်တင်နာ (Holmdel Horn Antenna) တည်ရှိပါသည်။ ဤ ရေဒီယိုတယ်လီစကုပ် သည် အရွယ် ၂၀ စတုရန်းပေအ၀ မှ ၈ လက်မအထိ တဖြည်းဖြည်း သေးငယ်သွားသော ဧရာမ ဟွန်းကြီးနှင့် ဆင်တူပါသည်။ ဤဟွန်းကရိယာမှာ အာကာသမှ မိုက်ခရိုဝေ့များကို စုစည်းသိမ်းသွင်း၍ အပေါက်ငယ်မှတဆင့် ရေဒီယိုလှိုင်း ဝင်ရောက်လာသည်ကို ကိရိယာများနှင့် တိုင်းတာနေသော တယ်လီစကုပ် ဖြစ်ပါသည်။
( ၂ )
အဝေးမှကြည့်လျှင် ဤနေရာသည် မိုင်းတူးဖော်ရာစခန်းနှင့် ဆင်ဆင်တူပြီး ကောင်းကင်ပြင်ကြီးမှ ရေဒီယိုလှိုင်းများကို မိုင်းတူးသကဲ့သို့ ဖမ်းယူနေခြင်း ဖြစ်ပါသည်။ ဤ အင်တင်နာနှင့် ၁၉၆၄ ခုနှစ် မေလတွင် မစ္စတာ ပန်ဇီယာ (Arnold Panzia) နှင့် ဝီလဆန် (Robert Wilson) တို့သည် ရေဒီယိုလှိုင်းကို နားထောင်ကြရာ သဘာဝက ပေးသော တဝှီးဝှီး လေသံကို ကြားခဲ့ကြရပါသည်။ အချိန်ကာလကြာမြင့်စွာ သူတို့ ထင်ထားကြ သည်မှာ အင်တင်နာထဲတွင် ခိုနှစ်ကောင်ရှိရာ ၎င်းတို့က စွန့်ပစ်သည့် ခိုချေးများကြောင့် ထိုနောက်ခံ လေသံလိုလို အသံလှိုင်းကို ကြားကြရသည်ဟု ထင်နေခဲ့ကြပါသည်။ နောက်တဖြည်းဖြည်းနှင့် သိလာရသည်မှာ သူတို့သည် အာကာသနှင့် အချိန်၏စဦးပိုင်းကို ကြားသိနေရခြင်း ဖြစ်ပါသည်။ ဘစ်ဘင် (Big Bang) နှင့် နောက်ဆုံး သက်ပြင်းချအပြီး ကျွန်တော်တို့၏ စကြဝဠာကြီးကို မွေးဖွားခဲ့ပါသည်။ နှစ်ပေါင်း ၁၃ ဒသမ ၈ ဘီလီယံ ရှိပါပြီ။ ယခုအချိန်၌ ထိုအသံကို မသဲမကွဲ အမြဲတည်ရှိနေသော အသံအဖြစ် ကြားသိကြရခြင်း ဖြစ်ပါသည်။
ထိုအချိန်အထိ စကြဝဠာကြီးတွင် စဦးအချိန် ဟူ၍ ရှိ၊ မရှိ သိပ္ပံပညာရှင်များ ငြင်းခုံခဲ့ကြပါသည်။ စကြဝဠာကြီးသည် စဦးဟူ၍ မရှိဘဲ အစဉ်အမြဲ ဖြစ်တည်နေခဲ့သည်။ ယခု ထိုမေးခွန်းမှာ အဖြေထွက်ခဲ့ပါပြီ။ ထိုစဦးအချိန်ကလေးကို ဓာတ်ခွဲခန်းအတွင်းသို့ အရောက်ပို့နိုင်ခဲ့ကြပါပြီ။ ဓာတ်ခွဲခန်းထဲမှာ ထိုစဦးအချိန်ကို ခွဲခြမ်းစိတ်ဖြာခြင်း ဖိနှိပ်ခြင်း၊ ထိုးဆွခြင်းများ ပြုလုပ်နိုင်နေကြပါပြီ။
နောက်ခံရောင်ခြည်အတွင်း ရောက်ရှိနေသည်မှာ စကြဝဠာကြီးသည် တစ်စက္ကန့်၏ တစ် ထရီလီယံ ပုံတွင် တစ်ပုံခန့်အတွင်း ဖြစ်ပျက်ခဲ့သမျှကို ဝင်ရောက်ကြည့်ရှုနိုင်ခြင်း ဖြစ်ပါသည်။ ထိုအချိန်တွင် စကြဝဠာကြီးရှိ စွမ်းအင်ပမာဏမှာ ခေတ်သစ် ကော်လိုက်ဒါ (Collider) တစ်ခုအတွင်းရှိ စွမ်းအင်ထက် အဆများစွာ ပိုပါသည်။
ကော်စမစ်မိုက်ခရိုဝေ့ နောက်ခံရောင်ခြည် (Cosmic Microwave Background) သည် သဘာ၀ကြီး၏ သဘာ၀ အစစ်အမှန်ကို ကြည့်ရှုရန် အခွင့်အရေးကို ပေးပါသည်။ အစစ်အမှန်လောကအတွင်းသို့ နက္ခတ္တ ပညာရှင်များ သေချာ ဝင်ကြည့်ခဲ့ကြသည်မှာ ၁၉၇၈ ခုနှစ်ကာလအတွင်းမှာ ဖြစ်ပါသည်။
ဒေါက်တာ ပန်ဇီယာနှင့် ဝီလဆန်တို့ နှစ်ဦးကို ရူပဗေဒအတွက် နိုဗယ်ဆုကို ၁၉၈၈ ခုနှစ်တွင် ဤတွေ့ရှိမှုအတွက် ချီးမြင့်ခဲ့ကြပါသည်။ သူတို့ အသုံးပြုခဲ့သော အင်တင်နာ ကောင်းကင်ကြိုးတိုင်ကြီးမှာ လူသားတို့၏ စိတ်ဝင်စားမှုနှင့် သဘာဝကြီးက လူသားတို့ကို အံ့အားသင့်အောင် လုပ်မှုများကို ကြံ့ကြံ့ခံနိုင်ခြင်းအတွက် ပြယုဂ်အဖြစ် မှတ်ယူခဲ့ကြပါသည်။
ဒေါက်တာ ဝီလဆန်မှာ ယခုအချိန်တွင် ၇၈ နှစ်ရှိပြီး ဟုန်းဒဲမြို့တွင် နေထိုင်ကာ အင်တင်နာ၏သော့ကို ကိုင်ထားဆဲ ဖြစ်ပါသည်။ ဟုန်းဒဲဟွန်းကို ၁၉၅၉ ခုနှစ်တွင် ဘဲလ်လက် (Bell laboratory) က ပရောဂျက် ပဲ့တင်သံ (Project Echo) ဟု ခေါ်သော မိုက်ခရိုဝေ့ကို ကမ္ဘာကြီး၏ တနေရာမှတနေရာသို့ အလူမီနီယံ ဘောလုံးများ ကောင်းကင်သို့ လွှတ်တင်ပြီး ဆက်သွယ်စမ်းသပ်ရန်အတွက် တည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။ ပရောဂျက် ပြီးဆုံးသောအခါ အင်တင်နာကို နက္ခတ္တပညာရှင်နှစ်ဦး လက်ထဲသို့ အပ်ခဲ့ပါသည်။ ဒေါက်တာ ပန်ဇီယာမှာ နာဇီတို့၏ လူသတ်မှု (Holocaust) ကြီးအပြီးတွင် ဂျာမနီကို စွန့်ခွာခဲ့သော ကိုလံဘီယာ တက္ကသိုလ်မှ ဒေါက်တာ ဘွဲ့ရ ပညာရှင်တစ်ဦး ဖြစ်ပါသည်။ ဒေါက်တာဝီလဆန်မှာ ကာလီဖိုးနီးယားတက္ကသိုလ်မှ ဒေါက်တာဘွဲ့ ရရှိခဲ့ပြီး ရေဒီယိုလှိုင်းများဆိုင်ရာ ကျွမ်းကျင်သူ ဖြစ်ပါသည်။
အချိန်၏ အဦးအစ ဆိုသည်မှာ သူတို့စိတ်ထဲတွင် ဘယ်သောအခါမှ မရှိခဲ့သော အရာတခု ဖြစ်ပါသည်။ သူတို့သည် ဂယ်လက်စီကြယ်စုများ၏ တောက်ပမှုများ တိုင်းထွာနေခဲ့ကြပါသည်။ တောက်ပမှုကို အရာဝတ္ထုတို့၏ အမည်းရောင်အပူချိန် (Black Body Radiation) ဖြင့် တိုင်းတာကြရပါသည်။ ထိုအရာဝတ္ထုမှာ ရရှိသော စွမ်းအင်အားလုံးကို ရောင်ခြည်အဖြစ် ဖြာထွက်ပါသည်။ တိုင်းထွာသော ကိရိယာကို စံချိန်စံညွှန်းပြည့်စေရန် (Calibrate) လူတို့ သိပြီးဖြစ်သော ကြယ်တို့မှ တောက်ပနှုန်းနှင့် အပူချိန်တို့ကို တိုင်းယူရပါသည်။
၁၉၆၄ ခုနှစ် မေလ ၂၀ ရက်နေ့တွင် သူတို့သည် အင်တင်နာကို လှည့်လိုက်တိုင်း အပူချိန်သည် ရှိနေပြီး စကြဝဠာကြီးသည် ပူနွေးနေသည်ဟု ယူဆရပါသည်။ အင်တင်နာမှ တရှီးရှီး (hiss) သံကို ကြားနေရသည်။ စကြဝဠာကြီးသည် ဤအပူချိန် မရှိနိုင်၊ ပို၍အေးသော စကြဝဠာကြီးကို မျှော်လင့်ခဲ့ကြပါသည်။ သူတို့ တိုင်းထွာချက်မှ သိရသည်မှာ ၃ ဒသမ ၅ Kelvin ဖြစ်ပါသည်။ လုံးဝသုည (Absolute Zero) မှာ အာကာသဟင်းလင်းပြင်၏ အပူချိန် ဖြစ်ပါသည်။ သူတို့သည် ကိရိယာများ မှားနေသလားဟု စိုးရိမ်စိတ်က အမြဲရှိနေကြသည်။ ခိုချေးများ (Dielectric ပစ္စည်း) သည် ရေဒီယိုလှိုင်းကို နှောင့်ယှက်နိုင်သောကြောင့် သန့်ရှင်းရေးကို ဂရုစိုက်ကြရသည်။ ခိုချေးများကို ရှင်းလင်းပြီးသောအခါ၌လည်း ထိုအသံမှာ ရှိနေဆဲပင် ဖြစ်သည်။
ထိုနေရာမှ မိုင်အနည်းငယ်အကွာတွင် ဒေါက်တာဒစ်ကီ (Doctor Dicke) ခေါ် ပရင်စတန်တက္ကသိုလ်မှ ရူပဗေဒပညာရှင်သည် ကျောင်းသားများနှင့်အတူ စကြဝဠာ၏ စဦးကာလအချိန်တွင် ရှိနေမည့် အပူချိန်ကို တွက်ချက်နေကြပါသည်။ သဘာဝကြီးတွင် လေးသောပစ္စည်းများကို ဟိုက်ဒြိုဂျင်ဓာတ်ငွေ့ မှ ဖန်တီးယူရန်အတွက် သဘာဝကြီးသည် ပူပြင်းခဲ့ရမည်ဟု တွက်ဆပါသည်။ ထိုစွမ်းအင်သည် ယခုတိုင် ရှိနေရမည် ဖြစ်သည်။ သဘာဝ သုည အပူချိန်ထက် အနည်းငယ်ပူသော အပူချိန်ရှိမည်ဟု ယူဆကြပါသည်။ ထိုအပူချိန်ကို လွန်ခဲ့သော အနှစ် ၂၀ ကျော်က ဂျော့ဂါမော (Geogrgy Gamow) ကလည်း တွက်ချက်ပေးခဲ့ဖူးပါသည်။ သူ၏ ကျောင်းသား ၂ ယောက်ကို ထိုအပူချိန်တန်ဖိုးကို ရှာဖွေရန် တာဝန်ပေးထားရာ ၎င်းတို့ တွက်ချက်နေကြဆဲတွင် ဒေါက်တာပန်ဇီယာက ဖုန်းဆက်လာခဲ့ခြင်း ဖြစ်ပါသည်။
အဆိုပါ အဖွဲ့ နှစ်ဖွဲ့သည် အတူတကွ တွေ့ဆုံပြီး စာတမ်း နှစ်စောင် တင်ခဲ့ကြပါသည်။ ရူပဗေဒ ရီဗျူး (Physical Review) ဂျာနယ်တွင် ဘဲလက်အဖွဲ့ (ဒေါက်တာပန်ဇီယာ နှင့် ဝီလဆန်) တို့က “ရေဒီယို ဆူညံသံ” ဟု ဖော်ပြခဲ့ကြပြီး ပရင်စတန်အဖွဲ့မှ “ဘစ်ဘင်မှ ကြွင်းကျန်သောအသံ “ ဟု ဖော်ပြခဲ့ကြပါသည်။
နောင်လာမည့် ၁၀ နှစ်အတွင်း အခြားနက္ခတ္တပညာရှင်များ၊ ရူပဗေဒပညာရှင်များ စုပေါင်း၍ အဖြေရှာခဲ့ကြပါသည်။ ကရောဖို့တောင်ထိပ်မှသည် တောင်ဝင်ရိုးစွန်း၊ ကမ္ဘာ့လေထု၏ အနှောင့်အယှက် ကင်းဝေးရာ အာကာသထဲတွင် ကော့စမစ်မိုက်ခရိုဝေ့ ရောင်ခြည်ကို ရှာဖွေတိုင်းတာခဲ့ကြပါသည်။
၁၉၉၀ ပြည့်နှစ်တွင် COBE Cosmic Background Explorer ဂြိုဟ်တုကို လွှင့်တင်ခဲ့ပါသည်။ ၎င်း၏ ရီပို့တွင် အာကာသထဲ၌ တိုင်းထွာရာတွင် ဘက်အားလုံး အပူချိန်မှာ ၂ ဒသမ ၇ Kelvin ရှိသည်ဟု ဖော်ပြခဲ့ကြပါသည်။ ဘက်အားလုံး၌ အပူချိန်ညီမျှမှု ရှိသည်ဆိုသော်လည်း ကြယ်စုများ နယ်ဗျူလာများကြောင့် ဘက်အားလုံးမှ လာသော အပူချိန်တွင် တစ်ပုံတွင် ထောင်ပေါင်း အနည်းငယ်မျှ တစ်ပုံ အပြောင်းအလဲရှိကြောင်းကို ဂြိုဟ်တုက တိုင်းထွာပေးခဲ့ပါသည်။ လေးဘက် အပေါ်အောက် ဒေသများတွင် ဂယ်လစီများ ရှိခြင်း၊ မရှိခြင်း ကိုလိုက်၍ အပူချိန်မှာကွဲပြားမှုရှိနေပါသည်။
စကြဝဠာကြီး ဖြစ်ပေါ်လာခဲ့ပြီး နှစ်ပေါင်း ၃ သိန်းမျှအကြာတွင် စကြဝဠာ၏ အပူချိန်သည် နေ၏ မျက်နှာပြင်ရှိ အပူချိန်ကဲ့သို့ ပြင်းပြခဲ့ပါသည်။ ထိုအချိန်တွင် ပထမဦးဆုံး အတမ်များ စတင်ဖြစ်ပေါ်ခဲ့ပြီး ၎င်းဖြစ်ပေါ်မှုမှ အလင်းတန်းများ ထွက်ပေါ်ခဲ့ပါသည်။ ထိုအချိန်အထိ စကြဝဠာကြီး၏ အတိတ်ကာလကို ယနေ့ ကမ္ဘာ့မြေပြင်ရှိ များကမျှော်၍ ကြည့်ခဲ့ကြပါသည်။ ကော့စမစ်ရောင်ခြည်က ပြောပြသည်မှာ ဘစ်ဘင်ဖြစ်၍ တစ်စက္ကန့်၏ တစ်ထရီလီယံပုံမျှအကြာတွင် စကြဝဠာကြီးသည် တဟုန်ထိုး ပြန့်ကားပြီး (Inflation) လာခဲ့ပါသည်။ ဤပြန့်ကားမှုမှ ကော့စမစ်ရောင်ခြည်အပေါ် လွှမ်းမိုးမှုများ ရှိခဲ့ပါသည်။ မြေဆွဲအားလှိုင်း (Gravitational Wave) များက ကော့စမစ်ရောင်ခြည်အပေါ်တွင် (Ripple) များ ဖြစ်ပေါ်စေခဲ့ပါသည်။ ၎င်းတို့ကို ယခုအချိန်အထိ လူတို့ ရှာဖွေသော်လည်း မတွေ့ကြရသေးပါ။
( ၃ )
ပရင်စတန်တက္ကသိုလ်မှ နက္ခဗေဒပညာရှင်တယောက်က ပြောသည်မှာ ကော့စမစ်ရောင်ခြည်သည် စကြဝဠာကြီး ဖြစ်ပေါ်ခဲ့သည့် နှစ်ပေါင်း ၁၄ ဘီလီယံအတွင်း ခရီးရှည်ကြီးကို လာခဲ့ရပါသည်။ ကမ္ဘာမြေပြင်မှ မှန်ပြောင်းများသို့ ရောက်အောင် ကြီးမားသော အရာဝတ္ထုကြီးများကို ဖြတ်သန်းခဲ့ရပါသည်။ (Gravity Lensing) ခေါ် အင်အားပိုမိုကြီးမားစေခဲ့ပါသည်။ ချီလီနိုင်ငံမှ အမြင့်ပေ ၁၇၀၀၀ တွင်ရှိသော Atacama Cosmology Telescope သည် ထိုချဲ့အားကြောင့် ဖြစ်ပေါ်လာသော ပုံရိပ်များကို စုပေါင်းမှတ်တမ်းတင်လျက် ရှိသည်။ တောင်ဝင်ရိုးစွန်းရှိ South Pole Telescope သည်လည်း အချိန်၏စဦးပိုင်း ၁၂ဘီလီယံ အကွာအဝေးရှိသည်များကို CMB 54S ပရောဂျက်ဖြင့် လုပ်ကိုင်နေသည်မှာ ၇ နှစ်ရှိပါပြီ။
ဝီလီယမ်ဖေါ့ကနာ (William Faulkner) က “အတိတ်သည် ဘယ်သောအခါမှ သေဆုံးခြင်းမရှိ” ဟုပြောခဲ့ပါသည်။ ကျွန်တော်တို့ကို စတင်မွေးဖွားခဲ့သည့် အသံ (Sound of creation) သည် သေမသွားခဲ့ပါ။ သင့်တွင် နားရှိလျှင် ကြားနေကြရပါလိမ့်မည်။
Ref : When the Universe Begin By Dennis Overbye N. Y. Times September13 2023
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar