Breaking News

ခိုင်မျိုး - ရွာထဲမှာ

ရွာထဲမှာ
ခိုင်မျိုး
(မိုးမခ) အောက်တိုဘာ ၅၊ ၂၀၂၃

မီးမှန်မှန်မရရှာတဲ့မြို့လည်ခေါင်စျေးရုံကြီးတရုံထဲမှာ
စက်ချုပ်သမလေးတယောက်
အပ်ပေါက်ကိုထိုးနေတယ်

ဘက်ထရီမီးပွင့်ငယ်တွေအောက်
စက်ချုပ်သမားတွေအများကြီးအသက်မွေးဝမ်းကြောင်းရာ
စက်ခေါင်းအပ်သွားတွေဆီမြို့ကြီးနဲ့
မြို့ကိုသိမ်းပိုက်ထားသူတွေဟာ
တိုးဝင်လို့ပေါ့

စက်ခေါင်းအပ်သွားတွေကမြို့လူကြီးတွေရဲ့ခေါင်းတွေကိုအဆက်မပြတ်ပေါက်ချနေတယ်

တဒုတ်ဒုတ်နဲ့ခေါင်းနဲ့အပ်သွားထိသံ၊
ငေါက်ကနဲဆတ်ခနဲ့ဖြစ်သွားတဲ့ခေါင်းတွေနဲ့အတူသွေးတွေပန်းထွက်လာပုံကို
မမြင်ချင်လည်းမြင်နေရလေရဲ့
ဒါဟာငရဲဘုံတခုလား
စစ်ဖြစ်နေတဲ့ကြားကအသက်မွေးဝမ်းကြောင်းရာ စျေးတစျေးလား
စာအုပ်ပုံးတွေကိုတော့ကြောင်ကြီးတွေဟာ
ညဘက်လူသူကင်းမဲ့ချိန်မှာ
ကုတ်ဖြဲသွားပြီး
ကျင်ငယ်ရေတချို့ပါ ပန်းထုတ်သွားလေရဲ့

လှစ်ခနဲဖြတ်ပြေးသွားတဲ့ကြွက်တွေ
စာအုပ်အထပ်တွေကြားမစင်စွန့်ထားတဲ့ပိုးဟတ်တွေ ....
သူတို့နဲ့အလိုတူအလိုပါခြတွေ
အရိုးကျနေပြီဖြစ်တဲ့သန့်ရှင်းရေးသမား
တယောက်ကတော့စွန့်ပစ်ဂျပ်ဖာတွေလိုက်ကောက်နေတုန်းပဲ

ကျွန်တော်ကိုယ်ကိုပြန်ကြည့်တော့လည်းသွေးစို့နေတဲ့အရေပြားတွေပေါ်
ဆူးနဲ့အမွှေးအမျှင်တွေထွက်လို့ပေါ့
လူနဲ့ဆင်တူသယောင်မျိုးစိတ်တွေ
ရွာထဲသက်ဝင်လှုပ်ရှားကြပေါ့
အရာရာဟာ အမှောင်ကျလို့ပေါ့
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar