Breaking News

ဝန်းသိုမြို့နယ်က စာသင်ကျောင်း လက်နက်ကြီးကျပြီး ကလေးငယ် ၂၀ ဒဏ်ရာရ၊ စစ်အာဏာသိမ်းပြီးနောက် သေဆုံးသူ ၄၁၀၀ ကျော်ရှိပြီလို့ AAPP ထုတ်ပြန်


မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၂ မြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၃၊ ၂၀၂၃


ဝန်းသိုမြို့နယ်က စာသင်ကျောင်း လက်နက်ကြီးကျပြီး ကလေးငယ် ၂၀ ဒဏ်ရာရ၊ စစ်အာဏာသိမ်းပြီးနောက် သေဆုံးသူ ၄၁၀၀ ကျော်ရှိပြီလို့ AAPP ထုတ်ပြန်

စစ်အာဏာသိမ်းပြီးနောက် အစိုးရကျောင်းတွေက ဆရာ၊ ဆရာမတွေနဲ့ ပညာရေးဝန်ထမ်းတွေ CDM လှုပ်ရှားမှုထဲပါဝင်ပြီး စာသင်ကြားမှု မလုပ်နိုင်တော့တဲ့ အခြေအနေနဲ့ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားလာတာကြောင့် ပုံမှန်ပညာရေး သင်ကြားမှုတွေ မလုပ်နိုင်ကြတော့ပဲ ကျေးရွာတွေရဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ စာသင်ကြားနေကြရတဲ့ အနေအထားမှာ စာသင်ကျောင်းတွေကို ပစ်ခတ်တိုက်ခိုက်ရာက ကျောင်းသား ကလေးသူငယ်တွေ ထိခိုက်မှု ရှိတဲ့ ဖြစ်ရပ်တွေ တကြိမ်မက ဖြစ်ပျက်ခဲ့တာ ဖြစ်ပြီး အခုနောက်ဆုံးဖြစ်ရပ်ကတော့ စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ်ထဲက ဂျိုးတောင်ရွာ ထဲက ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းထဲက စာသင်ကျောင်းကို  လက်နက်ကြီးကျည်ထိမှန်ပြီး ဆရာမ တဦးနဲ့ ကျောင်းသား ၂၀ ဦးဒဏ်ရာရခဲ့တဲ့ အဖြစ်အပျက် ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ စက်တင်ဘာ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့တာ ဖြစ်ပြီး သေဆုံးမှု မရှိခဲ့ပေမယ့် ဒဏ်ရာရသူ စုစုပေါင်း ၂၁ ဦးမှာ ကလေးသူငယ် ၂၀ ဦးပါဝင်တာ ဖြစ်ပါတယ်။ 

ယမန်နှစ် စက်တင်ဘာလကလည်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲက လက်ယက်ကုန်း ကျေးရွာက စာသင်ကျောင်းကို လေကြောင်းက တိုက်ခိုက်ခဲ့ရာမှာ ကလေးသူငယ် ၆ ဦးအပါအဝင် ၁၁ ဦးသေဆုံးခဲ့တဲ့ အဖြစ်အပျက်ဖြစ်ပွားခဲ့ပြီး အခုတကြိမ် လက်နက်ကြီးကျည်ကျရောက်ပြီး ကလေးငယ် ၂၀ ဒဏ်ရာရတဲ့ ဖြစ်ရပ်က အလားတူ ဆိုးရွားတဲ့ အဖြစ်အပျက်တခု ဖြစ်ပါတယ်။ 

အခု ဝန်းသိုမြို့နယ်ထဲက ဘုန်းတော်ကြီးကျောင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့ လက်သည်ကိုတော့ ဝန်းသိုမြို့ပေါ်က ခမရ ၁၂၀ လို့အများက ယူဆထားကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ အဆိုပါနေ့က လက်နက်ကြီး နဲ့ ၃ ချက်ပစ်ခတ်ခဲ့ရာက တချက်က စာသင်ကျောင်းကိုထိမှန်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အထက်အညာဒေသတွေမှာ ဘုန်းတော်ကြီးကျောင်းတွေဟာ ရွာရဲ့ ဘာသာရေး စုဝေးရာ နေရာတင်မကပဲ လူမှုရေး ပညာရေးဆိုင်ရာ ကိစ္စရပ်တွေကို ကျင်းပကြရာ နေရာလည်း ဖြစ်ပြီး ရပ်ရွာလူထုစုဝေးလေ့ ရှိတဲ့နေရာလည်း ဖြစ်ပါတယ်။ ကျေးရွာတွေမှာ နေရာကျယ်ဝန်းတဲ့ နေရာဖြစ်လို့ အများနဲ့ဆိုင်တဲ့ သာရေးနာရေး ပညာသင်ကြားရေး ကိစ္စတွေကို လုပ်ဆောင်ကြတဲ့ နေရာဖြစ်သလို စစ်ကြောင်း ဝင်တဲ့ အခါမျိုးမှာ ကျေးရွာသူ ကျေးရွာသားတွေထဲက ဝေးဝေး ထွက်မပြေးနိုင်သူတွေအနေနဲ့  ဘုန်းတော်ကြီးကျောင်းလိုမှာ တိမ်းရှောင်ကြတာလည်း ဖြစ်ပါတယ်။  စစ်ကောင်စီတပ်တွေကလည်း ကျေးရွာထဲဝင်လာရင် ဘုန်းတော်ကြီးကျောင်းတွေကို ဝင်ပြီး ကျေးရွာသားတွေ ပုန်းအောင်းနေ မနေ ဝင်ရောက်စစ်ဆေးသလို သံသယရှိသူတွေကို စစ်မေးဖို့ ညှင်းဆဲ ရိုက်နှက်ကာ မေးမြန်းမှုတွေကိုလည်း အခုလို ဘုန်းတော်ကြီးကျောင်းထဲ လုပ်ဆောင်လေ့ရှိတာ အဖြစ်အပျက်တွေကို လေ့လာကြည့်ရင် တွေ့နိုင်ပါတယ်။ ကျေးရွာသား ဒါဇင်နဲ့ချီ သတ်ဖြတ်ခံရတဲ့ ရေဦးမြို့နယ်ထဲက မုန်တိုင်ပင်ကျေးရွာ ဖြစ်ရပ်မှာလည်း ဘုန်းတော်ကြီးကျောင်းဝင်းထဲမှာ စစ်ကောင်စီတပ်က စခန်းချပြီး အရပ်သားတွေကို ဖမ်းဆီးချုပ်နှောင် စစ်ဆေးကာ နောက်ဆုံး သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ 

ဘုန်းတော်ကြီးကျောင်းတွေ ဘာသာရေး အဆောက်အဦတွေ၊ စာသင်ကျောင်းတွေ နဲ့ ဆေးရုံတွေကို စစ်ပွဲတွေမှာ မတိုက်ခိုက်ဖို့ ပစ်မှတ်မထားဖို့ အဆိုပါ နေရာတွေမှာ စခန်းချ နေရာမယူဖို့ နိုင်ငံတကာ ဥပဒေတွေမှာ ပြဌာန်းထားကြပေမယ့်လည်း မြန်မာနိုင်ငံမှာတော့ ဒီလို ဥပဒေတွေကို လိုက်နာလေ့ မရှိကြပါဘူး။ ဒီလိုမလိုက်နာခြင်းကြောင့် စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘာသာရေး အဆောက်အဦတွေဟာလည်း အရပ်သားတွေ၊ ကလေးသူငယ်တွေ၊ အသက်အရွယ်ကြီးရင့်တဲ့ သူတွေ အဖို့ ဘေးအန္တရာယ်ကင်းတဲ့ နေရာတွေ မဟုတ်ကြတော့တဲ့ အနေအထားလည်း ရောက်ရှိနေတာဖြစ်ပါတယ်။ 

ဒီနေ့အဖို့ နောက်ထပ် အကြောင်းအရာ တခုကတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးကနေ အခုနှစ် စက်တင်ဘာလကုန်အတွင်း အရပ်သား သေဆုံးမှု ၄၁၀၀ ကျော်ရှိပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားတာ ဖြစ်ပါတယ်။ အဲဒီကိန်းဂဏန်း ၄၁၀၀ ကျော်မှာ ၁၄၀၀ ကျော်က ဖမ်းဆီးခံရပြီး သတ်ဖြတ်ခံရတဲ့ သူတွေလို့ ဆိုပါတယ်။ စုစုပေါင်း အရေအတွက်ရဲ့ ၁၅ ရာနှုန်းနီးပါးဖြစ်တဲ့ ၆၃၀ ကျော်က အမျိုးသမီးတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ကလေးသူငယ်က ၄၆၆ ဦးပါဝင်တယ်လို့လည်း ဖေါ်ပြထားပါတယ်။ ဒီကိန်းဂဏန်း အရေအတွက်ဟာ စစ်ပွဲနဲ့ စစ်ပွဲဖြစ်ပွားနေတဲ့ အခြေအနေမဟုတ်ဘဲ ဖမ်းဆီးမှု သတ်ဖြတ်မှုတွေပါ ပါဝင်နေတာဖြစ်ပါတယ်။ ဒီအဖြစ်အပျက်တွေက စစ်ကောင်စီနဲ့ စစ်ကောင်စီက ထောက်ပံ့ထားတဲ့ လက်နက်ကိုင် အဖွဲ့၊ ပြည်သူ့စစ် အမည်ပေးထားတဲ့ အရပ်သားတပိုင်း လက်နက်ကိုင် အဖွဲ့တွေက ကျူးလွန်မှုတွေကို ကောက်ယူထားတာ ဖြစ်ပြီး စစ်ကောင်စီ ထောက်ခံသူတွေ၊ ကြံ့ခိုင်ရေး ပါတီဝင်၊ စည်းရုံးရေးမှူး၊ စစ်မှုထမ်းဟောင်း၊ သတင်းပေးလို့ ဆိုသူတွေ သတ်ဖြတ်ခံရတဲ့ အရေအတွက်တွေ ပါဝင်ခြင်း မရှိပါဘူး။ ပြီးခဲ့တဲ့ ဇွန်လက နော်ဝေ အခြေစိုက် Peace Research Institute လို့ အမည်ပေးထားတဲ့ သုတေသန အဖွဲ့ရဲ့ အစီရင်ခံစာမှာတော့ စစ်အာဏာသိမ်းပြီးနောက် လပေါင်း ၂၀ အတွင်း အရပ်သား သတ်ဖြတ်ခံရတဲ့ အရေအတွက် ၆၀၀၀ ကျော်ပြီလို့ ဖော်ပြထားတာ ဖြစ်ပါတယ်။ အဆိုပါ အဖွဲ့ရဲ့ အစီရင်ခံစာအရ ၆ ထောင်ကျော် အရေအတွက်ရှိတဲ့ အရပ်သား သေဆုံးမှုတွေ အများစုကတော့ စစ်ကောင်စီဘက်က ကျူးလွန်မှုတွေဖြစ်ပြီး စစ်ကောင်စီဆန့်ကျင်ရေး အဖွဲ့အစည်းတွေရဲ့ လက်ချက်နဲ့ သေဆုံးသူလည်း အတော်များများရှိတယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ 

အဆိုပါ အစီရင်ခံစာမှာ စစ်ကောင်စီတပ်တွေရဲ့ လက်ချက်လို့ ဆိုနိုင်တာ အရပ်သား ၃ ထောင်ကျော် ရှိပြီး စစ်ကောင်စီဆန့်ကျင်ရေး အဖွဲ့တွေရဲ့ လက်ချက်လို့ ဆိုနိုင်တာ ၂၀၀၀ ကျော်နဲ့ ဘယ်အဖွဲ့အစည်းက ကျူးလွန်မှန်း တိတိကျကျ မပြောနိုင်တာက ၁ ထောင်ကျော်ရှိတယ်လို့ ဆိုထားတာဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar