နယ်စပ်ဒေသက တိုင်းရင်းသား ဒေသတွေအပေါ် တရုတ်နိုင်ငံရဲ့ သြဇာ
မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၁၃ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၂၃
နယ်စပ်ဒေသက တိုင်းရင်းသား ဒေသတွေအပေါ် တရုတ်နိုင်ငံရဲ့ သြဇာ
တရုတ်-မြန်မာနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ဒေသတလျှောက်မှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအပေါ် အိမ်နီးချင်း တရုတ်ရဲ့ သြဇာသက်ရောက်မှုရှိတယ်ဆိုတာ ဘယ်သူမှ အငြင်းမပွားကြတဲ့ ကိစ္စတရပ် အဆိုတရပ်လည်း ဖြစ်ပါတယ်။ သို့သော်လည်း ဘယ်လောက်ထိ သြဇာရှိသလဲဆိုတာ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုကြတာမျိုး သိပ်မရှိကြတာကြောင့် ဖြစ်ရပ်တွေ အပေါ်မူတည်ပြီး အကဲခတ် ကောက်ချက်ချကြရတာမျိုးလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံ မြောက်ဘက်အကျဆုံးက စကြည့်ရင် ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ နယ်မြေတွေမှာ အခြေစိုက်တဲ့ KIO/KIA အဖွဲ့၊ တရုတ်နိုင်ငံနဲ့ နယ်စပ်ဒေသမှာ အခြေစိုက်တာမဟုတ်ပေမယ့် အဲဒီ နယ်မြေမှာပဲ မဟာမိတ်အဖွဲ့ထံမှာ စစ်ပညာ လေ့ကျင့်မှုနဲ့ လက်နက်တွေ ရယူနေတဲ့ ULA/AA လို အဖွဲ့၊ ဒါ့အပြင် ကချင်ပြည်နယ် မြောက်ပိုင်းမှာပဲ အခြေစိုက်တဲ့ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းထားတဲ့ ဇခုန်တိန်ယိန်း ဦးဆောင်တဲ့ အဖွဲ့ (ယခင် NDAK)၊ ရှမ်းမြောက်ဒေသမှာ TNLA အဖွဲ့၊ ကိုးကန့် MNDAA ကိုးကန့်လက်နက်ကိုင် အဖွဲ့၊ မိုင်းလား အဖွဲ့၊ UWSA ဝပြည်ညီညွတ်ရေး အဖွဲ့ စတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ အုပ်ချုပ်နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ တရုတ်နိုင်ငံနဲ့ မိတ်ပျက်လို့ မဖြစ်တဲ့ အနေအထားမျိုး ဆက်ဆံလှုပ်ရှားကြရတာ အားလုံးသိပြီး ဖြစ်တဲ့ ကိစ္စလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၁၀ စုနှစ် တခုကျော်ကာလအတွင်း မြန်မာနိုင်ငံတွင်း တက်လာတဲ့ အစိုးရတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၊ ညီလာခံလိုမျိုးတွေမှာ တက်ရောက်ဖို့ ဆွေးနွေးဖို့ တရုတ်နိုင်ငံရဲ့ တိုက်တွန်းချက်မျိုးကို အထက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနည်းနဲ့အများ အလေးထားကြရတဲ့ ဖြစ်ရပ်တွေရှိခဲ့တာ ဖြစ်ပါတယ်။
အခုလတ်တလော ဂိုဏ်းဖွဲ့ကာ အွန်လိုင်း ငွေလိမ်လည်မှု လုပ်တဲ့ ရာဇဝတ်မှုတွေ မြန်မာနိုင်ငံနယ်နိမိတ် ဒေသတွေ နောက်ပိုင်း ရန်ကုန်မြို့ရဲ့ စီးပွားရေး ဧရိယာလိုနေရာမျိုးမှာ ရုံးခန်းဖွင့်ပြီး လုပ်ကိုင်လာကြတဲ့ အထိကျယ်ပြန့်လာပြီး အဆိုပါလုပ်ငန်းတွေမှာ ပါဝင်မောင်းနှင်နေသူတွေက တရုတ်နိုင်ငံသား အများအပြား ဖြစ်ပြီး အခြားသော နိုင်ငံသားတွေကိုပါ လူကုန်ကူးမှု သဖွယ် ဖျားယောင်းခေါ်ဆောင်ပြီး ခြိမ်းခြောက် ခိုင်းစေကြတဲ့ နိုင်ငံတွေ နယ်နိမိတ်တွေကို ဂရုစိုက်စရာမလိုတဲ့ ရာဇဝတ်မှုတွေ မကြာသေးတဲ့ ၃/၄ နှစ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ကြီးထွားလာခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံသားတွေပါဝင်တဲ့ ရာဇဝတ်ဂိုဏ်းတွေက ပစ်မှတ်ထားခံရသူတွေက တရုတ်နိုင်ငံအပါအဝင် အရှေ့တောင်အာရှ၊ အရှေ့အာရှ တင်မက တကမ္ဘာလုံး အတိုင်းအတာနဲ့ ကျူးလွန်ကြတဲ့ သဘောလည်း ဖြစ်လာပါတယ်။ ဒီရာဇဝတ်ဂိုဏ်းတွေ မှာ လည်ပတ်နိုင်ကြဖို့ အွန်လိုင်းကို ကျွမ်းကျွမ်းကျင်ကျင် သုံးစွဲတတ်တဲ့ ဝန်ထမ်းတွေကို ဖွံ့ဖြိုးဆဲနိုင်ငံတွေကနေ ဖျားယောင်းခေါ်ယူပြီး ရောက်ရှိလာတဲ့အခါ အလွယ်တကူ ပြန်ခွင့်မရတော့ဘဲ ကျေးကျွန်သဖွယ် ပိတ်လှောင်ထားပြီး စေခိုင်းကြတာ ဖြစ်ပါတယ်။
ဒီလို နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေက တရုတ်နိုင်ငံရဲ့ ဂုဏ်သတင်းကို ထိခိုက်စေသလို ပစ်မှတ်ထား လိမ်လည်ခံရသူတွေကလည်း တရုတ်နိုင်ငံသား အများအပြား ပါဝင်ကြရာက တရုတ်နိုင်ငံက ဒီရာဇဝတ်ဂိုဏ်းတွေကိ နှိမ်နှင်းဖို့ ယခင်နှစ်ကတည်းက စတင်ကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးမှု ဆိုးရွားစွာကျဆင်းနေတဲ့ မြန်မာနိုင်ငံ၊ လက်နက်ကိုင် အုပ်စုတွေ စိုးမိုးထားကြပြီး ၄င်းတို့ရဲ့ ခွင့်ပြုချက် သို့မဟုတ် လျစ်လျူရှုခွင့်ရအောင် အခွန်အကောက် တနည်း ဆက်ကြေးပေးထားရင် လုပ်ချင်တာ လုပ်ခွင့် လက်နက်ကိုင် အကာအကွယ်ပေးတဲ့ အခွင့်အရေးတွေရနေတာလည်း ဖြစ်ပါတယ်။
အခုအခါမှာတော့ တရုတ်နိုင်ငံက ဒီရာဇဝတ်ဂိုဏ်းတွေ နှိမ်နှင်းဖို့ကို ၄င်းရဲ့ ရှိသမျှ ယန္တရား၊ အာဏာ၊ သြဇာလွှမ်းမိုးမှု သုံးပြီး လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ မကြာခင် သီတင်းပတ်တွေမှာ တရုတ်နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်ဒေသတွေက အွန်လိုင်းလိမ်လည်မှု ဂိုဏ်းတွေနဲ့ ဆက်စပ်တယ်လို့ သံသယရှိသူ ရာ၊ ထောင်ချီပြီး ဖမ်းဆီးကာ တရုတ်နိုင်ငံလက်ထဲ လွှဲအပ်ပေးတာတွေ ဆက်တိုက် ကြားသိနေရသလို မြန်မာစစ်ကောင်စီ အစိုးရကလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အလားတူ လိမ်လည်မှုဂိုဏ်းတွေနဲ့ ပတ်သက်တဲ့ တရုတ်နိုင်ငံသားတွေကို ဖမ်းဆီးပြီး တရုတ်နိုင်ငံထံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
ခုနောက်ဆုံး တရုတ်နိုင်ငံက လှမ်းလိုက်တဲ့ ခြေလှမ်းက ဝ ပြည်ညီညွတ်ရေး တပ်မတော်က အရာရှိ ၂ ဦးကို တရုတ်နိုင်ငံက ရာဇဝတ်မှုနဲ့ အလိုရှိတဲ့ သံသယ တရားခံအဖြစ် ဝရမ်းထုတ်လိုက်တာ ဖြစ်ပါတယ်။ ဝပြည် ဆောက်လုပ်ရေး ဌာနကြီးမှူး ပေါက်အိုက်ပန်း နဲ့ မိုင်လင်း ခရိုင်အုပ်ချုပ်ရေးမှူး အိုက်ဟော့ တို့နှစ်ဦးကို အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေနဲ့ ပတ်သက်တယ်လို့ တရုတ်နိုင်ငံက စုံစမ်းတွေ့ရှိပြီး တရားခံအဖြစ် ဖမ်းဆီးဖို့ ဆုငွေထုတ်လိုက်တာလည်း ဖြစ်ပါတယ်။
မကြာသေးခင်က ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသက လုပ်ငန်းရှင် ၁၁ ဦးကို တရုတ်နိုင်ငံထဲက ကုန်စည်ပြပွဲတခုကို တက်ရောက်စဥ် ဖမ်းဆီးခဲ့ပြီး အခု ဝပြည်က အုပ်ချုပ်ရေး အရာရှိတွေ ဝပြည်မှာ သြဇာအာဏာရှိဆုံးသူနဲ့ ဆွေမျိုးတော်စပ်သူလည်း ဖြစ်သူတွေကို ဖမ်းဆီးဖို့ ဝရမ်း ထုတ်လိုက်တာပါ။ အခုလို အွန်လိုင်း ငွေလိမ် ရာဇဝတ်ဂိုဏ်းတွေကို တရုတ်နိုင်ငံက ဆက်တိုက်ဆိုသလို နှိမ်နှင်းနေတာနဲ့ ပတ်သက်လို့ မြန်မာစစ်ကောင်စီ ဘက်ကတော့ မှတ်ချက်ပေးတာ သဘောထား ထုတ်ပြန်တာ မတွေ့ရပေမယ့်လည်း စစ်ကောင်စီ အနေနဲ့ တရုတ်နိုင်ငံရဲ့ လုပ်ကိုင်မှုတွေကို ဗိုလ်ကျတယ်လို့ ခံစားရမှာ အမှန်ပဲ ဖြစ်ပါတယ်။ မကြာခင် လပိုင်းက တရုတ်နိုင်ငံက ကိုယ်စားလှယ် လာရောက်စဥ် စစ်ကောင်စီ ခေါင်းဆောင် ကို တွေ့ဆုံစဥ် ဒီရာဇဝတ်ဂိုဏ်းတွေကို နှိမ်နှင်းဖို့ လူသိရှင်ကြား ပြောဆိုခဲ့တာကိုကြည့်ရင်လည်း တရုတ်အစိုးရရဲ့ သြဇာ အာဏာပြပုံက ထင်ရှားသိသာပါတယ်။
စစ်ကောင်စီ အနေနဲ့ တရုတ်နိုင်ငံရဲ့ စီမံချက်တွေကို အတိုင်းအတာတခုထိ ပူးပေါင်းကူညီမှုရှိတာ မှန်ပေမယ့် စစ်ကောင်စီ သတင်းစာတွေမှာ ဒီအကြောင်းတွေနဲ့ပတ်သက်လို့ ဘာမှ ထုတ်ဖော်ရေးသားတာ ပြောဆိုတာတွေ မရှိတာထောက်ရင် တရုတ်က အရေးတကြီးထားတဲ့ ကိစ္စတွေကို ဒီလောက်အရေးမကြီးတဲ့အသွင် မြင်တွေ့ရပါတယ်။
စစ်ကောင်စီ အနေနဲ့ ရုရှားကို အောက်ကျို့ ဆက်ဆံလိုပေမယ့်၊ တရုတ်နိုင်ငံကိုတော့ ပစ်ပယ်လို့မရဘူးဆိုတာ လက်ခံပေမယ့် ဒီလောက်ထိ အောက်ကျ နောက်ကျဆက်ဆံဖို့ မလိုဘူးလို့ ယူဆထားပုံလည်းရတာ တွေ့နေရတာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar