Breaking News

ပုဏ္ဏားကျွန်းဇူးဝေ - အကြောက်တရား မီးမစွဲသော ရင်ဘတ်များ

အကြောက်တရား မီးမစွဲသော ရင်ဘတ်များ
ပုဏ္ဏားကျွန်းဇူးဝေ
(မိုးမခ) စက်တင်ဘာ ၁၉၊ ၂၀၂၃

မှန်ရှေ့မှာရပ်ကြည့်ရင်
ကိုယ့်ရုပ်သွင်ကိုမြင်မှာပါ။

ကြောက်ကြောက်နဲ့
ဘုရားတွေတည်ကြတယ်
အလှူအတန်းတွေပေးကြတယ်
အညာနွေပူသလို
ရင်မှာအပူလုံးတွေဆို့လို့
ပြည်သူတွေ မွဲပြာကျခဲ့ပြီ
ဒုက္ခဟာ
တအိုးတအိမ်ထူထောင်နိုင်ခဲ့ပြီ။

ဒဏ်ရာမှာ သွေးမတိတ်သလို့
ကဗျာဆရာဟာ
ဘယ်တော့မှအသံမတိတ်ပါဘူး။

မင်းတို့တွေက ပြောင်းဝနဲ့
အာဏာတည်ရေး ခြိမ်းခြောက်သလို
ကဗျာဆရာဟာလည်း
ကလောင်တလက်နဲ့
အမှန်တရားရေးပါတယ်။

ကောင်းကင်ကို
မြစ်တစင်းထိုးတင်ကြသလို့မျိုး
ပြန်ပြန်ကျတဲ့ ရေအလျဉ်ဟာ
မင်းတို့ရင်ဘတ်ကိုထိမှာပါ
ပြည်သူတွေရဲ့စွမ်းပကားဆိုတာ
ရှောင်လွဲလို့မရတဲ့အမှန်တရားမို့
ကမ္ဘာမှာအကြိမ်ပေါင်းများစွာ
သက်သေပြခဲ့ပြီ။

ဆိုးဆိုးဝါးဝါး
ပြည်သူ့ရင်ဘတ်မှာ
လောင်ကျွမ်းပြရုံလောက်နဲ့
ကဗျာဆရာရဲ့ရင်ဘတ်မှာ
မီးမစွဲဘူး
သူရဲကောင်းတွေရဲ့ရင်ဘတ်မှာ
မီးမကူးဘူး။

လမ်းလျှောက်ရင်
ဟန်ရေးပြပြီလျှောက်တတ်သလို့
အိပ်ရေးပျက်တဲ့ညတွေမှာဆုတောင်းပါ
ကဗျာဆရာတွေရဲ့လက်ဟာ
လူသတ်ဖို့မဟုတ်။ ။ 

17 September 23
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar