အမေရိကန် လွှတ်တော်အကျပ်အတည်းနဲ့ သောင်းပြောင်းထွေလာ
အမေရိကန် လွှတ်တော်အကျပ်အတည်းနဲ့ သောင်းပြောင်းထွေလာ
နိုင်ငံတကာသာဂိ၊ (မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၂၃
ပါလစ္စတိုင်း အစ္စရေးစစ်ပွဲက အရှိန်မြင့်လာချိန် ကမ္ဘာပုလိပ်ကြီး အမေရိကန်ကတော့ လွှတ်တော်မှာ ခုထိ ခေါင်းဆောင်ရွေးလို့ မရသေးဘူး။ လွှတ်တော်ကနေ မျက်မှောက်အရေးပေါ်အခြေအနေကို သဘောထားထုတ်ပြန်၊ အစ္စရေးအတွက် စစ်ရေး နိုင်ငံရေးကူဖို့ ဘယ်လိုမျိုး အတိုင်းအတာလုပ်မလဲ ဆုံးဖြတ်ချက်တွေ ချပေးရမယ့်ဟာ ခုထိ ဘာမှ မလုပ်နိုင်ပါဘူး။ ရီပတ်ဘလစ်ကန်ပါတီက အောက်လွှတ်တော်ပြောခွင့်ရ ခေါင်းဆောင် မက္ကသီကို ဟာမတ်စ် စစ်ပွဲမစခင်ကလေးတင် ပါတီက အယုံအကြည်မရှိအဆို တင်ပြီး ဖြုတ်ချထားပါတယ်။ ယာယီလွှတ်တော်ပြောခွင့်ရတဦးကို ရီပတ်ဘလစ်ကန်ပါတီက ခန့်အပ်ထားပေမယ့် သူက ဘာမှ မလုပ်နိုင်ပါဘူး။
ဒီလိုနဲ့ ရီပတ်ဘလစ်ကန်ပါတီ အမတ်ကွန်ဖရင့်လို့ခေါ်တဲ့ အတွင်းအစည်းအဝေးကနေ လူများစုကြိုက်မယ့် အမတ်တဦးကို သဘောထားပေးတယ်။ ရီပတ်ဘလစ်ကန်ပါတီက လက်ယာစွန်းတွေ သမ္မတဟောင်း ထရန့်ဘက်သား လူနည်းစုအမတ်တွေက ကန့်ကွက်တယ်။ သည်လိုနဲ့ သူတို့ လက်ယာစွန်း ပါတီလူနည်းစုအမတ်စိတ်ကြိုက် အမတ်တဦးကို ခေါင်းဆောင် အဆိုတင်ထားပါတယ်။ သူ့ကို လွှတ်တော်ထဲမှာ မဲနဲ့ ဆုံးဖြတ်ရင် အရွေးခံရဖို့ သိပ်မသေချာပြန်ဘူး။ ရီပတ်ဘလစ်ကန်ပါတီက အမတ် ၂၁၇မဲနဲ့မှ ရွေးနိုင်မယ်ဆိုတယ်။ ဒီမိုကရက်ပါတီက အောက်လွှတ်တော်အမတ် ၂၁၃ ဦး ရှိတယ်။ သူတို့မပါဘဲ ရီပတ်ဘလစ်ကန်အမတ်ချည်း လွှတ်တော်ခေါင်းဆောင်တင်ဖို့က သူတို့လူနည်းစုအမတ်အချို့က ကန့်ကွက်နေရင် မလွယ်ဘူးတဲ့။
လွှတ်တော်မှာ ပြောခွင့်ရခေါင်းဆောင်မရှိဘဲ ဥပဒေပြုတာ လမ်းညွှန်တာ လုပ်လို့ရပါတယ်လို့ ပြောတဲ့သူတွေက ပြောနေပါတယ်။ ရီပတ်ဘလစ်ကန်ပါတီလည်း လူများစုပါတီဖြစ်ပြီး အတွင်းလူနည်းစု ၈ ဦးလောက်၏ ကန့်ကွက် ကန့်လန့်တိုက်မှုကို မကျော်နိုင်တာ သမိုင်းမှာ ရာဇဝင်တွန် ေရာလို့ ပြောရပါမယ်။
နောက်သတင်းတခုကတော့ ကယ်လီဖိုးနီးယားပြည်နယ်က ဒီမိုကရက်အားကောင်းတဲ့ ပြည်နယ်။ ဂါဗာနာ (ဝါ) အုပ်ချုပ် ေရးမှူး နယူးဆွန်က ဒီမိုကရက်ဆိုတော့ အခု သူတို့ပြည်နယ်လွှတ်တော်က တင်သွင်းတဲ့ ဥပဒေ နည်းဥပဒေတွေကို ပြည်နယ်အစိုးရခေါင်းဆောင်အဖြစ် အတည်ပြုပေးတာ ပယ်ချတာတွေ လုပ်ဆောင်နေပါတယ်။ သူအတည်ပြုတဲ့ ဥပဒေ ခေါ်ခေါ် နည်းဥပဒေခေါ်ခေါ် အဆိုကတော့ ပြည်နယ်က ကျန်းမာရေးဝန်ထမ်းတွေ၏ လစာကို အနည်းဆုံး တနာရီ ၂၅ဒေါ်လာ အဖြစ် သတ်မှတ်မယ် ဆိုပါတယ်။ နောက်တခုကတော့ ပြည်နယ်မှာ မူးယစ်ဆေးဝါးသားကောင် ဖြစ်ရသူ စိတ်ကျန်းမာရေးမကောင်းသူများ ဝေဒနာသည်များကို ပြည်နယ်က တရားရုံး၏ ဝင်ရောက်စွက်ဖက်မှုနဲ့ ထိန်းသိမ်းခွင့် ဆေးရုံတင် ကုသပေးခွင့်ရှိတဲ့ ဥပဒေကို သတ်မှတ်မယ် ဆိုပါတယ်။ အမေရိကားမှာက ရူးနေရင်တောင် သူ့ကို အပြင်လူတဦးအနေနဲ့ ဖမ်းပြီး အရူးထောင် တို့ အရူးဆေးရုံတို့ လွယ်လွယ် ပို့လို့မရဘူး ဆိုတာပဲ။ သည်တော့ လမ်းပေါ်မှာ ဆေးစွဲသူတွေ စိတ်ဝေဒနာသည်တွေ အများအပြားဖြစ်နေတာ ဖြေရှင်းဖို့ သည်ဥပဒေကို ပြဌာန်းတယ် ဆိုပါတယ်။ ဘာတွေ ဆက်ဖြစ်လာမယ်တော့ မသိသေးဘူး။
နောက် ထူးခြားတဲ့သတင်းကတော့ အမေရိကားမှာ လာရောက်ခိုလှုံသူတွေ ၊ နေထိုင်ခွင့် လျှောက်ထားဆဲသူတွေအတွက် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ကို ၅ နှစ် သက်တမ်းအဖြစ် ထုတ်ပေးတော့မယ် ဆိုတာပါပဲ။ အစက အလုပ်လုပ်ခွင့်က ၁ နှစ် သို့မဟုတ် ၂ နှစ် သက်တမ်းထုတ်ပေးပါတယ်။ ဥပမာ - နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားဆဲသူတွေ ၊ ဂရင်းကဒ်လျှောက်ထားဆဲ မကျသေးသူတွေ စတဲ့ လူအမျိုးအစား၊ နောက်တမျိုးက ယာယီနေထိုင်ခွင့်ဗီဇာ (TPS) နဲ့ မိမိတိုင်းပြည်ကနေ ခေတ္တခိုလှုံလာသူတွေကို အလုပ်လုပ်ခွင့်လက်မှတ် ထုတ်ပေးတာ ဖြစ်ပါတယ်။ အခု အမေရိကားမှာ နယ်စပ်ဖြတ်ကျော် တောင်အမေရိကားက ခိုလှုံခွင့်တောင်းခံသူ မိသားစုတွေကလည်း အများအပြား ရောက်ရှိလာသလို အခြားကမ္ဘာနိုင်ငံများကလည်း အမေရိကန်ပြည်ကို အလုပ်အကိုင်၊ ကျောင်း၊ မိသားစု၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အကြောင်းအခြေခံမျိုးစုံနဲ့ လာရောက်နေထိုင်ကြတာလည်း တိုးလာနေပါတယ်။
သည် EAD ကဒ်ကို ၅ နှစ် သက်တမ်းပေးတာကို အိန္ဒိယပြည်ကနေ အမေရိကန်မှာ အလုပ်လာလုပ်သူ ဂရင်းကဒ်စောင့်နေဆဲ လူဦးရေ ၁ ဒသမ ၁ သန်းက ကြိုဆိုကြတယ်၊ ဝမ်းမြောက်ကြတယ် ဆိုပါတယ်။ အမေရိကန်မှာ အလုပ်အကိုင်လာရောက်လုပ်ကိုင်ရင်း ဂရင်းကဒ်ဖြင့် အခြေချဖို့ လျောက်လွှာတင်ထားသူ ၁ ဒသမ ၈ သန်းမှာ အိန္ဒိယက ၁ ဒသမ ၁ သန်း၊ တရုတ်ပြည်က ၂ သိန်းခွဲ ရှိပါသတဲ့။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar