Breaking News

နေသွင်ညိဏ်း - ဝတ်လစ္စလစ် လှိုင်းစီးကြသူများ

Image- Credit
ဝတ်လစ္စလစ် လှိုင်းစီးကြသူများ
နေသွင်ညိဏ်း
(မိုးမခ) အောက်တိုဘာ ၅၊ ၂၀၂၃

‘ဒီရေကျသွားတဲ့အခါ ဘယ်သူ အဝတ်မပါလဲ ဆိုတာ တွေ့ရမှာပဲ’ 

ပရဟိတဘက်မှာ နာမည်ကြီးတဲ့ အမေရိကန်သူဌေးကြီး Warren Buffett ဆိုတာ ရှိတယ်။ သူက အတွေး အခေါ်ရှိတဲ့ သူကြွယ်လို့ ပြောရမယ်။ တချို့ ပိုက်ဆံပဲရှိပြီး အတွေး အခေါ်မရှိတဲ့ သူဌေးတွေလည်း ရှိလို့ ဒီလို ခွဲပြောရတာပ။

သူဌေးကြီး Warren Buffett က ကိုယ်ပိုင်အတွေးအခေါ်၊ အယူအဆ ရှိသူ။ ဒါကြောင့် Time မဂ္ဂဇင်းက ရွေ းချယ်တဲ့ ကမ္ဘာ့တွေးခေါ်ရှင်တွေထဲ ပါဝင်တယ်။ Ford မဂ္ဂဇင်းက ရွေးတဲ့ သူကြွယ်စာရင်းမှာလည်း ပါနေဆဲ။ ဘီလီယံ ပေါင်း ၁၂၁  ပိုင်ဆိုင်ထားလို့ သတ္တမမြောက် အချမ်းသာဆုံးလို့ ဆိုတယ်။ 
၂၀၀၈ ခုနှစ်က သူဟာ နံပါတ် ၁ ဖြစ်ခဲ့ပြီး နောက်တနှစ်အကြာမှာ သူက ပိုင်ဆိုင်တာထဲက တော်တော်များများ အလှူပေးလိုက်လို့ နံပါတ် ၁ နေရာကို Bill Gates ကို ပေးလိုက်ရတယ်။ တကယ်တော့ သူတို့ နှစ်ယောက်လုံးဟာ ပရဟိတ သူဌေးကြီးတွေ ဖြစ်ကြပါတယ်။ ဒါက Warren Buffett ဘယ်သူလဲဆိုတာ မိတ်ဆက်ရုံပါ။ 

သူရဲ့ နံမည်ကျော် အဆိုမိန့်ကို အစမှာ ဖော်ပြထားတယ်။ ဒီအကြောင်း ၂၀၁၁ လောက်က ဒီမိုကရေစီ လှိုင်းစီးနေကြချိန် ကျနော် ရေးဖူးသေးတယ်။ လူတိုင်းက ဒီမိုကရေစီ ချန်ပီယံတွေ၊ ပျော်ပျော်ပါးပါးကြီး ဒီမိုကရေစီ လှိုင်းစီးကြနေတဲ့အချိန်ပေါ့။ နောက်တော့ သိပ်မကြာခင် လှိုင်းကျပြီး အဝတ်မပါ ဗလာနဲ့ လူတွေ တွေ့ရတော့တာပါပဲ။ 
အထက်က သူဌေးကြီးပြောတဲ့ စကားက စီးပွားရေးလောကနဲ့ပတ်သက်ပေမယ့် တခြား နယ်ပယ်တွေအတွက်လည်း ကြုံရင် ကိုးကားကြတယ်။ 
မြန်မာစကားမှာတော့ ရေမြင့်ရင် ကြာမြင့် ( ကြာတင့်) လို့ ဆိုတဲ့ သဘောနဲ့ ဆင်ဆင်တူပေမယ့်၊  ရေကျရင် ဘာဖြစ်မယ်ဆိုတဲ့ မြန်မာစကားပုံတော့ ကျနော် မကြားဖူးဘူး။ (မကြားဖူးဘူး ပြောတာပါ။) 

ဒီနေရာမှာ ဒေါက်တာသန်းထွန်း ပြောတာလည်း သတိရတယ်။ ဆိုင်မဆိုင်တော့ မသိ။ ‘ပဲခူး ရေကြီးတော့ ခွေးတွေလည်း ခေါင်မိုးပေါ် ရောက်ကုန်ကြတယ်’ ဆိုလားပဲ။ ဒီစကားကလည်း အတော်တာသွားတယ်။ 
ဆိုင်၊ မဆိုင် မသိပေမယ့် ဦးပေါ်ဦး ပြောတဲ့ နတ်ဝတ်ပုဆိုး ပုံပြင်လည်း သတိရတယ်။  မှန်လှပါဘုရားတွေချည်း ဆိုတော့ ဘုန်းကြီးချင်တဲ့ ရှင်ဘုရင်က သူ့အောက်ပိုင်း ဘာမှမဝတ်ဘဲ ဗလာဖြစ်နေတာကို ဘယ်အမတ်မှ မပြောရဲကြတဲ့ အဖြစ်။ ရေသာခို လှိုင်းစီးနေကြပုံများ ပြောပါတယ်။ 

ဟန်တင်တန် ဆိုတဲ့ ပုဂ္ဂိုလ်ကြီးက ဒီမိုကရေစီကို လှိုင်းတွေနဲ့ ခွဲခြားပြတယ်။ နောက်တော့ လှိုင်း တွေ ဆိုတာ နယ်ပယ် အသီးသီးက အဖြစ် အပျက် အပြောင်းအလဲတွေအတွက် ဖြစ်လာတယ်။ နောက်ဆုံး ကိုဗစ် ကပ်ဘေးမှာတောင် ပထမလှိုင်း၊ ဒုတိယလှိုင်း စသဖြင့် သတ်မှတ်ကြတယ်။

ဒီရေ၊ ‘လှိုင်း’ ဆိုတာက မြင့်လိုက် နိမ့်လိုက် သဘောရှိတယ်။ ကျနော်တို့ ငယ်ငယ်က လှေနဲ့ ခရီးသွားတဲ့အခါ ဒီရေ အတက် အကျကို တွက်ပြီး သွားရတယ်။ ဒီရေကျတဲ့အချိန် လှေက သောင်တင်နေတတ်တာကိုး။ သောင်တင်လို့ ဆင်းတွန်းရတဲ့အခါ  ဘယ်သူက ဗွက်ပေမခံချင်လဲဆိုတာ သိရတော့တာပေါ့။ 

ဒါက Warren Buffett  ပြောတဲ့ ဘယ်သူ အဝတ်ဗလာလဲဆိုတာ သိရတဲ့ သဘောမျိုးပေါ့။ လူတွေရဲ့  အတွင်းမနောဆိုတာ အခက်ခဲကြုံမှ သိရတာမျိုး။ ဦးပေါ်ဦးပုံပြင်ထဲကလို ‘သာပေါင်းညာစား’ ဆိုတာတွေက အများသားကလား။  
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar