Breaking News

ကရင်နီဒေသ စစ်ဆင်ရေးပြီး ၂ ရက်အကြာ အနေအထား


မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၁၂ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၂၃နိုဝင်ဘာ ၁၂ရက် 

ကရင်နီဒေသ စစ်ဆင်ရေးပြီး ၂ ရက်အကြာ အနေအထား 

ရှမ်းမြောက်ဒေသ မှာ စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး ၁၇ ရက် အကြာ၊ ကရင်နီဒေသမှာ KNDF နဲ့ KA တို့ရဲ့ လွိုင်ကော်မြို့ ကို သိမ်းယူဖို့ ရည်မှန်းချက်နဲ့ တိုက်ခိုက်တဲ့ စစ်ဆင်ရေး စတင်ပြီး ၂ ရက်အကြာမှာ ရခိုင်ပြည်နယ်မှာလည်း AA လို့ အတိုကောက်ခေါ်တဲ့ Arakan Army က နှုတ်အားဖြင့် သဘောတူထားတဲ့ အပစ်ရပ်သဘောတူညီချက်ကို အဆုံးသတ် လိုက်ပြီး ရသေ့တောင်မြို့နယ်က ဒုံးပိုက်နှင့် ချိန်ခါလီ တို့မှာရှိတဲ့ နယ်ခြားစောင့်စခန်းတွေကို AA ဘက်က စတင်တိုက် ခိုက်ခဲ့တဲ့သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၁၃ ရက်နေ့ နံနက် စောစောမှာ တိုက်ခိုက်မှုကို စတင်လိုက်တာဖြစ်ပြီး ရခိုင်ပြည်နယ်မှာ ဒုတိယအကြိမ်မြောက် နှုတ်အားဖြင့် အပစ်ရပ်သဘောတူညီမှုဟာ ယမန်နှစ် နိုဝင်ဘာ ၂၆ ရက်နေ့က စတင်ခဲ့တာ ဖြစ်ပြီး တနှစ်တင်းတင်းပြည့်ဖို့ သီတင်း ၂ ပတ်အလိုမှာ တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ 

လက်တွေ့မှာတော့ AA အနေနဲ့ ၁၀၂၇ စစ်ဆင်ရေး မှာပါဝင်တဲ့ လက်နက်ကိုင် ၃ ဖွဲ့မှာ တဖွဲ့ဖြစ်လို့ စစ်ကောင်စီနဲ့ တိုက်ခိုက်နေတာ ပြီးခဲ့တဲ့ သီတင်း ၂ ပတ်အကျော်ကတည်းက ဖြစ်ပြီး ယခု နိုဝင်ဘာ ၁၃ ရက်နေ့မှာတော့ ရခိုင်ပြည်နယ်မှာ သေနတ်သံပြန်ကြားပြီး ရခိုင်ပြည်နယ်မှာရှိတဲ့ နယ်ခြားစောင့်စခန်းတွေကို တိုက်ခိုက်မှု စတင်လိုက်တာဖြစ်ပါတယ်။ 

၁၀၂၇ စစ်ဆင်ရေးမှာ AA အနေနဲ့ ကိုးကန့်တပ်ဖွဲ့နဲ့သော်လည်းကောင်း TNLA နဲ့သော်လည်း ကောင်း စစ်ကိုင်းအထက်ပိုင်းမှာ PDF တွေနဲ့သော်လည်းကောင်း ပူးတွဲတိုက်ခိုက်နေခဲ့တာဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် သတင်းတွေ၊ အကဲဖြတ်သုံးသပ်ချက်တွေမှာ AAအဖွဲ့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့အင်အားကို မြန်မာစစ်ကောင်စီစစ်တပ်အင်အားပြီးနောက် ဒုတိယအင်အားအကြီးဆုံး အဖွဲ့ဖြစ်တယ်လို့ ခန့်မှန်းပြောဆိုမှုတွေ ထွက်ပေါ်ခဲ့ပေမယ့် ကာယကံရှင် အဖွဲ့အစည်းဖြစ်တဲ့ AA အနေနဲ့တော့ ၄င်းတို လက်နက်ကိုင် အင်အား ဘယ်လောက်ရှိတယ်ဆိုတာ ထုတ်ဖေါ်ပြောဆိုခြင်း မရှိသေးပါဘူး။ AA ရဲ့ လက်နက်ကိုင် အင်အားကို ၂၀,၀၀၀ ကနေ ၃၀,၀၀၀ အထိ ခန့်မှန်းပြောဆိုကြပြီး ယခင်က စစ်ကောင်စီ တပ်အင်အားပြီးနောက် ဒုတိယအများဆုံး ဆိုတဲ့ UWSA ဝ ပြည်က လက်နက်ကိုင်တပ်အင်အားထက် AA က ပိုသာသွားသလားဆိုတာတော့ အတည်မပြုနိုင်ပေမယ့် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေအနက် အချိန်တို ဆယ်စုနှစ် တခုကျော်အတွင်း လက်နက်ကိုင် အင်အား သောင်းချီ ဖြစ်လာတဲ့ တခုထည်းသော အဖွဲ့ဖြစ်ပါတယ်။ ထူးခြားချက်က AA တပ်ဖွဲ့အနေနဲ့  ရခိုင်လူမျိုးစုတွေနေထိုင်ကြတဲ့ ရခိုင်ပြည်နယ်ရဲ့ ပြင်ပ ဖြစ်တဲ့ ကချင်ပြည်နယ် လိုင်ဇာမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကချင်ပြည်နယ်နဲ့ မိုင်ရာချီဝေးကွာတဲ့ ရခိုင် ပြည်နယ်ကို တဖြည်းဖြည်းရွှေ့ပြောင်းပြီး နယ်မြေတည်ဆောက်ကာ အချိန်တိုအတွင်း စစ်ရေးအင်အားသာမက အုပ်ချုပ်ရေး တရားစီရင်ရေး အစရှိတာတွေကိုပါ တပြိုင်နက်ထဲ လုပ်ကိုင်လာခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့လည်း ဖြစ်ပါတယ်။ 

၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်မှာ AA နဲ့ စစ်တပ် အကြားစစ်ဆင်ရေး တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ပွားခဲ့ပြီး လက်နက်ကိုင်တပ်ဖွဲ့တွေသာမက အရပ်သားတွေပါ ရာချီသေဆုံးခဲ့ကြပါတယ်။ ၂၀၂၀ ရွေး ကောက်ပွဲမတိုင်ခင်မှာတော့ ဆာဆာကာဝါ ရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့ နှုတ်အားဖြင့် အပစ်ရပ်သဘောတူညီမှုရရှိခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်မှာ ဒုတိယအကြိမ် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ယမန်နှစ် နိုဝင်ဘာ ၂၆ ရက်နေ့မှာ နှုတ်အားဖြင့် အပစ်ရပ်သဘောတူမှု ဒုတိယအကြိမ်ပေါ်ထွက်ခဲ့ပြီး ရခိုင်မှာတိုက်ပွဲတွေငြိမ်သက်ခဲ့ရာက ခု နိုဝင်ဘာ ၁၃ ရက်နေ့မှာ စစ်ပွဲတွေပြန်လည် စတင်ခဲ့တာ ဖြစ်ပါတယ်။ 

ခုတပြန် AA နဲ့ စစ်ကောင်စီတပ်အကြား တိုက်ခိုက်မှုတွေဖြစ်ပွားနေခိုင် လက်နက်ကိုင်တိုက်ပွဲတွေက ရခိုင်ပြည်နယ်မှာတင်ဖြစ်ပွားနေတာမဟုတ်ပဲ မြန်မာနိုင်ငံအနှံ့အပြားမှာ စစ်ကောင်စီနဲ့ တိုင်း ရင်းသားလက်နက်ကိုင်တပ်တွေ၊ PDF တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ၊ စစ်ဆင်ရေးတွေ၊ စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ထုတ်ပြန်တာတွေ ဖြစ်ပွားနေချိန်ဖြစ်ပါတယ်။ ဒီအခြေအနေက ယခင် ၂၀၁၈-၂၀၁၉ ခုနှစ်တွေနဲ့ မတူသလို ၂၀၂၂ခုနှစ် အခြေအနေထက်လည်း ပိုမိုပြင်းထန်တဲ့ လက်နက်ကိုင် တိုက်ပွဲတွေ စစ်ဆင်တိုက်ခိုက်မှုတွေကို စစ်ကောင်စီက ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ 

၁၀၂၇ စစ်ဆင်ရေး စတင်ပြီး သီတင်းပတ်အကြာ မကြာသေးခင် ရက်ပိုင်းက စစ်ကောင်စီအနေနဲ့ ကာ/လုံ လို့အတိုကောက်ခေါ်တဲ့ ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီကို ခေါ်ယူပြီး ရှမ်းမြောက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ၄င်းရဲ့ တပ်နဲ့ လူထုကို သတင်းစကားပါးတာမျိုး၊  ထူးထူးခြားခြား လုပ်ဆောင်ခဲ့ပြီး လက်တွေ့မှာတော့ အင်နဲ့အားနဲ့ မြေပြင် တန်ပြန်စစ်ဆင်ရေးတွေ လုပ်ဆောင်တာ မတွေ့ရသေးပါဘူး။ ၂၀၂၃ ခုနှစ်ဆန်းမှာ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို ဆက်လက်သက်တမ်းတိုးပြီးနောက် စစ်ကိုင်းတိုင်းနဲ့ အချို့သော မြို့နယ်တွေကို စစ်အုပ်ချုပ်ရေး ထုတ်ပြန်သလိုပဲ အခုတဖန် ကိုးကန့်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမြို့နယ်အချို့ကို စစ်အုပ်ချုပ်ရေး ထုတ်ပြန်လိုက်ပါတယ်။ စစ်အာဏာ မသိမ်းမီအခြေအနေမျိုးတုန်းကလို စစ်တပ်အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေကို မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်စွမ်းမရှိတာ သိသာထင်ရှားနေတာ ဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုကို အဓိက အားပြုနေရပြီး မြေပြင်မှာ တပ်တွေနေရာချတာ၊ စစ်ကူပေးတာ ရွှေ့ပြောင်းကာ နေရာယူတိုက်ခိုက်တာတွေ မြန်မြန်ဆန်ဆန် မလုပ်နိုင်တဲ့ အနေအထားမျိုးတွေ့မြင်နေရတာ ဖြစ်ပါတယ်။ 

ဒါတွေကတော့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ အပြင်ပန်းမြင်တွေ့ရ အကဲခပ်ရတဲ့ အနေ အထားတွေဖြစ်ပါတယ်။ စစ်ကောင်စီဘက်မှာ စစ်ရေးအင်အားချိနဲ့လာခြင်း၊ ရင်ဆိုင်ရတဲ့ စစ်မျက်နှာများပြားပြီး တနေရာက တနေရာကို ချက်ချင်းကူညီဖို့ မလွယ်ကူတဲ့ အနေအထားတွေက စစ်ကောင်စီတပ်တွေရဲ့ ခုခံတိုက်ခိုက်နိုင်စွမ်း ထိန်းသိမ်းနိုင်စွမ်းကို လျော့ကျစေတာမျိုးလည်း တွေ့နေရတာ ဖြစ်ပါတယ်။ နောက်ကွယ်မှာ စစ်တပ်ရဲ့ ခေါင်းဆောင်မှု ဘယ်လောက် စုစည်းညီညွတ်မှုရှိနေသလဲ၊ စစ်ခေါင်းဆောင်တွေ အကြား အာဏာပြိုင်ဆိုင်မှုတွေ ရှိနေကြပြီလား ဒီအချက်တွေက တိတိပပ မသိရှိနိုင်တာကြောင့် ဒီလို အကြောင်းအချက်တွေကို မျှော်လင့်နေတာမျိုးထက် တော် လှန်ရေး အင်အားစု နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြားက နိုင်ငံရေး ဘုံသဘောတူညီမှု၊ ဘုံအကျိုးစီးပွား၊ မတူညီတဲ့ ရည်မှန်းချက်၊ မတူညီတဲ့ အကျိုးစီးပွား စတဲ့အချက်တွေကို စေ့ငုကြည့်တာက တော်လှန်ရေး အင်အားစုတွေအဖို့ ပိုအကျိုးရှိမှာဖြစ်ပါတယ်။ 

အခုလက်ရှိ အနေအထားနဲ့ နှိုင်းယှဥ်နိုင်တဲ့ မြန်မာနိုင်ငံရဲ့ အတိတ် အခြေအနေလို့ဆိုရင် ၁၉၄၉ ခုနှစ်ကနေ ၁၉၅၁-၅၂ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ကာလနဲ့သာ ဆင်တူဆုံး အခြေအနေလို့ဆိုရမှာ ဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးခါစ၊ ဖဆပလ အစိုးရတပ်တွေ ကောင်းစွာ ဖွဲ့စည်းပြီး အင်အားမတောင့်တင်းသေးချိန် ဖဆပလအစိုးရကိုတွန်းလှန်တိုက်ခိုက်မယ့် တိုင်းရင်းသား လက် နက်ကိုင် ကေအန်ဒီအိုနဲ့ နိုင်ငံရေး အယူဝါဒမတူညီလို့ ဖဆပလကို လက်နက်ကိုင်တိုက်ခိုက်နေခဲ့တဲ့ ဗကပ၊ ဒုတိယကမ္ဘာစစ်ပြီးနောက် မြန်မာကာကွယ်ရေးတပ်ပြန်ဖွဲ့စဥ် လျော့ချလိုက်တဲ့ လက်နက် ကိုင်တပ်ဖွဲ့ဝင်တွေ ဖွဲ့စည်းထားတဲ့ ပြည်သူ့ရဲဘော် စတဲ့ အဖွဲ့တွေက သိမ်းယူထားတဲ့နယ်မြေ ဒေသ၊ မြို့တွေက အခုထက် ပိုမိုကျယ်ပြန့်ခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့် ဖဆပလအစိုးရကိုဆန့်ကျင်တိုက်ခိုက်တဲ့ အင်အားစုတွေအကြား နိုင်ငံရေး သဘောတူညီမှု၊ ဘုံအကျိုးစီးပွား၊ ဘုံရည်မှန်းချက် နည်းပါးမှု၊ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု အားနည်းခဲ့ရာက ဖဆပလကို ဖြုတ်ချမယ့် အင်အားစုတွေရဲ့ ရည်မှန်းချက် မအောင်မြင်ခဲ့တာလို့ အကြမ်းဖျဥ်း ကောက်ချက်ချမိပါတယ်။ အခုလက်ရှိ ၂၀၂၃ ကာလမှာ ၁၉၄၉-၅၁ ခုနှစ်အခြေအနေ မျိုးကို နှိုင်းယှဥ်ချက်အားဖြင့် ရောက်ရှိနေတယ်လို့ဆိုနိုင်ပါတယ်။ ဒီလို သမိုင်းအရနှိုင်းယှဥ်နိုင်တဲ့အခြေအနေကို ကောင်းစွာအကဲဖြတ်နိုင်ဖို့လိုပြီး အခြေအနေကိုလည်း ရည်မှန်းချက် ပန်းတိုင်ရောက်ဖို့ အသုံးချနိုင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒီလိုအခွင့်အလမ်းမျိုးက မြန်မာနိုင်ငံသမိုင်းမှာ တကြိမ်တခါသာရနိုင်မယ့် အခွင့်အလမ်းမျိုးဖြစ်တာလည်း သတိပြုမိဖို့ အရေးကြီးတာ ဖြစ်ပါတယ်။ ။

-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar