အမေရိကန်အစိုးရ ဘတ်ဂျက်ပြဿနာနဲ့ သောင်းပြောင်းထွေလာ
အမေရိကန်အစိုးရ ဘတ်ဂျက်ပြဿနာနဲ့ သောင်းပြောင်းထွေလာ
နိုင်ငံတကာသာဂိ၊ (မိုးမခ) အောက်တိုဘာ ၂၊ ၂၀၂၃
မင်းအောင်လှိုင် တယောက်တည်း ဒေါ်လာပြဿနာနဲ့ ရင်ဆိုင်နေရတာ မဟုတ်ပါဘူး။ အမေရိကန်သမ္မတကြီးနဲ့ အစိုးရလည်း ဒေါ်လာပြဿနာနဲ့ ရင်ဆိုင်နေရတာပါပဲ။
ဘတ်ဂျက်အသစ်သာ လွှတ်တော်က အတည်မပြုရင် - အောက်တိုဘာလမှာ အစိုးရဝန်ထမ်းလစာထုတ်ပေးစရာတောင် ပြတ်တော့မလိုဖြစ်လို့ government shutdown ဖြစ်တော့မယ်လို့ သတင်းတွေက ပြောကြပါတယ်။
သို့သော် အစိုးရ ဘတ်ဂျက်နှစ်အသစ်အတွက် အသုံးစာရင်းကို ခုထိ လွှတ်တော်က အတည်မပြုသေးသော်လည်း အရေးပေါ်ကြားဖြတ် ယာယီအသုံးစာရိတ် ပြဋ္ဌာန်းတာပေးလိုက်လို့ အစိုးရဝန်ထမ်းတွေ လစာတွေ ထုတ်ပေးတာ၊ အစိုးရလုပ်ငန်းတွေ ဆက်လက် လည်ပတ်တာ လုပ်နိုင်ပါတယ်။ နောက် ၄၅ ရက်တော့ အိုကေပြီ ပြောပါတယ်။ သည်ကြားထဲ လွှတ်တော်နှစ်ရပ်က အစိုးရတောင်းတဲ့ စရိတ်ကို ပေးဖို့ ချိန်ဆဖို့ ညှိနှိုင်းဆွေးနွေးကြပေါ့။
အရင်သမ္မတ ထရန့်လက်ထက်ကလည်း အစိုးရဘတ်ဂျက်ချဖို့ အငြင်းပွားပြီး ၁ လကျော် အစိုးရအလုပ်တွေ တချို့ ရပ်ဆိုင်းရတာ ဖြစ်ခဲ့ပါတယ်။ လွှတ်တော် ၂ ရပ်လုံးမှာ အာဏာရနဲ့ အတိုက်အခံ အင်အား အပြတ်အသတ် မဲမရနိုင်တဲ့အတွက် လွှတ်တော်မှာ လိပ်ခဲတည်းလည်း အကြပ်ကိုင်မှု၊ နိုင်ငံရေးကစားမှုတွေ အမြဲဖြစ်ပြီး အစိုးရဘတ်ဂျတ် နှစ်သစ်ချိန်ရောက်တိုင်း သည်ပြဿနာ အမြဲဖြစ်တာ ၂၀၀၈ အိုဘားမား တက်ကတည်းက နှစ်တိုင်းလိုပါပဲ။
အမေရိကန်အောက်လွှတ်တော်က အများစုခေါင်းဆောင်က အတိုက်အခံပါတီအမတ် ဖြစ်ပါတယ်။ သူကလည်း သူ့ရီပတ်ဘလစ်အမတ်တွေထဲ ထောက်ခံသူ မဲအနည်းငယ်အသာနဲ့ အောက်လွှတ်တော် ခေါင်းဆောင် ဖြစ်နေတာပါ။ သူ့ကို သူ့ပါတီဝင်အမတ်တွေက အကြပ်ကိုင်ပြီး အနိုင်ကျင့်လွန်းလို့ သူလည်း မျက်နှာသာမရတဲ့ အမတ်ခေါင်းဆောင် ဖြစ်ရရှာပါတယ်။
သည် ဘတ်ဂျက်ပြဿနာမှာ အတိုက်အခံပါတီ (ရီပတ်ဘလစ်ကန်အမတ်တွေ) က အစိုးရဘတ်ဂျက်ထဲမှာ ယူကရိန်း စစ်ကူငွေကို ဖြုတ်ချထားချင်ပါတယ်။ နယ်စပ်ကနေ တရားမဝင်ဖြတ်ကျော်တာတွေ၊ နိုင်ငံရေးဒုက္ခသည်အဖြစ် အကူတောင်းတာတွေကို ထိန်းသိမ်းလျှော့ချဖို့ အစိုးရဘတ်ဂျက်ထဲမှာ တိုးမြှင့်သုံးစွဲချင်ကြပါတယ်။ ပြည်တွင်းမှာ စီးပွားရေး၊ လူမှုရေး အတွေးအခေါ်ရေးရာ ပြဿနာတွေ ဖြေရှင်းမယ့်အစား ပြည်ပက သူများပြဿနာတွေကို လက်ရှိ ဒီမိုကရက်အစိုးရနဲ့ အထက်လွှတ်တော်က ဦးစားပေးလွန်းတယ်လို့ အတိုက်အခံပါတီက ဝေဖန်နေကြတာ ဖြစ်ပါတယ်။
အခြား ထူးခြားတဲ့ သတင်းခေါင်းစဉ်တွေထဲမှာ—
Claudine Gay သည် Harvard တက္ကသိုလ်ကြီး၏ ပထမဆုံး လူမည်း ကျောင်းအုပ်ကြီး ဖြစ်လာခဲ့တယ်။
ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူး Newsom သည် ကွယ်လွန်သူ အထက်လွှတ်တော်အမတ် Feinstein ၏ နေရာကို ယာယီဖြည့်စွက်ရန်အတွက် Laphonza Butler (လူမည်းအမျိုးသမီး) ကို ခန့်အပ်မည်လို့ ထုတ်ပြန်ပါတယ်။
သမ္မတ ပူတင်သည် ထရမ့်ကို ပြန်လည်အရွေးခံရစေရန် မျှော်လင့်နေသည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဟောင်းက သတိပေးလိုက်ပါတယ်။
နယူးယောက်မြို့တော်သည် ၂၀၂၁ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးရေကြီးမှုဖြင့် ရေလွှမ်းမိုးခဲ့သော်လည်း သေဆုံးသူမရှိကြောင်း သိရပါတယ်။
Jimmy Carter သည် ၉၉ နှစ် ပြည့်မြောက်ခဲ့သည်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar