အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၄၀ )
အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၄၀ )
(မိုးမခ) နိုဝင်ဘာ ၁၃၊ ၂၀၂၃
11/11/23
Diary in the darkness
မနက် FB ဖွင့်တာနဲ့ သပြေခက် ပုံတွေ ဆက်တိုက်တင်နေတာ တွေ့ရတယ်။ ဒီနေ့ သပြေခက်လှုပ်ရှားမှုရှိတယ်လို့ သိရတယ်။ ဆရာမင်းသုဝဏ်ရဲ့ သူ့ခေါင်းမှာလည်း သပြေညို ငါ့ခေါင်းမှာလည်း သပြေညို ဆိုတဲ့ ကဗျာကို သတိရတယ်။ ၁၉၄၈ လွတ်လပ်ရေးအောင်ပွဲအကြို ကဗျာပါ။
ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး အောင်ပွဲကြောင့် တနိုင်နိုင်ငံလုံးက စစ်အာဏာရှင် ဆန့်ကျင်ရေးစိတ်ဓါတ်တွေ မြင့်တက်နေတယ်။
ပဲခူးက သူငယ်ချင်းက ဖုန်းဆက်တယ်။ ရန်ကုန်အခြေအနေ ဘယ်လိုလဲ၊ ပဲခူးမှာ ဓာတ်ဆီဝယ်မရလို့ သူ ရန်ကုန်ကို လာပြီး ဆေးခန်းပြဖို့ အစီအစဉ်ဖျက်လိုက်တယ်တဲ့။ သူငယ်ချင်းတွေနဲ့ တွေ့ဖို့အစီအစဉ်လဲ ဖျက်လိုက်ပြီလို့ အကြောင်းကြားပါတယ်။ ရန်ကုန်မှာလည်း ဓာတ်ဆီဆိုင်တွေမှာ ကားတန်းကြီးတွေ တန်းစီနေတာ တွေ့ရတယ်။
မှော်ဘီဘုန်းကြီးကျောင်းမှာ ကထိန်ခင်းဖို့ သွားတဲ့ သူငယ်ချင်းတွေ နေ့လယ် နှစ်နာရီကျော်အထိ ဓာတ်ဆီဆိုင်မှာ တန်းစီနေရလို့ ဘုန်ကြီးကျောင်း မရောက်သေးကြောင်း ဖုန်းဆက်တယ်။ အိမ်မှာ တပတ် တခါ လာပြီး သန့်ရှင်းရေး လုပ်ပေးတဲ့ ကောင်မလေးလည်း လိုင်းကားတွေ မထွက်လို့ ဒီနေ့မလာနိုင်ကြောင်း ဖုန်းဆက်တယ်။ လမ်းထဲက အငှားယာဉ်မောင်းကတော့ မနက်အစောကြီးကတည်းက ဓာတ်ဆီတန်းစီဖို့ ထွက်သွားတာ ညနေထိ ပြန်မရောက်သေးဘူးတဲ့။
သတင်းတွေ ဆက်တိုက်ကြည့်မိလို့လားမသိ။ ခေါင်းတွေမူး၊ သွေးတွေတိုး။ သတင်းကလည်း သတင်းကောင်းတွေဆိုတော့ ထပ်ကာထပ်ကာ ကြည့်မိတယ်။
"အဘရေ လေယာဉ်မလာသေးဘူးလား ကယ်ပါဦး " ဆိုတဲ့ အသက်ထွက်ခါနီး ရဲတစ်ယောက်နဲ့ သူအထက်အရာရှိ အပြန်အလှန်ပြောနေတဲ့ အသံဖိုင်ကို ငါးကြိမ်ထက်မနည်း နားထောင်ဖြစ်တယ်။ သတင်းဌာန တခုမှာ လုပ်နေတဲ့ သူငယ်ချင်းကလည်း သူလည်း အကြိမ်ကြိမ် နားထောင်နေမိတဲ့အကြောင်း၊ နားထောင်ရတာ အလွန်ပီတိဖြစ်တဲ့အကြောင်း သူ့ လူမူကွန်ရက်ပေါ်မှာ ရေးထားတယ်။ အောက်မှာ မှတ်ချက်ရေးသူတွေကလည်း သူတို့လည်း ထပ်ခါတလဲလဲ နားထောင်နေမိကြောင်း ရေးကြတယ်။
ဪ ပီတိဖြစ်နေတာ ငါတယောက်ည်း မဟုတ်ပါလားလို့ တွေးမိတယ်။ လူတစ်ယောက် သေမှာကို ပီတိနဲ့ စောင့်ကြည့်နေတဲ့ ငါတို့ စိတ်ကို ငါတို့နားမလည်နိုင်တော့ဘူး။ ငါတို့ စိတ်တွေ ဒီလောက်တောင်ကြမ်းတမ်းကုန်ပြီလား ၊နေ့စဉ်ရွတ်ဆိုနေတဲ့ မေတ္တာပို့ ဆုတောင်း တွေ ဘယ်ရောက်ကုန်ပြီလဲလို့ မိမိကိုယ် မိမိ ပြန်မေးမိတယ်။ ဒါပေမဲ့ လက်နက်မဲ့ လူငယ်တွေကို သေနတ်နဲ့ ချိန်ပြီး ရက်ရက်စက်စက် ပစ်သတ်တာ၊ သက်ကြီးရွယ်အိုတွေ၊ မိန်းမတွေ၊ ရွာသူရွာသားတွေကို စိတ်ပါ လက်ပါ ခေါင်းဖြတ်သတ်တာ၊ ရွာတွေကို မီးရှို့ လုယက်ပြီး အောင်ပွဲခံတဲ့ သူတို့ရဲ့မျက်နှာတွေ ပြန်မြင်တော့ ဒီကောင်တွေကို မသနားတော့ဘူး။ လူထုတရပ်လုံးက ငါ့လိုပဲ ခံစားနေကြရမှာ သေချာတယ်။ ခုတော့ နေ့စဉ် မေတ္တာပို့ နေတဲ့ အလေ့အကျင့်တောင် ဘယ်ရောက်ကုန်မှန်းမသိတော့ဘူး။
လောက်ကိုင်မြို့က စစ်ပြေးတွေ လမ်းမှာ ဒုက္ခတွေ့နေပုံ ဗီဒီယိုကလစ်တွေ တက်လာတယ်။ ဆိုင်ကယ်တွေ၊ ကားတွေ၊ ခြေလျင်လျှောက်သူတွေနဲ့ တလမ်းလုံး ပြည့်နေတယ်။ စစ်ရှောင် ဒုက္ခသည် ငါးထောင်လောက် ရှိမယ်လို့ ဗီဒီယို ကလစ်တင်သူက ပြောပါတယ်။ အမြောက်သံ သေနတ်သံတွေလည်း အဆက်မပြတ် ကြားနေရတယ်။ ဆောင်းတွင်းမနက် စောစော ရှမ်းတောင်တန်းကြီးတွေကြားမှာ မောကြီးပန်းကြီး ပြေးလွှားနေတဲ့ ပုံရိပ်တွေ မြင်ရတာ မောတယ်။ သူငယ်ချင်းတွေရဲ့သားသမီးတွေ ဘယ်လိုအခြေအနေရှိတယ်ဆိုတာ မမေးရဲလို့ မမေးရသေးဘူး။ ကိုယ်ကလည်း ဘာမှမကူနိုင်ဘူးလေ။
မနေ့ညက ကွမ်းလုံမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ ထိမ်းချုပ်လိုက်ပြီ၊ ၁၀၂၇ စစ်ဆင်ရေး စပြီး ဆယ့်နှစ်ရက် အကြာမှာ စ စ် ကောင်စီ စခန်း တစ်ရာ့ငါးဆယ် ကျော်နဲ့ မြို့ ပေါင်း ခြောက်မြို့ ကို ထိန်းသိမ်းနိုင်ပြီလို့ သတင်းတွေမှာ ရေးသားနေကြတယ်။
ကောလင်းမြို့လည်း တော်လှန်ရေးတပ်တွေ လက်ထဲကျသွားပြီ ဆိုတဲ့ သတင်းတွေ ပြန့်နေတယ်။ ကိုရီးယာရောက် ကောလင်းသူ မိတ်ဆွေကတော့ ကောလင်းမြို့ တော်လှန်ရေးတပ်သားတွေ လက်ထဲ ကျ သွားပြီဆိုတဲ့ သတင်းတွေ အလျင်စလို မတင်ကြဖို့ လူမှုကွန်ရက်ပေါ်မှာ တောင်းပန်ထားပါတယ်။ စစ်ကောင်စီတပ်က မြို့ကို ဗုံးတွေ ဆက်တိုက်ကြဲနေတော့ သူ့ဖခင်နဲ့ အစ်ကိုတွေအတွက် စိုးရိမ်နေတယ်။ အဆက်အသွယ်လည်းမရ ဖြစ်နေတယ်လို့ ရေးထားပါတယ်။
စစ်ကောင်စီကိုထောက်ခံတဲ့ ရုပ်ရှင်သမားတွေ၊ တေးသံရှင်တွေ၊ ဆယ်လီတွေကို ရှေ့တန်းကို ဖျော် ဖြေရေးအတွက်လွှတ်မယ်လို့ ပြန်ကြားရေးဝန်ကြီးက စီစဉ်နေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ် လာပြီး မရှေးမနှောင်းမှာပဲ ဆယ်လီတွေ၊ သရုပ်ဆောင်တွေ ဘုန်ကြီးဝတ်သူ ဝတ်၊ မယ်သီလရှင် ဝတ်သူဝတ်နဲ့ ။ သတင်းဓာတ်ပုံတွေကတော့ လတ်တလောရိုက်တဲ့သတင်းဓါတ်ပုံတွေပါသလို ဓာတ်ပုံအဟောင်းတွေလဲပါတယ်လို့ ဆယ်လီသတင်းထောက်က ပြောပါတယ်။ လူတွေကတော့ စစ်ကောင်စီက မြန်မာ့အနုပညာရှင်တွေကို ရှေ့တန်းတင်နေပြီလို့ ခနဲ့တဲ့တဲ့ ပြောကြတယ်။
လူတွေယောက်ယက်ခတ်နေချိန်မှာ စစ်ကောင်စီတပ်က ယတြာချေဖို့အမိန့်တွေ ဆက်တိုက်ထုတ်လာပါတယ်။ စစ်ကောင်စီထောက်ခံသူတွေ အားလုံး ဘယာကြော်၊ ကျောက်ကျော၊ မုန့်လုံးရေပေါ် ဘုရားဆွမ်းတော်ကပ်ရမယ်တဲ့။ ကြားရသူ ပြည်သူတွေအဖို့ ငိုအားထက်ရယ်အားသန် ဖြစ်နေတယ်။ အမိန့်ထုတ်သူကလဲ ထုတ်၊ လိုက်လုပ်သူကလဲ လုပ်ပေါ့။ ဒီလိုလုပ်ရပ်နဲ့ ဒီလိုအမိန့်တွေကြောင့် စစ်ကောင်စီအကျပ်အတည်းဆိုက်နေပြီဆိုတာ လူတွေက ပိုမြင်လာတယ်။ ပိုသတိပြုမိလာတယ်။ ပိုသိက္ခာကျလာတယ်။
ကွမ်းလုံမှာ ၉၉ တပ်ရင်းမှူးကျပြီး စစ်ကောင်စီတပ်တွေထဲမှာ ငါတို့အလှည့် ဘယ်တော့လဲ၊ အလံဖြူထောင်ရင် တကယ်ပဲအသက်ရှင်ခွင့်ရမှာလား၊ တယောက် ဆယ့်ငါးသိန်း တကယ်ရမှာလား ဆိုတဲ့ မေးခွန်းတွေ တက်လာတယ်။ အဆိုးဆုံး မေခွန်းကတော့ တပ်ရင်းမှူးခေါင်းပေါ် ဒရုံးဗုံး တည့်တည့်ကျတယ်ဆိုတော့ ဒရုန်းကာကွယ်ရေး ဂျမ်ဘာတွေကို မင်းအောင်လှိုင်က သူ့အတွက်ပဲ သုံးနေသလားဆိုတဲ့တပ်တွင်းကလာတဲ့ မေးခွန်းပါ။ ဒီမေးခွန်းဟာ တပ်တွင်းထိပ်ပိုင်းအကွဲအပြဲကို ဖော်ပြနေတဲ့ မေးခွန်းဖြစ်ပါတယ်။
အပြင်စိမ်းပြီး အတွင်း နီနေတဲ့ တပ်တွင်းဖရဲသီးတွေရဲ့ပြသနာ၊ လိမ်လည်ထားတဲ့ အစီရင်ခံစာတွေရဲ့ ပြဿနာ၊ ခရိုနီ အဘ ဘောမတွေက အဘ ဘောညှစ်တွေဖြစ်ကုန်တဲ့ ပြဿနာ စတဲ့ပြသနာတွေဟာ ညီနောင်သုံးဖွဲ့က ဒရုန်းတွေ ခေါင်းပေါ်ကျတာထက် ပိုဆိုးတဲ့ပြဿနာပါ။
ပျက်ချိန်တန်တော့လဲ အကုသိုလ်တွေ စုပြုံအကျိုးပေးနေတော့တာပါပဲ။
တရားနဲ့ဖြေပါတော့လို့ အကြံပေးချင်ပေမယ့် တရားဆိုတာ ဘာမှန်းမသိတဲ့သူတွေဆိုတော့ ဘာမှ မပြောတော့ပါဘူးလေ။
အန်ကယ် တူမီး
၁၁ ၁၁ ၂၃
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar