ကိုသန်းလွင် - ပါလက်စတိုင်း နှင့် အစ္စရေး တို့အရေး
ကိုသန်းလွင် - ပါလက်စတိုင်း နှင့် အစ္စရေး တို့အရေး
(မိုးမခ) အောက်တိုဘာ ၂၄ ၊ ၂၀၂၃
( ၁ )
၁၉၈၃ ခုနှစ်က တောင်အာဖရိကနိုင်ငံ အားကစားပြိုင်ပွဲတခုတွင် စားသောက်ဆိုင်တဆိုင်၌ ဗုံးပေါက်ကွဲ၍ လူအများ သေဆုံးခဲ့ကြပါသည်။ ထိုစဉ်က သက်တမ်း ၇၇ နှစ်ရှိပြီဖြစ်သော အာဖရိကန် နေရှင်နယ် ကွန်ဂရက် (ANC- African National Congress) က လူဖြူ အပါသိုက် (Apartheid) အစိုးရကို တော်လှန်နေပြီး မှတ်သားဖွယ်ရာတစ်ခု ပြုလုပ်ခဲ့ပါသည်။ ထိုဗုံးခွဲမှုအတွက် တာဝန်ယူခဲ့ပြီး နောင်တွင် အလားတူ ဗုံးခွဲမှုမျိုးမပြုလုပ်ပါဟု ကြေညာခဲ့ပါသည်။ သူတို့၏ တွေးခေါ်ပုံ လောဂျစ်မှာ ရိုးရှင်းပါသည်။ သူတို့၏ကြေညာချက်တွင် “အများပြည်သူ အပြစ်မဲ့သူကို ပစ်မှတ်ထား ခြင်းသည် မကောင်း။ စစ်တိုက်ရာတွင် တော်လှန်ရေးသမားတို့၏ စိတ်ဓာတ်အရ စစ်ပင် တိုက်နေရသော်လည်း လူများ၏အသက်ကို အလေးထားကြရမည်” ဟုပါရှိပါသည်။
သမိုင်းအရသော်လည်းကောင်း၊ ပထဝီအနေအထားအရလည်းကောင်း၊ စိတ်ဓာတ်ရေးရာအရ လည်းကောင်း ၁၉၈၈ ခုနှစ်က တောင်အာဖရိကနိုင်ငံနှင့် ၂၀၂၃ ခုနှစ်က ဟာမတ် (Hamas) တို့သည် တကမ္ဘာမျှ ဝေးကွာကြပါသည်။ ဟာမတ်ကြောင့် အစ္စရေးတောင်ပိုင်းတွင်ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များသည် သူတို့နှင့်ဘာမျှမဆိုင်ဟု ယူဆဖွယ်ဖြစ်နေပါသည်။ သို့သော် တောင်အာဖရိကမှ အဖြစ်အပျက်များသည် လူ့ကျင့်ဝတ်ကို လေးစား လိုက်နာခြင်းကြောင့် မည်သည့်ကျေးဇူးများကို ရနိုင်သည်ဆိုသောအချက်ကိုထင်ရှားစေပါသည်။ ၎င်းသည် စစ်ပွဲအတွင်း လိုက်နာရန် စည်းကမ်းများကို ချမှတ်ပေးသည့်အပြင် စစ်၏ အနိဋ္ဌာရုံများကြားမှ မျှော်လင့်ချက်များကို ပေးသည့် နေရာအဖြစ် မှတ်ယူနိုင်ပါသည်။
ဒုတိယအနေဖြင့် အေအင်စီသည် စိတ်ဓာတ်ဆိုင်ရာစည်းကမ်းကို တန်ဖိုးထားကြောင်း သိသာစေပါသည်။ ၎င်းသည် အကြမ်းမဖက်သော နည်းများကိုသာ အသုံးပြု၍တော်လှန်ရန်၊ အကြမ်းဖက်သော နည်းလမ်းကိုမူ စစ်တပ်နှင့် စက်မှုလုပ်ငန်းများနှင့်ဆိုင်သော ပစ်မှတ်များအတွက်သာအသုံးပြုရန်တို့ ဖြစ်ပါသည်။ ၎င်းသည် အောင်မြင်မှုများရရှိနိုင်ကြောင်း သိလာကြပါသည်။ အေအင်စီက အကြမ်းမဖက်သော မူဝါဒကို ချပြလိုက်သောအခါ အမေရိကန်တက္ကသိုလ် ၁၅၀ ကျော်က တောင်အာဖရိကတွင် အလုပ်လုပ်နေသော အမေရိကန်ကုမ္ပဏီများကို ဆန္ဒပြကြပါသည်။ အမေရိကန် ကွန်ဂရက်ကလည်း အပါသိုက် အစိုးရကို ဆန်ရှင်များ ချမှတ်ခဲ့ပါသည်။ အစမှာ လူ့ကျင့်ဝတ်ကို လိုက်နာသော အပြုအမူသည် နိုင်ငံတကာထောက်ခံမှုကို ရရှိနိုင်ပြီး နိုင်ငံတကာထောက်ခံမှုကို ရရှိသည့် အခါ လူ့ကျင့်ဝတ်ကို အခြေခံသော တွန်းလှန်မှုသည် တာရှည်ခိုင်မြဲခဲ့ပါသည်။
( ၂ )
အစ္စရေးနိုင်ငံတွင် ဖြစ်ပေါ်နေသော အကြောင်းအရာများသည် ၎င်းတို့နှင့် ဆန့်ကျင်ဘက်ဖြစ်နေပါသည်။ ဟာမတ်၏ ပေါ်လစီများမှာ အေအင်စီ၏ လူသားဆန်သော အပြုအမှုများနှင့် ခြားနားနေပြီး ၎င်းသည် ပါလက်စ တိုင်း အရေးကို လမ်းလွဲသွားစေနိုင်ပါသည်။ ပါလက်စတိုင်းတို့ကဆန္ဒပြခြင်း၊ အစ္စရေးကုန်ပစ္စည်းများကို သပိတ် မှောက်ခြင်းစသည်တို့နှင့် တုန့်ပြန်သောအခါ အမေရိကန်နှင့်အပေါင်းအပါများက ထိုကန့်ကွက်မှုများကို ချေဖျက် ကြပါသည်။ ထိုသို့ “လူသားဆန်ဆန်တုန့်ပြန်ခြင်းကြောင့် အကျိုးမရှိ “ဟူသော အယူအဆသည် ဟာမတ် တို့ကို တန်ခိုးကြီးထွားစေခဲ့ပါသည်။
အောက်တိုဘာ ၇ ရက်နေ့က ဟာမတ် တို့ ကျူးလွန်ခဲ့သော ပြစ်မှုများသည် နောက်လူ့သက်တမ်းတစ်ခုအတွင်း ပြန်လည်မပြုပြင်နိုင်တော့သော အမှားများဖြစ်ပါသည်။ လူ့အသက်ဆုံးရှုံးမှု မပါ သော ဖြေရှင်းမှုများမှာ နှစ်ဘက်လုံးက နားလည်မှုရှိရန် လိုအပ်ပါသည်။ ပါလက်စတိုင်းလူမျိုးများကို သတ်ဖြတ်ရန် မလိုသလို ဂျူးလူမျိုးများကိုလည်း လူသားဆန်သော အပြုအမှုများနှင့် ပြုမူဆက်ဆံရန် လိုအပ်ပါသည်။ သို့သော် ထိုသို့ လူ့ကျင့်ဝတ်ကို လိုက်နာခြင်းအားဖြင့် မိမိလူမျိုးများအကြား အချင်းချင်း ရန်သူများကို ဖန်တီးပေးပါသည်။ ထိုသို့ လူ့အခွင့်အရေး လိုက်နာရန် အယူအဆ ရှိသူများသည် နိုင်ငံရေးအရ အင်အားတရပ်ရှိရန် လိုအပ်ပြီး လူမျိုးရေး မုန်းတီးခြင်းများ အပေါ် လွှမ်းမိုးနိုင်ရန် လိုအပ်ပါသည်။ သို့သော် ဤကြိုးပမ်းချက်မှာ ကျရှုံးခဲ့ပါသည်။ ကျဆုံးနေဆဲလည်း ဖြစ်ပါသည်။ ထိုသို့ လူ့အသက်ကို တန်ဖိုးမထားခြင်းမှာ ငရဲခန်းဆီသို့ ဦးတည်သွားနေခြင်းလည်းဖြစ်ပါသည်။
အစ္စရေးတို့အနေဖြင့် ကျဆုံးသူများကို မြှုပ်နှံသဂြိုလ်ပြီး ဖမ်းမိသွားသူများအတွက် ဆုတောင်းမေတ္တာ ကျင်းပနေချိန်တွင် ပါလက်စတိုင်း သန်းပေါင်းများစွာတို့မှာ လူ့အခွင့်အရေးများ ကင်းမဲ့နေပါသည်။ နိုင်ငံခြားရောက် ဂျူးလူမျိုးများမှာ ဤသို့ မဟုတ်ကြပါ။ ဤတိုက်ခိုက်မှုမှာ ဒုက္ခပေါင်းစုံခံစားနေရသော ပါလက်စတိုင်း လူမျိုးများကို လှုပ်နှိုးလိုက်သလို ဖြစ်သွားရပါသည်။
ပါလက်စတိုင်းတို့လူ့အခွင့်အရေးများဆုံးရှုံးနေရခြင်းသည် ၁၉၈၀ ခုနှစ်တွင် ဟာမတ်ဟု မပေါ်လာမှီက တည်းကဖြစ်ပါသည်။ ထိုခံစားမှုသည် သူတို့ရင်ထဲမှာ ရှိနေကြပြီး ဂါဇာတွင် နေထိုင်ကြသူများမှာ ထိုအရပ်တွင် မွေးဖွားသူများမဟုတ်ကြဘဲ မိမိတို့ အိမ်များကို စွန့်ခွာပြေးခဲ့ကြသူများနှင့် ၎င်းတို့မှ ပေါက်ဖွားလာသူများသာ ဖြစ်ပါသည်။
၁၉၄၈ ခုနှစ်အစ္စရေးတို့၏ လွတ်လပ်ရေးတိုက်ပွဲတွင်မိမိတို့အိမ်များမှ ကြောက်လန့်တကြား စွန့်ခွာထွက်ပြေးကြရပါသည်။ လူ့အခွင့်အရေးတောင်းဆိုသူတို့၏ အခေါ် “Open air prison” အတွင်းမှလူများဖြစ်ကြပါသည်။ အီဂျစ်နိုင်ငံ၏ အကူအညီကို ခရမ်းချဉ်သီးမှစ၍နိုင်ငံကူး လက်မှတ်အထိ အထောက်အပံ့ယူကြရပါသည်။ ၂၀၁၇ ခုနှစ်ကုလသမဂ္ဂအစီရင်ခံစာတွင် နေထိုင်၍မရသောဘ၀ “unliveable” ဟူသော အခြေအနေမျိုး နှင့်နေ ထိုင်ကြရပါသည်။ အချို့သောလူများမှာ လျှပ်စစ်နှင့် သောက်သုံးစရာရေများ မရရှိကြပါ။ အချို့သူများမှာ ဤနေရာသို့ ယခင်က ခြေမချဖူးခဲ့ကြသော်လည်း ဤနေရာကို သူတို့ မြေဟုခေါ်နေကြရပါသည်။
အနောက်ဘက်ကမ်းခြေ (West Bank) တွင် နေထိုင်ကြသော ပါလက်စတိုင်းတို့၏ အခြေအနေမှာ သူတို့ထက် အနည်းငယ်သာသည်ဟု ယူဆနိုင်ပါသည်။ သူတို့သည် နှစ်ပေါင်းများစွာ ၅၀ ကျော်ကြာအောင် လွတ်လပ်စွာသွားလာနိုင်ခြင်းမရှိ၊ မိခင်နိုင်ငံဟု ခေါ်စရာမရှိ၊ သူတို့ဘဝများကို အဆုံးအဖြတ်ပေးမည့် အစိုးရအတွက် မဲပေးစရာမရှိဘဲ နေခဲ့ကြရပါသည်။ လူမျိုးရေးမုန်းတီးသည်ဟု ပွင့်ပွင့်လင်းလင်း ဖော်ပြသော အစ္စရေးကက်ဘိနက် ဝန်ကြီး၏ ဗြောင်ကျကျ ဗိုလ်ကျသော အုပ်ချုပ်မှုအောက်တွင် နေခဲ့ကြရပါသည်။
ပါလက်စတိုင်း အများအပြားမှာ ၁၀၄၈ ခုနှစ်က နေရပ်များကို စွန့်ခွာခဲ့ကြသူများ ဖြစ်ပါသည်။ ဟာမတ် တို့က အနောက်ဘက်ကမ်းခြေမှ လူများမှာ လူမဆန်စွာ တိုက်ခိုက်ခံရမှုများကို ပြောကြသည်။ ထို့အတူ တောင်အာဖရိက လူမည်းများကလည်း လူဖြူအစိုးရကိုဆန့်ကျင်တိုက်ခိုက်ခဲ့ကြပါသည်။
၁၉၆၃ ခုနှစ် ဗြိတိသျှတို့ (mendate) မင်ဒိတ်ရသည့် အချိန်မှစ၍ ၁၉၇၆ ခုနှစ် “Land day” ဟု ခေါ်သော ဆန္ဒပြမှုများကို ဆက်တိုက်ပြုလုပ်ကြသည်။ အစ္စရေးမြောက်ပိုင်းမှ ပါလက်စတိုင်းတို့၏ပစ္စည်းများ သိမ်းယူမှု၊ အနောက်ဘက်ကမ်းခြေတွင် အိမ်ရာတိုးချဲ့မှု၊ ဂါဇာကမ်းမြောင်ဒေသကို သိမ်းဆည်းထားမှုတို့အပေါ် တလျှောက်လုံး ဆန္ဒပြခဲ့ကြပါသည်။ အစ္စရေးတို့ ကောက်ခံသောအခွန်ကို မပေးရေးတို့လည်း ပါဝင်ပါသည်။ အချို့က ကျောက်ခဲများ၊ မိုလိုတော့ ( Molotoo cocktail) များ ပစ်ခြင်းတို့ ပြုလုပ်ခဲ့ကြသော်လည်း အများအားဖြင့် ဆန္ဒပြမှုများမှာ အကြမ်းဖက်မှုနည်းပါးခဲ့ပါသည်။ အစ္စရေးကို ဆန့်ကျင်သော ပထမအင်တီဖာဒါ ( intifada) ကို ၁၉၈၇ ခုနှစ်မှ စတင်၍ ၁၉၉၃ အထိ ပြုလုပ်ခဲ့ကြပါသည်။ အစ္စရေးစစ် တပ်က ဆန္ဒပြသူ ၁၀၀၀ ကျော်ကို သေစေ ခဲ့ပါသည်။ ၂၀၀၅ ခုနှစ်တွင် ပါလက်စတိုင်းမြို့ပြအဖွဲ့ ၁၇၃ ခု က တောင်အာဖရိက အပါသိုက်အစိုးရကို ဆန့်ကျင်သကဲ့သို့ တကမ္ဘာလုံးက အစ္စရေးအစိုးရကို တုံ့ပြန်ရန် ဆော်သြခဲ့ပါသည်။ ၁၉၂၉ ခုနှစ်တွင် ဟေဘရွန်ရှိ ဂျူးလူမျိုး ၆၇ ဦးကို ပါလက်စတိုင်းတို့က သတ်ဖြတ်ကြပါသည်။ ၁၉၆၀-၇၀ ပြည့်နှစ်များတွင် ရာဆာ အာရာဖတ် ၏ ဖာတာအဖွဲ့သားများက လေယာဉ်ပျံပေးဆွဲမှုများ ပြုလုပ်ခဲ့သည်။ ၁၉၇၅ ခုနှစ် တွင် အစ္စရေးအိုလံပစ် အားကစားပြိုင်ပွဲ အဖွဲ့ဝင်များကို မြူးနှစ်မြို့တွင် တိုက်ခိုက်ခဲ့သည်။ ၁၉၉၀ နှင့် ၂၀၀၀ နှစ်များတွင် Black September ခေါ် ဟာမတ် အုပ်စုက အသေခံ ဗုံးခွဲ တိုက်ခိုက်ခဲ့ကြပါသည်။
၁၉၉၇ ခုနှစ်တွင် အော့စတို (Oslo Accord ) ကြောင့် ပါလက်စတိုင်းအုပ်စုက အကြမ်းဖက်မှုများကိုမပြု လုပ်တော့ပါ ဟုကြေညာခဲ့ပါသည်။ ဤကဲ့သို့ ကြေညာမှုမျိုးမှာ အေအင်စီနှင့် အိုင်းရစ် ရီပါတ်ဘလီကင် အာမီ (Irish Republican Army) တို့မည်သည့်အခါမှ မလုပ်ခဲ့သောအပြုအမှုဖြစ်ပါသည်။ ဖိနှိပ်မှု မတရားမှုများရှိနေ သမျှ ဆန့်ကျင်နေမည်ဟူသောသဘောဖြစ်ပါသည်။ ပါလက်စတိုင်းတို့က ဖိနှိပ်မှုများရှိသည့်တိုင် လိုက်လျောခဲ့ ခြင်းဖြစ်ပါသည်။ ၁၉၉၆ ခုနှစ်နှစ်ဦးပိုင်းတွင် ၁၉၆၇ ခုနှစ်က နယ်နိမိတ်စည်းအတိုင်း ကိုယ်ပိုင် ပါလက်စတိုင်းနိုင်ငံ ထူထောင်နိုင်မည်ဟု မျှော်လင့်၍ လိုက်လျောခဲ့ကြခြင်း ဖြစ်ပါသည်။ အော်စလို ကြေညာချက်၏ ၈၀% ပြည့်လာချိန်တွင် အကြမ်းဖက်မှုများမှာ ၂၀% အထိ လျော့ကျသွားခဲ့သည်။ အစ္စရေးက ကတိပေးခဲ့သလို မဟုတ်ပဲ အနောက်ဖက်ကမ်းခြေဒေသတွင် သူတို့၏အိမ်ရာတိုးချဲ့မှုများကို ပြုလုပ်လာခဲ့ပါသည်။
ဒုတိယအကြိမ် အင်တီဖာဒါကို ၂၀၀၀ ပြည့်နှစ်တွင် စတင်ခဲ့ပြီး ၂၀၀၆ ခုနှစ်အထိ ကြာမြင့်ခဲ့သည်။ အစ္စရေး တို့နှင့် ပူပေါင်းရခြင်းသည် သူတို့၏အိမ်ရာတိုးချဲ့ခြင်းကို ကြီးထွားအောင်လုပ်သည်နှင့် အတူတူပင် ဖြစ်သည်ဟု ယူဆလာကြသည်။ သူတို့လုပ်ရပ်မှာ အစ္စရေးတို့၏ နယ်ချဲ့လာမှုကို အကူအညီပေးရာရောက်နေသည်။
( ၃ )
အမေရိကန်တို့က ၁၉၉၇ ခုနှစ်မှစ၍ အစ္စရေးအုပ်ချုပ်မှုနှင့်ပတ်သက်၍ ကုလသမဂ္ဂတွင် ဆုံးဖြတ်ချက်ချခြင်းကို ဗီတိုအာဏာဖြင့် တောက်လျှောက် ပယ်ချနေခဲ့သည်။ အစ္စရေးအစိုးရ၏ လုပ်ရပ်များအတွက် အပြည်ပြည်ဆိုင်ရာတရားရုံးသို့ လွှဲအပ်ခြင်းကို ကန့်ကွက်ခဲ့သည်။
ဟာမတ်တို့က ပါလက်စတိုင်းလွတ်လပ်ရေးရအောင် အစ္စရေး ကလေးငယ်နှင့် အစ္စရေးတို့ကို သတ်ဖြတ်ခြင်းဖြင့် မရနိုင်ပါ။ အစ္စရေးတို့ကလည်း ဂါဇာကမ်းမြောင်ဒေသကို ငြိမ်သက်သွားအောင် ဟာမတ်တို့ကို သတ်ဖြတ်နေခြင်းဖြင့် မဖြစ်နိုင်ပါ။
ကိုသန်းလွင်
Ref : The Work of moral rebuilding must begin now. By Peter Beinart, N.Y.Times October 22, 2023
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar