Breaking News

အမေရိကန်မှာ ပစ်ကြပြန်ပြီ၊ လွှတ်တော် စကားပြောတတ်တေ့ာမယ်၊ ထရန့် ငွေ၁သောင်း ဒဏ်တပ်ခံရနဲ့ သောင်းပြောင်းထွေလာ



အမေရိကန်မှာ ပစ်ကြပြန်ပြီ၊ လွှတ်တော် စကားပြောတတ်တေ့ာမယ်၊ ထရန့် ငွေ၁သောင်း ဒဏ်တပ်ခံရနဲ့ သောင်းပြောင်းထွေလာ

နိုင်ငံတကာသာဂိ (မိုးမခ) အောက်တိုဘာ ၂၆၊ ၂၀၂၃


အမေရိကန်မှာ ပစ်ကြပြန်ပြီ

Lewiston မြို့ ၊ Maine ပြည်နယ်တွင် ဗုဒ္ဓဟူးနေ့ညက အစုလိုက်အပြုံလိုက် ပစ်ခတ်မှု နှစ်နေရာမှာ ဖြစ်ပွားပြီးနောက် အနည်းဆုံး လူ ၂၂ ဦး သေဆုံးပြီး လူ ၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ ပစ်ခတ်မှုတွင် သံသယရှိသူအား အပြင်းအထန် ရှာဖွေလျက်ရှိကြောင်း တာဝန်ရှိသူများက ပြောသည်။ လူးဝစ်စတန်ရဲဌာနက ရောဘတ်ကတ်ကို ပစ်ခတ်မှုတွင် ကျူးလွန်သူဟု သတ်မှတ်ခဲ့သည်။

အမေရိကန်မှာ ကမ္ဘာကြီးတင်းမာမှုတွေ ဖြစ်တိုင်း အမုန်းစစ်တွေ ဖြစ်တိုင်း သည်လိုပဲ လက်နက်ကိုင် တကိုယ်တော် စိတ္တဇလူသတ်သမားတွေ၏ လူအများစုတွေကို သတ်ဖြတ်မှုတွေ ကျူးလွန်လေ့ရှိတာ ဖြစ်ပါတယ်။ သတင်းရေးတဲ့အချိန်ထိ လူသတ်သမားကို ဖမ်းမမိသေးပါဘူး။

လွှတ်တော် စကားပြောတတ်တော့မယ်

ရီပတ်ဘလီကန်အမတ် Mike Johnson, R-La., ကို အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်လိုက်နိုင်ပါပြီ။ အောက်လွှတ်တော်ကိုယ်စားပြု ပြောခွင့်ရသူ ပေါ်ထွက်လာပါပြီ။  သုံးပတ်ကြာ လစ်လပ်နေသည့် ဥပဒေပြုရေးလုပ်ငန်းများနဲ့ လွှတ်တော်ကို ဝရုန်းသုန်းကားဖြစ်စေခဲ့သည်။ ဂျွန်ဆင်ကို ရီပတ်ဘလစ်ကန်များ အားလုံးက မဲပေးခဲ့ကြပြီး မဲအရေအတွက် 220-209 ရှိသည်။

"ကျွန်ုပ်တို့ပြည်သူတွေဟာ ငါတို့အစိုးရအပေါ် ယုံကြည်မှု ပျောက်ဆုံးနေချိန်၊ ကမ္ဘာ့သမိုင်းမှာ အကြီးကျယ်ဆုံးနိုင်ငံဖြစ်စေခဲ့တဲ့ နိုင်ငံ၏ အခြေခံမူတွေ တန်ဖိုးတွေကို မျက်ခြည်ပြတ်သွားတဲ့အခါ၊ အဲဒါကို သတိချပ်ဖို့ လိုပါတယ်" ဟု ဂျွန်ဆင်က မဲပေးပြီးနောက် မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ “ကျွန်တော်တို့ တိုက်ပွဲဝင်မယ်၊ အခြေခံမူတွေကို ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်ရမှာဆိုတော့ ငါတို့ရဲ့ ပင်မအခြေခံမူတွေကို အဆုံးထိ ကာကွယ်သွားမှာပါ။" လို့ မိန့်ခွန်းပြောပါသည်။

ဂျွန်ဆင်သည် အစ္စရေးကို ထောက်ခံသည့် ဆုံးဖြတ်ချက်တရပ်ကို ထောက်ခံမဲဖြင့် အောက်လွှတ်တော်၏ ဥပဒေပြုလုပ်ငန်းကို ပြန်လည်စတင်နိုင်ခဲ့ပါသည်။ 

"ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ရုပ်မြင်သံကြား ဖန်သားပြင်များတွင် မြင်တွေ့နေရသော ဟားမတ်စ်များ၏ ရိုင်းစိုင်းမှုမှာ ဆိုးရွားပြီး မှားယွင်းကြောင်းကို အစ္စရေးသာမက တစ်ကမ္ဘာလုံးကို ပြသသွားမည်" ဟု ဂျွန်ဆင်က ပြောကြားခဲ့သည်။ “ဒီပဋိပက္ခမှာ ကောင်းကျိုးရလဒ်ရဖို့အတွက် ကျွန်တော်တို့ ရပ်တည်သွားမှာပါ။”

အမေရိကန်၏ ရှေးရိုးစွဲ (မဘသ) ပါတီ၏ လွှတ်တော်ခေါင်းဆောင် ဘာလဲ ဘယ်လဲ

ဂျွန်ဆင်သည် လက်ရှိတွင် အောက်လွှတ်တော် ရီပတ်ဘလီကန်ကွန်ဖရင့်၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သည်။ ၎င်းသည် အောက်ခြေအဆင့် ရွေးကောက်တင်မြှောက်ခံထားရသူ ရာထူးဖြစ်သည်။ ဂျွန်ဆင်ကို ကွန်ဆာဗေးတစ်အုပ်စုကြီးဖြစ်သည့် ရီပတ်ဘလီကန် လေ့လာရေးကော်မတီ၏ ဥက္ကဋ္ဌဟောင်းအဖြစ်လည်း ညီလာခံအတွင်း လူသိများသည်။

သမ္မတဟောင်း ဒေါ်နယ်ထရန့်အား လွှတ်တော်ကနေ ပထမဆုံး စွပ်စွဲပြစ်တင်မှု စုံစမ်းစစ်ဆေးမှုတွင် ထရန့်ဘက်က ခုခံကာကွယ်သည့်အဖွဲ့တွင်လည်း ပါဝင်ခဲ့သည်။ Johnson သည် 2020 ရွေးကောက်ပွဲရလဒ်အား အတည်ပြုခြင်းအား ဆန့်ကျင်မဲပေးခဲ့ပြီး ဂျိုးဘိုင်ဒင်ကို အနိုင်ရမှုအား ပျက်ယွင်းအောင် အဆိုတင်ခဲ့သူ ဖြစ်သည်။ 

ထရန့် ငွေ ၁ သောင်း ဒဏ်တပ်ခံရ

နယူးယောက် (Reuters) - အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် တရားရုံးဝန်ထမ်းများအပေါ် သိက္ခာကျစေသည့် စော်ကားသည့် မဟုတ်တန်းတရား စကားမပြောရန် တားမြစ်ပိတ်ပင်ထားသည့် အမိန့်ကို ဒုတိယအကြိမ်အဖြစ် ဖောက်ဖျက်သည်ဟု နယူးယောက်မြို့ တရားရုံးမှ တရားသူကြီးက ဆုံးဖြတ်လိုက်သည်။ ၎င်းက အရပ်ဘက် လိမ်လည်မှုဆိုင်ရာတရားခွင်ရှေ့ကို ထရန်အား ဆင့်ဆိုပြီး စစ်ဆေးကာ ဗုဒ္ဓဟူးနေ့တွင် ဒဏ်ငွေ ဒေါ်လာ ၁၀,၀၀၀ ဒဏ်ရိုက်ခဲ့သည်။

အမေရိကန်အထက်လွှတ်တော် လူများစုခေါင်းဆောင် Chuck Schumer နဲ့ တွဲ ရိုက်ထားတဲ့ တရားသူကြီးရဲ့အမှုစစ်စာရေးကြီး၏ ဓာတ်ပုံတစ်ပုံကို ထရမ့်က လူမှုကွန်ရက်မှာ မျှဝေခဲ့ပြီးနောက် တရားသူကြီး Arthur Engoron က အောက်တိုဘာလ ၃ ရက်နေ့က အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

"ဒီတရားသူကြီးဟာ တပါတီကိုသာ ဘက်လိုက်တဲ့တရားသူကြီးတစ်ယောက်ဖြစ်ပြီး သူ့အနားမှာထိုင်နေတဲ့သူကလဲ အလိုတူအလိုပါတွေပါ။ သူ့ထက်တောင် အများကြီး ပါတီစွဲကြီးတယ်” လို့ ထရန့်က ရေးသားပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ပထမ ဒဏ်ငွေ ၅ ထောင်ကိုလည်း အဲသလို ပါးစပ်သရမ်းလို့ ထရန့်ကို တရားရုံးတော်တခုက ဒဏ်ခတ်ခဲ့ပြီး ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar