ရဲဘော်တေး - အခက်ခဲဆုံးကာလ ဖြတ်ကြရတော့မယ်
ရဲဘော်တေး - အခက်ခဲဆုံးကာလ ဖြတ်ကြရတော့မယ်
(မိုးမခ) အောက်တိုဘာ ၁၃ ၊ ၂၀၂၃
"တသက်တကျွန်း မိုးမြင့်ထွန်း၊ လျှပ်စစ်ကုလားထိုင် မင်းအောင်လှိုင်" လို့ တပ်ထဲမှာ ပြောနေကြပြီ။
မိုင်လိုင်ခက် စစ်ရှောင်စခန်းမှာ ဖျက်အားပြင်းဗုံးသုံးပြီး အိပ်မောကျနေတဲ့ ကလေး လူကြီးတွေကို သွေးအေးအေးနဲ့ သတ်ဖြတ်၊ သတ်ပြီး ကိုယ် မလုပ်သလိုလို၊ KIA ကပဲ သူ့လူတွေကို သူ ပြန်သတ်သလိုလိုမျိုးနဲ့ ဘယ်လို ဖြစ်သွားတယ် ဆိုတာ တရုတ်နဲ့ပေါင်းပြီး စုံစမ်းစစ်ဆေးအုံးမယ်၊ KIA ယမ်းတိုက် ပေါက်ကွဲတာ ဖြစ်မယ်ဆိုပြီး နသားပယား ထပ်လုပ်၊ အေး မင်းတို့ဗိုလ်ချုပ်အားလုံး မြေးတွေ သားသမီးတွေနဲ့ဆိုတာတော့ မေ့မသွားနဲ့အုံးနော်။
အထာမထားလို့ အချင်းချင်း နှပ်ပစ်တာကို လာဘ်စားသူတွေဆိုရင် ဒီလို အရေးယူတာနော်၊ ငါတို့က သန့်ရှင်းသောအစိုးရလို့ တဖက်က ပန်းနုသွေး၊ လာဘ်စားမှုနဲ့ စွဲထားတဲ့ ဒေါ်စုကိုလဲ ပြင်းပြင်းထန်ထန် အရေးယူရင် အပြစ်တင်လို့မရအောင် တဖက်က ခွေးကြံကြံ။ အမယ် ယူအန်နဲ့ တလေသံတည်း ထားပြီး အစ္စရေး-ပါလက်စတိုင်းအရေးကိုတောင် ထိန်းထိန်းသိမ်းသိမ်း လုပ်ကြလို့ မျက်စိတဖက် ခပ်မှေးမှေးထားပြီး စကားမုဒိမ်း လှမ်းကျင့်လိုက်သေးတယ်။
အစ္စရေး တိုက်ခိုက်တာနဲ့အတူ ကချင်မှာ အရပ်သားတွေကို သတ်ဖြတ် တိုက်ခိုက်ပြီးမှ လှမ်းပြောတာနော်။ ငါတို့ ဗုံးကြဲ သတ်တာ ဖြတ်တာလောက်လေး လာပြောမနေနဲ့ဆိုတဲ့ အထာ။ နောက်ထပ်လဲ အစ္စရေးလုပ်ရပ် အကာအကွယ်ယူပြီး ဆက်တိုက် ဗုံးကြဲ သတ်ဖြတ်တာတွေ လုပ်တော့မှာဆိုတဲ့သဘော။ ဒီအပြော ဒီအလုပ်မျိုးက စစ်တပ်ရဲ့ဗီဇနဲ့ မူလရုပ်ပုံပဲ။
ဒီအချိန်မှာ တော်လှန်ရေး သေချာပေါက်နိုင်နေပြီ၊ အုပ်ချုပ်ရေး လက်ဦးမှုယူထားဆိုတဲ့ အချိုးနဲ့ နုဂျီက ကိုယ့်အောက် မရောက်တဲ့ လိုကယ်ပီဒီအက်ဖ်တွေကို အသိအမှတ်မပြု၊ သွယ်ဝိုက်နှိပ်ကွပ်တာတွေ ရပ်ပြီး ပူးပေါင်းစစ်ဆင်မှုတွေလုပ်ဖို့ အလေးထားချိတ်ဆက်ဖို့ လိုပါပြီ။ ဒါမှလဲ နောင် ဆက်လက်ကိုင်တွယ်လို့က ရမှာပါ။
ကိုယ်တိုင်က သူများနယ်ထဲ သွားနေရတာကို မေ့ပြီး ပြည်နယ်တွေတောင် ငါတို့ ခွဲပေးမှရမယ်ဆိုတဲ့ သဘောထားအခံနဲ့ ဟိုနယ် ဟိုလူ မလာရ၊ ဒီလူ မောင်းထုတ် ဆိုတဲ့ သေးနုပ်ကျဉ်းမြောင်းတဲ့တော်လှန်ရေးသဘောထားတွေလဲ ရပ်သင့်ပါပြီ။
မြေပြင်က လူတွေအပေါ် လော်ဘီတွေရဲ့ ချိုးနှိမ်ပြောဆို မလိုမလား စကားရိသဲ့ ခနဲ့သွေးခွဲ သောက်တလွဲတွေလဲ လျှော့ချထိန်းချုပ်သင့်ပါပြီ။ ပသုံးလုံးတချို့ ထင်ရာစိုင်းလို့ ရပ်ရွာက စိတ်ပျက် တော်လှန်ရေးအပေါ် ဆိုးကျိုးသက်ရောက်လာတာတွေကိုလဲ ကုစားဖို့ သင့်ပါပြီ။ တကယ်တော့ တော်လှန်ရေးကာလမှာ အုပ်ချုပ်စီရင်ခွင့်ဆိုတာ တဖက်က အကြီးအကျယ် လာဘ်စားခွင့် ဖွင့်ပေးလိုက်သလိုမျိုးပါ။ ဒါဟာ အခန့်မသင့်ရင် တော်လှန်ရေးကျဆုံးခန်းထိ ဖြစ်သွားနိုင်ပါတယ်။ နယ်မြေမှာ မရှိ၊ တချို့ဆို တော်လှန်ရေးကို မြည်းတောင်မကြည့်တဲ့ အမတ်တွေကို ရာထူးခန့်ခွင့်ပေးလိုက်တဲ့ အမှားကနေ အမိန့်ရလာဘ် ပေါက်ပွင့်သွားပြီး ခုဆို လာဘ်ပေးလာဘ်ယူမှုတွေက အားကောင်းစ ပြုလာပါပြီ။
တကယ်တော့ တော်လှန်ရေးက စက္ကန့်နဲ့အမျှ အသက်တွေ ဘဝတွေနဲ့ တည်ဆောက်နေရတုန်းပါ။
တော်လှန်ရေးတခုလုံးအတွက် ထည့်ဝင်လှူဒါန်းကြတဲ့ ရန်ပုံငွေတွေ တော်လှန်သူ လိုကယ်တွေဆီ အချိုးညီညီမရောက်တာ၊ မြန်မြန်ဆန်ဆန် မရောက်တာကနေလဲ ကိုယ့်လမ်းကို ရှာရင်း ငွေကြေးဆိုင်ရာပြဿနာတွေ၊ အလိမ်ခံရတာတွေ အများကြီးရှိလာ၊ အင်အားဆုတ်ယုတ် စိတ်လျှော့လာတာတွေလဲ အများကြီးပါ။
တဖက်ကတော့ ဖျက်အားပြင်းလက်နက်တွေ စလာပါပြီ။ သူတို့လဲ အရှင်ထွက် မထွက်ပါဘူး။ လွန်ကျူးထားတာတွေအရ အရှင်လဲ ထွက်လို့ မရပါဘူး။ အဲဒီတော့ ကိုယ့်ဘက်ကလဲ အစစအရာရာ ပြန်သုံးသပ်ပြင်ဆင်ချိန်ပါပဲ။ ဖြတ်လေးဖြတ်ကို ဖောက်ထွက်ရမယ့် အခက်ခဲဆုံးကာလကို ဖြတ်ကျော်ကြရတော့မှာ မဟုတ်လား။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar