အောင်ကျော်သွင် - YBS 116
YBS 116
အောင်ကျော်သွင်
(မိုးမခ) အောက်တိုဘာ ၂၇၊ ၂၀၂၃
အဲဒီနေ့က မိုးတွေရွှာလိုက်ပုံများ
ဆာလောင်ခြင်းကို ငါကထမ်းလို့
ဘတ်(စ်)ကားမှတ်တိုင်ဆီကို
တိုးဝှေ့ခဲ့တယ်။
ငါ တက်စီးမိတဲ့ ဘတ်(စ်)ကားက
မင်းတို့ ပြောတဲ့မှတ်တိုင်ကို
မရောက်ဘူးတဲ့။
ငါ ကားမှားစီးခဲ့တာ မဟုတ်ဘူး
ထားတော့...
ထားလိုက်တော့
ငါ့ကို ဘဝအဓိပ္ပယ်နဲ့ ဘဝသစ္စာမှတ်တိုင်ကိုသာ
ညွှန်ပြပါ။
မျက်စိတွေကလည်းမှုန်လို့
ဟိုမှာ ဒီမှာကြည့်လိုက်ရင်
တဖျတ်ဖျတ်နဲ့ အမြင်အာရုံတွေ
ကျန်ကျန်ခဲ့တာ ဒြပ်ထုနှင့် အလျင်
တိုက်မိကြပေါ့။
အလျင်ကြောင့်ပဲ လူတွေ
တိုးမိတိုက်မိကြတယ်
အသံတွေက မချိ့မဆန့်ကျယ်ကျယ်လောင်လောင်
ပွတ်တိုက်ကခုန်လို့
ကားဘရိတ်အုပ်သံ
ဆဲဆိုသံ
ခြေထောက်က ခြေထောက်ကို တက်နင်းမိသံ
ခါးပိုက်အနှိုက်ခံရသံ
လုံမပျိုလေးရဲ့ ကာအိန္ဒြေကို
အစော်ကားခံရသံ
အသံတွေ အသံတွေထဲမှာ
ထမင်းချိုင့်လွတ်ကျသံဟာ
ဗွမ်းခနဲမြည်ဟီးပေါ့။
တစ်ယောက်က တစ်ယောက်တည်းပြောတယ်
ထမင်းချိုင့်ကလည်း ထမင်းတွေချည်းပဲ တဲ့...
ထမင်းချိုင့်ဆိုပါမှ ထမင်းချည်းပဲ ပါမှာပေါ့
ငါတို့ကို ဟင်းစားပေးမယ့်သူ မရှိ
ကွန်ချက်ပြမည့်သူက နတ္ထိ
ကာလသားဟာ ဘေးဘီကိုအားနာစွာ ကြည့်ရင်း
အဖြူထည် ထမင်းဖွေးဖွေးလေးတွေဟာ
လူတကာရဲ့ ခြေနင်းဖတ် ဖြစ်ခဲ့ရ။
ကျွနု်ပ်လာတယ်၊ မြင်ခဲ့တယ်၊ အောင်တယ် တဲ့...
ဂျူးလိယက်ဆီဇာရေ
ခင်များခရီးသွားပုံ ဆန်းလှချည့်။
သမိုင်းကို မရောက်ဘူး
ကမ္ဘာအေးလမ်းကနေ သွားမှာ တဲ့
ကမ္ဘာကြီး အေးချမ်းပါစေ
ငါ ဆုတောင်းမိခဲ့။
လူ့သက်တန်းဆိုတာ
အချိန်နာရီရဲ့ ခုတ်မောင်းမှု
လက်ဖက်ရည်ဆိုင် ထိုင်ခုံပုပေါ်က
ကွမ်းစား ဆေးသောက် ကျပျောက်သလို
လုံးစေ့ပတ်စေ့ပြောရရင်...
နောက်ကျောဘက်အခြမ်း ခုံတန်းက
စကားသံတွေ။
ထိုင်နေသူဆင်းတော့ ရပ်နေသူတွေ နေရာရတယ်။
တကယ်တော့
ထိုင်ခုံမှာ ထိုင်ရခြင်း
တွဲလောင်ကျ ကြိုးကွင်းကို ကိုင်၍
မတ်တပ်ရပ်ရခြင်းဆိုတာဟာ
ဂမန၊ ဌာန၊ အာသန၊ သယန
ဣရိယပုတ်တစ်ခုရဲ့ ဆန်းကျယ်ရုံမျှထက်မပိုဘူး။
ငါတို့ လုံးစေ့ပတ်စေ့ သိရလိမ့်မယ်။
သူ့ဝိရိယနှင့်သူ ငိုက်မြည်းနေတဲ့
ဝါရင့်ခရီးသွားသူကြီးက ပြောရှာပေါ့
ကားကလည်းနော် အဆင်းမရှိ
အတက်ချည်းပဲ တဲ့...
တကိုယ်စာ သက်သာချောင်ချိမှု
ဘယ်သူ မလိုချင်ရှိပါ့မလဲ။
လိုရာခရီးမရောက်တဲ့ ကားတွေ
လမ်းမတိုင်းမှာ ပြေးလွှားရဲ့။
ငါ ကားမှားစီးခဲ့တာ မဟုတ်ဘူး။
မှတ်တိုင်တွေ ကျန်ခဲ့တယ်
ငါတို့ ဆက်သွားနေတယ်
ဒီကားကလည်း
အောက်ကြောကချည်း မောင်းနေတယ်
အပေါ်ကြောက တက်မောင်းပါတော့လား
ပုံသေကျသင့်ငွေကိုသာ ထည့်ပါ
စာတန်းတွေ ဆောင်ပုဒ်တွေ
ချွေးနှဲစာတွေ ဘယ်လောက်ထည့်ထည့်
ဘဝအဓိပ္ပယ်နဲ့ ဘဝသစ္စာမှတ်တိုင်မှာ
ထာဝရမိတ်ဆွေတွေနဲ့ အတူဆင်းချင်ရဲ့။
မိုးတမှောင်မှောင်မှာ
ယပ်တောင်တဖျပ်ဖျပ်နဲ့ အပျိုမက
မိတ်ဖွဲ့စကားဆိုလာရှာတယ်
အကိုလည်း နေ့တိုင်းမတ်ရပ်နော် တဲ့
အေးလေ
ငါတို့ ရပ်စောင့်ခဲတာ ကြာပြီပဲ
ဝဋ်နာကံနာလို့ ထင်လားဆိုတော့
သူ့ခမျာ
မမြင်ရတဲ့ မီးပ္ပိုင့်ကို ငေးမောလို့
လမ်းပြင်နေတာ ထင်တယ်အကို တဲ့…
ခင်းပြီးသားလမ်း ပြင်နေမှတော့
ငါတို့ တစ်ဘဝစာနောက်ကျ ပိတ်ဆို့ပြီပေါ့။
ချွေးတပြိုက်ပြိုက်နဲ့ တိုးဝင်ကြ
ခက်ထန်မှုတွေကို အပြုံးနဲ့ဖုံးကွယ်
နှုတ်ဆက်ကြ ခင်မင်ကြ
ထာဝရရန်သူကို သိကြ
ရောမမြို့က နီရိုဘုရင်ဟာ အနုပညာသမားတဲ့
အနုပညာသမားက သူ့ရဲ့အင်ပိုင်ယာကို
သူကိုယ်တိုင် မီးရှို့ပါ့မလား
ကားဆရာရေ ဖြေးဖြေး ငါတို့အလျင်မလိုပါဘူး။
ဒီနေ့က ကားပေါ်ပါလူကုန်
ကျွန်တော်တို့ မနက်ခင်းရဲ့
နုပျိုလန်းဆန်းမှုတွေဟာ
ကျပျောက်ခဲ့ရပေါ့ တမှုံ့။ ။
11.10.2023
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar