ရဲဘော်တေး - ဘူဆန်ညရထား
ရဲဘော်တေး - ဘူဆန်ညရထား
(မိုးမခ) အောက်တိုဘာ ၂၆ ၊ ၂၀၂၃
စည်ပေါက်တယ်ဆိုတော့ မြွေပေါက်သလိုပါဘဲ။
အင်း……
ဆိပ်တက် အိပ်ပျက်ညတစပြင် တံခါးဖွင့်ပြီး ဝန်းကျင်မကြည့်ရဲ စိုးထိတ်တိုးတိတ် အမှောင်နက်ထဲက တကောင်ကြွက်ည။
သွားရည်စီးကြောင်း အာခေါင်ထဲက ဟောက်သံဟာလဲ ချောက်ချားမှောက်မှားစရာ။ အဲဒါရဲ့တွဲဆက်ထားတဲ့ လကမ္ဘာ မျက်နှာပြင် ခေါသူမကို မြင်နေရတာဟာလဲ ပျို့အန်အော်ဂလီဆန်လာ။ ဒီလိုညမျိုးတွေ ဘယ်လောက်ဖြတ်သန်းရဦးမှာလဲ။
ဟင်း…….
စည် ဆိုတာ စစ်မိန့်ပေးတဲ့ဟာ။ စည်ပေါက်တယ်ဆိုတာ စစ်မိန့်ပျက်တာ။ စစ်မိန့်ပြန်မရတော့တာ။ အမိန့်မနာခံတော့တာ။
တဆစ်ဆစ် ဆုတ်ညှစ်လာ။
အိုး ငရဲကလာတဲ့ အသံတွေ ပွက်ဆူ။ သွားထက်ထက် အကောင်ကြီးတွေ၊ ဆူးချွန်တုတ်တွေ၊ မီးလုံးကြီးတွေ။ မီးလောင်ပြင်ထဲက လူတွေ။ ပြီးတော့ ဒရုန်းဒဏ်ခံ ကိုယ်ရည်ပျက် စစ်သားမျက်ခွက်တွေ အများကြီး တွားတက်လာ၊ မျက်နှာကြက်မှာလဲ အဲဒီမျက်နှာပျက်ကြီးတွေက သွားတွေဖြဲလို့။ အိမ်တော်လှေကားဆီက ချိုင်းထောက်သံတွေ၊ ကြမ်းပြင်ပေါ်က ချိုင်းထောက်သံတွေ။ တံခါးတွေကိုထုရိုက်ကန်ကျောက်နေတဲ့ စစ်ဆေးရုံတွေကဖြတ်ထားတဲ့ ခြေလက်တွေ။ ချောင်းကြားမြောင်းကြားက အလောင်းတွေ။ ရူးပျက်စရာ ဘူဆန် ညရထားပေါ်မှာ။ မိုးလင်းရာဆီ အူယားဖားယားပြေး။ သွေးအလိမ်းလိမ်း ကလေးငယ်လေးတွေ၊ ကလေးတွေရဲ့ အသားတစ်တွေကြား ချော်လဲ၊ ထမရ၊ မိချောင်းသွားသွားတုန်း ပါးစပ်ထဲ အသားတစ်တခုဝင်လာ။ ညနေကမှ ကိုင်စွဲခဲ့တဲ့ မြေးမလေးရဲ့လက်။ အိုး တကိုယ်လုံး စီးနေတဲ့ ကလေးသွေးတွေကြား တလိမ့်လိမ့်ထွက်လာတဲ့ ချွေးတွေ နစ်ရွှဲလို့။ လင်းပါတော့ကွယ်။
အင်းလေးမှာ စည်ပေါက်ပြီ။ ရေတိမ်နစ်နိမိတ်။ အမိန့်ပျက်အတိတ်။ ကိုယ် လုပ်ခိုင်းတဲ့ ဘုရားပွဲမှာ။ ဘုရား ဘုရား ဘုရား ကယ်ပါ။
စည်ဆိုတာ စစ်မိန့်ထုတ်တဲ့ဟာ။ စည်ပေါက်တယ် ဆိုတာ စစ်မိန့်ပျက်တာ။ စစ်မိန့် ပြန်မရတော့တာ။ အမိန့်မနာခံတော့တာ။
တဆစ်ဆစ်ကိုက်ခဲ။ ဘူဆန်ရထားပေါ်က ညရှည်များ။ ဘူဆန်ရထားပေါ် တက်လာတဲ့တွားသွားသတ္တဝါများ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar