Breaking News

ထောင်ဝင်စာတွေ့ခွင့် ပြန်လည်စတင်၊ ဘယ်သူမှ အပြစ်ပေး အရေးယူခံရခြင်း မရှိတဲ့ အပြစ်မဲ့ အရပ်သား သတ်ဖြတ်ခံရမှုတွေ


မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၂၄ မြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၂၃


ထောင်ဝင်စာတွေ့ခွင့် ပြန်လည်စတင်၊ ဘယ်သူမှ အပြစ်ပေး အရေးယူခံရခြင်း မရှိတဲ့ အပြစ်မဲ့ အရပ်သား သတ်ဖြတ်ခံရမှုတွေ 

သေဒဏ်ချမှတ်ခံထားရသူနဲ့ တသက်တကျွန်းချမှတ်ခံထားရသူတွေကလွဲပြီး အကျဥ်းသားနဲ့  အချုပ်ကျနေသူကို တလတကြိမ် ထောင်ဝင်စာတွေ့ခွင့်ပြုဖို့ အောက်တိုဘာ ၂၃ ရက်နေ့နောက်ပိုင်း စစ်ကောင်စီ အကျဥ်းထောင်တွေက ခွင့်ပြုလိုက်ပါတယ်။ ထောင်ဝင်စာတွေ့ခွင့်ရဖို့ မိသားစုဝင်ဖြစ်ဖို့ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်၊ ရပ်ကွက်မှာ နေထိုင်ကြောင်း ရဝတထောက်ခံစာ၊ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးကြောင်း အထောက်အထားတွေ တင်ပြဖို့ လိုအပ်မယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားတာကြောင့် စစ်ကောင်စီ အနေနဲ့ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးရဲ့ အခန်းကဏ္ဍကို အရေးပါလာအောင် လုပ်ဆောင်တဲ့ ရည်ရွယ်ချက်နဲ့ သတ်မှတ်ချက် ထည့်သွင်းထားတာလည်း တွေ့ရတာ ဖြစ်ပါတယ်။ ယခင်တုန်းက အကျဥ်းထောင်တွေမှာ အကျဥ်းကျသူတွေကို တလ ၂ ကြိမ်တွေ့ခွင့်ပြုခဲ့ပေမယ့်လည်း အခုအခါမှာတော့ တလ တကြိမ်သာတွေ့ခွင့် ပြုဖို့ လျော့ချ ကန့်သတ်ထားလိုက်ပြီး ဒီလိုကန့်သတ်ချက်က တကြိမ်ထက်ပိုတွေ့ချင်ရင် အကျဥ်းထောင်ဝန်ထမ်းတွေ လာဘ်ငွေထိုးပြီး တွေ့ခွင့်ရဖို့ ကြိုးစားတာတွေ ဖြစ်လာမယ့် အနေအထားလည်း ရှိနေတာ ဖြစ်ပါတယ်။ 

ထောင်ဝင်စာ တွေ့ခွင့်ပြုမယ်ဆိုတဲ့ သတင်းထွက်ပေါ်မလာခင် အကျဥ်းထောင်ထဲ ပေးပို့နေတဲ့ အစားအသောက် ထောင်ဝင်စာပမာဏကို လျှော့ချတဲ့ သတင်းကနဦး ထွက်ပေါ်ခဲ့ပြီး ဆက်တိုက်ဆိုသလို ထောင်ဝင်စာတွေ့ခွင့် ပြန်ပြုမယ်ဆိုတဲ့ သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။ 

ထောင်ဝင်စာတွေ့ခွင့် ပြုလိုက်ခြင်းဟာ ပြည်ထဲရေးဝန်ကြီး အပြောင်းအလဲ ဖြစ်ခြင်း နဲ့ ဆက်စပ်မှု ရှိ/ မရှိတော့ မသိနိုင်ပေမယ့်လည်း စစ်ကောင်စီအနေနဲ့ အခြေအနေတွေ ပုံမှန်ပြန်ဖြစ်နေပြီဆိုတဲ့ ပုံရိပ်မျိုး ပြသဖို့ အတွက် အခုလို ထောင်ဝင်စာတွေ့ခွင့် ပြန်ပြုတာလည်း ဖြစ်နိုင်ပါတယ်။ တဖက်မှာတော့ အကျဥ်းထောင်တွေမှာ ဘယ်တုန်းကမှနဲ့ မနှိုင်းယှဥ်လောက်အောင် နိုင်ငံရေးကြောင့် အကျဥ်းကျသူတွေ အများဆုံးဖြစ်နေတဲ့ ကာလမျိုးမှာ အကျဥ်းထောင်တွင်းက အခြေအနေတွေကို ပြင်ပကို မသိစေချင်တဲ့ ရည်ရွယ်ချက်လည်း ရှိကောင်း ရှိနေမှာဖြစ်ပါတယ်။ ထောင်ဝင်စာပိတ်ထားခြင်းက အကျဥ်းထောင်တွင်းက အခြေအနေတွေ မြန်မြန်ဆန်ဆန် ကြားသိရဖို့ မလွယ်ကူတဲ့ အကျိုးကျေးဇူး စစ်ကောင်စီဘက်က ရရှိနေတာဖြစ်ပါတယ်။ တဖက်မှာ အကျဥ်းထောင်ဝန်ထမ်းတွေ လာဘ်ယူပြီး သတင်းအချက်အလက် သယ်ဆောင်ပို့ပေးတာမျိုး၊ ငွေနင့်နေအောင် ပေးပြီး သွင်းယူထားတဲ့ မိုဘိုင်းဖုန်းတွေနဲ့ အတွင်းကနေ ဖုန်းဆက်နိုင်တဲ့ အခြေအနေမျိုးတွေလည်း ရှိကောင်း ရှိနေမှာဖြစ်ပါတယ်။ အခုလိုထောင်ဝင်စာဖွင့်လိုက်တဲ့ အခြေအနေမှာတော့ အကျဥ်းထောင်တွင်း ဖြစ်ပျက်နေတဲ့ အသက်ဆုံးရှုံးမှု၊ ကျန်းမာရေး ချို့ယွင်းနေပေမယ့် လိုအပ်တဲ့ ဆေးကုသခွင့်မရရှိတဲ့ ကိစ္စမျိုးတွေ ပြင်ပကို မြန်မြန်ဆန်ဆန် သိရှိစေနိုင်တဲ့ အနေအထားမျိုး ဖြစ်လာနိုင်ပါတယ်။ 

ဒီနေ့ အဖို့အခြားသော သတင်းအကြောင်းအရာတွေထဲက သတင်းတပုဒ်ကို ကောက်နှုတ်တင်ပြရရင် ထီးချိုင့်မြို့ အဝင်မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီး ၂ ဦးကို ရပ်ခိုင်းရာမှာ ရပ်မပေးတာကြောင့် စစ်ကောင်စီ တပ်သားတွေက ပစ်ခတ်ခဲ့လို့ ၂ ဦးစလုံး အသက်သေဆုံးခဲ့ကြတဲ့ သတင်းဖြစ်ပါတယ်။ အသက် ၂၀ ကျော်အရွယ် ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးနဲ့ ဆိုင်အကူအမျိုးသမီးတို့ စီးနင်းလာတဲ့ ဆိုင်ကယ်ကို စစ်ကောင်စီတပ်က ရပ်တန့်ဖို့အော်ဟစ် တားဆီးခဲ့ရာမှာ ရပ်မပေးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သေနတ်နဲ့ ပစ်ခတ်ခဲ့ရာမှာ ၂ ဦးစလုံး အသက်သေဆုံးခဲ့ကြရတယ်လို့ သတင်းထဲဖေါ်ပြထားတာတွေ့ရပါတယ်။ 

ဆိုင်ကယ်နဲ့ သွားလာသူတွေကို စစ်တပ်က ရပ်တန့်ဖို့ အမိန့်ပေးပြောဆိုတာကို ရပ်မပေးခဲ့ရင် အခုလိုပစ်ခတ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ သဘောမျိုး စစ်ကောင်စီဘက်က မှတ်ယူထားတယ်လို့ ယူဆရပါတယ်။ အခုလိုအဖြစ်အပျက်မျိုးတွေက စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ အနှံ့အပြားမှာ မကြာခဏဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးက လည်ပင်းမှာ ကျည်ဆံထိမှန်ပြီး အသက်ဆုံးရှုံးခဲ့ရပြီး ဆိုင်အကူဖြစ်သူက တချက်မကတဲ့ ကျည်ဆံထိမှန်မှုတွေကြောင့် ဆေးရုံကိုသယ်ဆောင် သွားစဥ်မှာ အသက်ဆုံးရှုံးခဲ့တာလို့ သတင်းထဲ ဖေါ်ပြထားပါတယ်။ လုံခြုံရေး စစ်ဆေးဖို့ ပစ်ခတ်တားဆီးတဲ့ သဘောထက်ကို အသက်သေဆုံးအောင် ဦးခေါင်း နဲ့အထက်ပိုင်းကို အချက်ရေများစွာ ပစ်ခတ်တာကြောင့် အခုလို ၂ ဦးစလုံး အသက်ဆုံးရှုံးခဲ့တာလို့ ကောက်ချက်ချရပြီး တရားဥပဒေမဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေ အတွက် ဘယ်လုံခြုံရေးတပ်ဖွဲ့ဝင် တဦးတယောက်မျှ အရေးယူခံရခြင်း မရှိတဲ့အနေအထားလည်း ဖြစ်ပါတယ်။ 

ဒီအခြေအနေတွေက စစ်ကောင်စီတပ်ဟာ နိုင်ငံကို တရားဥပဒေနဲ့ အုပ်ချုပ်တာမဟုတ်ဘဲ လက်နက်နဲ့ အုပ်ချုပ်နေတာသာ ဖြစ်တာထင်ရှားပါတယ်။ လက်နက်ကိုင် ခုခံတိုက်ခိုက်မှုတွေကို နှိမ်နှင်းရာမှာ ဘယ်လို မှားယွင်းပစ်ခတ်မှု၊ သတ်ဖြတ်မှုတွေအတွက်မှ တာဝန်ခံစရာမလိုတဲ့ သဘောလည်း ဖြစ်ပါတယ်။ စစ်ကြောရေး တွေမှာ နိုင်ငံရေးအရဆန့်ကျင်တိုက်ပွဲဝင်နေသူ၊ လက်နက်ကိုင် ခုခံတိုက်ခိုက်မှုမှာ ပါဝင်နေသူတွေသာမက နိုင်ငံရေးနဲ့ လုံးလုံး မပတ်သက်တဲ့ အရပ်သားတွေပါ နှိပ်စက်ညှဉ်းပန်းပြီး အသက်ဆုံးရှုံးမှုတွေ ရာဂဏန်းမက ထောင်ဂဏန်းထိ ရောက်ရှိနေပေမယ့် ဒီလို ရာဇဝတ်မှုတွေအတွက် စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်ထဲက ဘယ်သူတဦးတယောက်မျှ အရေးယူခံရတာ မရှိပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ ကို နေ့စဥ် ဖြစ်ပျက်နေကျ အဖြစ်အပျက်တွေ သဖွယ် ကျူးလွန်နေကြတာဖြစ်ပြီး စစ်အာဏာသိမ်းပြီး ၂ နှစ်ခွဲကျော်ကာလအတွင်းမှာ အရပ်သား အသက်ဆုံးရှုံးရသူ ရာဂဏန်းမက ထောင်ဂဏန်းထိ ရောက်ရှိလာနေတာလည်း ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar