ကိုအောင်မှိုင်း - နှင်းပျောက်တဲ့နွေ
နှင်းပျောက်တဲ့နွေ
ကိုအောင်မှိုင်း
(မိုးမခ) ဒီဇင်ဘာ ၂ ၊ ၂၀၂၃
နွေဦးတွက်
ပန်းပွင့်လေးတွေ
တပွင့်ချင်းစီလိုက်တာ
ပန်းရထားကြီးဖြစ်သွားပြီး
မိုးကောင်းကင်ကို
ကြယ်ရထားကြီးအဖြစ်
ကခုန်တက်သွားကြတယ်။
မိုးကောင်းကင်မှာ
အရင်ကြယ်တွေ
အခုကြယ်တွေနဲ့
နောင်လာမည့်ကြယ်တွေတွက်
ကြယ်အိမ်ကြီးတခုဆောက်လိုက်ကြတယ်။
အာကာသဟာ
ဟင်းလင်းပွင့်သွားပြီး
စကြဝဠာမှာ
နဂါးငွေ့တန်းတွေအစား
ကြယ်ရထားတွေနဲ့ ပြည့်နေတယ်။
အလင်းတောင်တွေပေါက်ကွဲ
ပင်လယ်ပြင်ဟာတဝက်ပဲ့သွားခဲ့
ကမ္ဘာမြေတခုလုံး
ချစ်ခြင်းတွေဖုံးလွှမ်းသွားလိုက်တာ
ဂေဟစနစ်တွေတောင်
ကျဥ်းလိုက်ကျယ်လိုက် မဖြစ်တော့
နိုင်းရဓမ္မတရားဟာ
စကြဝဠာဆီကို ခရီးထွက်ခဲ့ပေါ့။
အလွမ်းဇာတ်တွေကို
ကဗျာဆရာတွေ ဖျက်သိမ်းနေကြတယ်။
မျက်ရည်တွေကို
ကဗျာဆရာတွေ သုတ်သိမ်းနေကြတယ်။
အမုန်းတွေကို
ကဗျာဆရာတွေ ပိတ်သိမ်းနေကြတယ်။
ကဗျာဆရာ
ပြာပူနဲ့ပက်ခံရ
ဆတ်ခနဲ တရေးနိုး
ဗုံးခိုကျင်းက အထ
ရှေ့နောက်တောင်မြောက်
ပန်းခြောက်များစွာ မီးတောက်နေဆဲ
ပန်းအိပ်မက်တို့ မီးလောင်နေဆဲပါ။
အလွမ်းတွေကို
ပန်းတံတိုင်းတွေနဲ့ ကာကြမယ်။
မျက်ရည်တွေကို
ပန်းတံတိုင်းတွေနဲ့ ကာကြမယ်။
အမုန်းတွေကို
ပန်းတံတိုင်းတွေနဲ့ ကာကြမယ်။
အနာဂတ်မှာ
အချစ်ကိုရှာလို့
သီချင်းရှည်ကြီးတွေ အဆုံးသတ်ကြဦးစို့။
-