Breaking News

ကော့ကရိတ်မြို့ တိုက်ပွဲပြင်းထန်၊ ရခိုင်အရေး ကိစ္စကြားဝင်ညှိနှိုင်းခဲ့သူ နေပြည်တော်ရောက်ရှိ၊ ဦးသိန်းညွန့် တည်ထောင်တဲ့ ပါတီဥက္ကဌ နေအိမ်မှာပစ်သတ်ခံရ


မြန်မာနွေဦး ခရိုနီကယ် - ဒီဇင်ဘာ ၁ မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၂၃

ကော့ကရိတ်မြို့ တိုက်ပွဲပြင်းထန်၊ ရခိုင်အရေး ကိစ္စကြားဝင်ညှိနှိုင်းခဲ့သူ နေပြည်တော်ရောက်ရှိ၊ ဦးသိန်းညွန့် တည်ထောင်တဲ့ ပါတီဥက္ကဌ နေအိမ်မှာပစ်သတ်ခံရ

ကရင်ပြည်နယ် ကော့ကရိတ်မြို့ ကို ကေအန်အယ်အေ နဲ့ ပူးပေါင်းတပ်တွေက မြို့သိမ်းဖို့ ရည်ရွယ်ပြီး တိုက်ခိုက်နေတဲ့ တိုက်ပွဲတွေနဲ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ မြို့ရဲ့ နေရာအချို့မီးလောင်နေသလို၊ ပစ်ခတ်မှုတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း ရှိနေတယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။
ကော့ကရိတ်မြို့အဝင် စက်မှုလယ်ယာ ဦးစီးဌာနရုံးဝင်းထဲက အဆောက်အဦတွေကို ကေအန်ယူနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မီးတင်ရှို့ထားတယ်လို့လည်း သတင်းတွေထဲ ဖေါ်ပြထားကြတာ တွေ့ရပါတယ်။ ဒေသခံတယောက်က ပြောပြရာမှာတော့ မြို့ထဲမှာ အရပ်သားတွေ ရှိနေကြတာဖြစ်ပြီး ပစ်ခတ်မှုတွေဖြစ်ပွားနေစဥ် မြို့ထဲသွားလာတဲ့ အမျိုးသားတဦး ဦးခေါင်းပိုင်းကို ကျည်ထိပြီး သေဆုံးတဲ့ အဖြစ်အပျက်ကို မျက်မြင်တွေ့ရှိသူက ပြောပြလို့ သိရတယ်လို့ ဆိုပါတယ်။ သတင်းတွေမှာတော့ အရပ်သား အနည်းဆုံး ၅ ဦးထက်မနည်း အသက်ဆုံးရှုံးပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတာဖြစ်လို့ သေနတ်ကျည်ထိမှန်လို့ သေဆုံးနိုင်သလို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အသက်ဆုံးရှုံးတာ၊ လေကြောင်း တိုက်ခိုက်မှုကြောင့် ထိမှန်သေဆုံးရတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ ကော့ကရိတ်မြို့မှာ တိုက်ပွဲဖြစ်ပွားချိန်မှာ မြဝတီ နဲ့ ဖားအံ အာရှကားလမ်းကိုလည်း ပိတ်ဆို့ထားလိုက်ပြီး တွဲကားလို့ ခေါ်တဲ့ ကုန်ကားတစီးကို လမ်းပေါ် ကန့်လန့်ဖြတ် ပိတ်ဆို့ထားခိုင်းပြီး မြဝတီက ဆင်းလာတဲ့ ကားတွေနဲ့ ဖားအံက မြဝတီသွားမယ့် ကားတွေပါ အားလုံး ရပ်ဆိုင်းထားရပြီး ပစ်ခတ်မှုတွေလည်း ရှိနေတာမို့လို့ လမ်းနဘေးတွေမှာ ဘေးလွတ်အောင် ပုန်းခိုနေကြရတာလည်း ဖြစ်ပါတယ်။

ကရင်ပြည်နယ် ဖားအံကနေ ထိုင်းနယ်စပ် မြဝတီမြို့ကို သွားတဲ့ ကားလမ်းပေါ်မှာ တည်ရှိတဲ့ ကော့ကရိတ်မြို့ကို ကေအန်ယူ နဲ့ ပူးပေါင်းတပ်ဖွဲ့လို့ ဆိုတဲ့ စစ်ကြောင်းတွေ၊ အဆိုပါလက်နက်ကိုင် အဖွဲ့တွေမှာ ပါဝင်နေကြတဲ့ PDF လူငယ်တွေပါဝင်ပြီး တိုက်ခိုက်နေတယ်လို့ သတင်းဖေါ်ပြချက်တွေအရ သိရပါတယ်။ ကေအန်အယ်လ်အေ နဲ့ ပူးပေါင်းတပ်ဖွဲ့တွေလို့ သတင်းတွေမှာ ယေဘုယျဆန်တဲ့ အသုံးအနှုန်းနဲ့ ဖေါ်ပြကြပေမယ့် ပူးပေါင်းတပ်ဖွဲ့တွေမှာ ဘယ်တပ်ဖွဲ့တွေ ပါဝင်သလဲဆိုတာတော့ အသေးစိတ် ထုတ်ဖေါ်ပြောဆိုလေ့မရှိပါဘူး။

ကော့ကရိတ်မြို့ကို သိမ်းယူဖို့ ယခင်နှစ် နိုဝင်ဘာ၊ ဒီဇင်ဘာလတွေတုန်းကလည်း အပြင်းအထန် တိုက်ခိုက်ခဲ့ဖူးတာ ဖြစ်ပါတယ်။ အဲဒီနောက် ယခုနှစ် မတ်လ၊ အောက်တိုဘာလတွေမှာလည်း ကော့ကရိတ်မြို့ကို တိုက်ခိုက်နေခဲ့တဲ့ တိုက်ပွဲတွေလည်း ဖြစ်ပွားခဲ့ပြီး ယခုရက်ပိုင်းမှာပိုမို ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားလာတာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ ကော့ကရိတ်မြို့ကို တိုက်ခိုက်မှုတွေမှာ ရဲစခန်းအချုပ်လိုမျိုးကို ဖွင့်လိုက်နိုင်တာ၊ မြို့စုပေါင်းရုံးကို တိုက်ခိုက်ခဲ့တာတွေ ရှိပေမယ့် မြို့တမြို့လုံးကိုတော့ ထိန်းချုပ်နိုင်ခြင်း မရှိခဲ့သေးပါဘူး။ အခုနောက်ဆုံး အကြိမ်ဖြစ်ပွားနေတဲ့ ကော့ကရိတ်မြို့သိမ်းတိုက်ပွဲမှာတော့ စစ်ကောင်စီ အနေနဲ့ အရင်လို အနေအထားမဟုတ်ပဲ နေရာအများအပြားမှာ တပြိုင်နက်ထဲ စစ်မျက်နှာရင်ဆိုင် တိုက်ခိုက်နေရချိန်ဖြစ်လို့ ကေအန်အယ်အေနဲ့ ပူးပေါင်းအဖွဲ့တွေအနေနဲ့ ဒီအနေအထားကို အခွင့်အလမ်း တရပ်အဖြစ်ရှုမြင်ကာ တိုက်ခိုက်ကြတာလို့ ကောက်ချက်ချစရာ ရှိပါတယ်

ဒီနေ့ သတင်းအကြောင်းအရာတွေအနက် နောက်အကြောင်းအရာတခုကတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေ နဲ့ ဆက်စပ်ပြီး နိပွန်ဖောင်ဒေးရှင်း ဥက္ကဌဖြစ်သူ ဆာဆာကာဝါ နေပြည်တော်ကို ရောက်ရှိနေတယ်လို့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။ ၂၀၁၈-၁၉ ခုနှစ်က ရခိုင်မှာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် တိုက်ပွဲတွေ ရွေးကောက်ပွဲ မတိုင်မီ အပစ်ရပ်ဖို့ နှုတ်အားဖြင့် သဘောတူညီမှုနဲ့ ၂၀၂၂ ခုနှစ် ဖြစ်ပွားတဲ့ လက်နက်ကိုင် တိုက်ပွဲတွေကိုလည်း နှုတ်အားဖြင့် အပစ်ရပ်ဖို့ သဘောတူညီခဲ့ကြရာမှာ ဆာဆာကာဝါက ကြားဝင် ညှိနှိုင်းခဲ့တယ်လို့ သတင်းတွေအရ သိရှိထားကြရပါတယ်။ နိပွန်ဖောင်ဒေးရှင်းဟာ မြန်မာနိုင်ငံ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေကို လူသားချင်းစာနာမှု အကူအညီ အထူးသဖြင့် ဆန် အထောက်အပံ့ပေးနေတဲ့ ဖောင်ဒေးရှင်းအဖွဲ့ဖြစ်ပြီး ဂျပန်အစိုးရ အဖွဲ့အစည်းမဟုတ်သည့်တိုင် ဂျပန် အာဏာရပါတီတွေ အစိုးရတွေရဲ့ သဘောထားနဲ့ နီးစပ်တဲ့ အဖွဲ့အစည်း လို့ ကောက်ချက်ချက်နိုင်ပါတယ်။

ဆာဆာကာဝါဟာ အစိုးရကို ကိုယ်စားမပြုတဲ့ သီးခြားလွတ်လပ်တဲ့ ကြားဝင်စေ့စပ် ညှိနှိုင်းသူ အနေအထားမျိုးလည်း ဖြစ်ပါတယ်။ ရက္ခိုင့်တပ်တော် ခေါင်းဆောင်တွေနဲ့လည်း အလွတ်သဘော ဆက်ဆံရေး ရှိထားသူဖြစ်လို့ အခုလက်ရှိ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်က လက်နက်ကိုင် ပဋိပက္ခတွေကို ကြားဝင် စေ့စပ်ညှိနှိုင်းနိုင်မလားဆိုတာတော့ စောင့်ကြည့်ရမယ့် အနေအထားဖြစ်ပါတယ်။ ယခုတကြိမ်ဖြစ်ပွားတဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေက အရင် ၂ ကြိမ်ဖြစ်ပွားခဲ့တဲ့ အနေအထား နောက်ခံအခြေအနေနဲ့ မတူကွဲပြားပြီး ယခုတကြိမ် ဖြစ်ပွားတဲ့ တိုက်ပွဲတွေရဲ့ ရည်မှန်းချက်နဲ့ ပြိုင်ဘက် စစ်ကောင်စီ ရဲ့အင်အား အနေအထားက အရင် ၂ ကြိမ်နဲ့ မတူကွဲပြားပြီး AA အနေနဲ့ ယခုတကြိမ်မှာ စစ်ရေး၊ နိုင်ငံရေး အရ ရည်မှန်းချက်ကြီးကြီးမားမား ရှိထားတဲ့ သဘောလည်း ခန့်မှန်းကြည့်ရင် သိနိုင်ပါတယ်။ တဖက်မှာတော့ ယခင် ၂ ကြိမ်ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေထက် ပိုမိုပြင်းထန်တာ သေဆုံးမှု ပျက်စီးမှု ပိုမိုများပြားနိုင်တာလည်း ဖြစ်ပါတယ်။

ဒီနေ့အတွက် တတိယမြောက် သတင်းအကြောင်းအရာကတော့ ဦးသိန်းညွန့်တည်ထောင်ထားတဲ့ အမျိုးသားဒီမိုကရေစီပါတီသစ်ရဲ့ ဥက္ကဌဖြစ်သူ ဦးသန်းထွန်းကို ငမိုးရိပ် Mission Network လို့ နာမည်ပေးထားတဲ့ မြို့ပြပြောက်ကျား အဖွဲ့တဖွဲ့က ဒီဇင်ဘာ ၁ ရက်နေ့က ၄င်းရဲ့နေအိမ်မှာ သေနတ်နဲ့ လာရောက်ပစ်ခတ်ကာ လုပ်ကြံသတ်ဖြတ်သွားခဲ့ပါတယ်။

ဦးသိန်းညွန့်ဟာ ယခင်စစ်အစိုးရလက်ထက် တလျှောက်လုံး NLD ပါတီရဲ့ ခေါင်းဆောင် တဦးဖြစ်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီမှာ ဦးခင်မောင်ဆွေတို့နဲ့အတူ ရွေးကောက်ပွဲဝင်ဖို့ NDF ပါတီကို ခွဲထွက်တည်ထောင်ခဲ့ကာ နောက်ပိုင်း ၄င်းဘာသာ ခွဲထွက်ပြီး အမျိုးသားဒီမိုကရေစီပါတီသစ် ကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ရဲ့ ကောင်စီဝင် အဖြစ်ကမ်းလှမ်းမှုကို လက်ခံကာ ဦးခင်မောင်ဆွေလိုပဲ ကောင်စီဝင်အဖြစ် ပါဝင်ခဲ့ကာ ယမန်နှစ်ကတော့ ကောင်စီဝင်အဖြစ်က အနားပေးခံခဲ့ရသူ ဖြစ်ပါတယ်။ ဦးသိန်းညွန့်ရဲ့ ပါတီဟာ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် အခုလို လုပ်ကြံသတ်ဖြတ်ခံရတာလို့ ကောက်ချက်ချနိုင်ပြီး တဖက်မှာတော့ နိုင်ငံရေးသမားတွေ၊ အယူအဆမတူတဲ့ လက်နက်ကိုင် အဖွဲ့အစည်းက မဟုတ်သူတွေကို လုပ်ကြံသတ်ဖြတ်ခြင်းက မြန်မာ့နိုင်ငံရေးမှာ အကြမ်းဖက်လုပ်ကြံသတ်ဖြတ်တဲ့ အစဥ်အလာတခုကို ကျယ်ပြန့်လာအောင် လုပ်ဆောင်သလိုလည်း ဖြစ်လာနိုင်တာ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar