Breaking News

ရှမ်းမြောက် အရေးမှာ နားလည်ရခက်တဲ့ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍ

မြန်မာနွေဦး ခရိုနီကယ် - ဒီဇင်ဘာ ၂၃ မြင်ကွင်း

(မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂၀၂၃


ရှမ်းမြောက် အရေးမှာ နားလည်ရခက်တဲ့ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍ

မကြာသေးတဲ့ ဒီဇင်ဘာ ၈ ရက်ဝန်းကျင်က တရုတ်နိုင်ငံ ကူမင်းမြို့မှာ မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့က ခေါင်းဆောင်တွေနဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းမှုဆွေးနွေးဖေါ်ဆောင်ရေး ကော်မတီက ဒုဗိုလ်ချုပ်ကြီး အဆင့်ရှိသူတွေ တွေ့ဆုံပြီး အပစ်ရပ်ရေးနဲ့ နောက်တကြိမ် တွေ့ဆုံဆွေးနွေးရေးတွေလုပ်ဆောင်ခဲ့ကြောင်း တရုတ်နိုင်ငံနဲ့ စစ်ကောင်စီဘက်က ထုတ်ပြန်ကြေညာခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာပြီးနောက် ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေရဲ့ နေရာအချို့မှာသာ တိုက်ပွဲအရှိန်လျော့သွားတာ မြင်ရပြီး အချို့နေရာတွေမှာက ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သလို အချို့နေရာတွေက ပိုပြီးအရှိန်မြင့်လာတာတွေတောင် တွေ့နေရတာ ဖြစ်ပါတယ်။ 

အဆိုပါ အပစ်ရပ်ရေးဆွေးနွေးပွဲက အောင်မြင်မှု ဘယ်လောက်ရသလဲ၊ တရုတ်နိုင်ငံရဲ့ သြဇာ၊ အခန်းကဏ္ဍက ဘယ်လောက်အရေးပါသလဲ။ စစ်ကောင်စီနဲ့ တရုတ်နိုင်ငံအကြားဆက်ဆံရေးက လက်ရှိ ဘယ်လိုအနေအထားလဲ၊ ၁၀၂၇ စစ်ဆင်ရေးရဲ့နောက်ကွယ်က တရုတ်ရဲ့ အကျိုးစီးပွားစတာတွေက နားလည်ရခက်ခဲတဲ့ ပုစ္ဆာတပုဒ်သဖွယ်ဖြစ်နေပြီး အကဲခတ်လေ့လာသူလို့ဆိုသူတွေက အမျိုးမျိုးသော အနုမာနမှန်းဆချက်တွေ၊ သီအိုရီတွေက သတင်းမီဒီယာမှာ ပြန့်နှံ့နေတာတွေ့ရပါလိမ့်မယ်။ 

ဒီလို မှန်းဆပြောဆိုနေကြချိန်၊ တရုတ်နိုင်ငံက ၁၀၂၇ စစ်ဆင်ရေးကို ဖြစ်စေသူ၊ မီးစိမ်းပြသူ၊ စစ်ကောင်စီကို ၄င်းရဲ့ သြဇာအောက်ပြန်ရောက်လာအောင် ၁၀၂၇ စစ်ဆင်ရေးကို နောက်ကွယ်က အားပေးသူ စသဖြင့်အမျိုးမျိုးသော ယူဆချက်တွေရှိနေကြတာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၁ ရက်နောက်ပိုင်းမှာ တရုတ်နိုင်ငံခြားရေး ပြောခွင့်ရှိသူက ရှမ်းမြောက်က လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ၃ ကြိမ်ထက်မနည်း ထုတ်ပြန်တာ၊ မေးခွန်းကိုဖြေဆိုတာတွေ ရှိခဲ့ပြီးနောက် ဒီဇင်ဘာ ၂၃ ရက်နေ့ သတင်းတပုဒ်မှာတော့ စစ်ကောင်စီဘက်က ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံကို ယခုလထဲမှာ ဒုတိယအကြိမ် အဖြစ်ရောက်ရှိနေတယ်လို့ ဖေါ်ပြထားတာတွေ့ရပါတယ်။ 

စစ်ကောင်စီဘက်က ယခင်တကြိမ်သွားရောက်ခဲ့သူ ဒုဗိုလ်ချုပ်ကြီး မင်းနိုင်ဦးဆောင်တဲ့ အဖွဲ့ရောက်နေတယ်လို့ သိရပြီး ဆက်လက်ဖြစ်ပွားနေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေ နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ ကြားဝင်ဆောင်ရွက်မှုကို ရရှိဖို့ သို့မဟုတ် တရုတ်နိုင်ငံက မြောက်ပိုင်းလက်နက်ကိုင် ၃ ဖွဲ့အပေါ် ၄င်းရဲ့ သြဇာကိုသုံးပြီး တိုက်ပွဲတွေ အရှိန်လျော့သွားအောင် လုပ်ဖို့ ကြိုးစားတယ်လို့ မှန်းဆရတာ ဖြစ်ပါတယ်။ 

ဒီဇင်ဘာ ၁၁ ရက်နေ့ ထုတ်ပြန်ချက်နောက်ပိုင်း လက်နက်ကိုင် တိုက်ပွဲအရှိန် လျော့ကျခြင်းမရှိတဲ့ ဒေသ သို့မဟုတ် လက်နက်ကိုင် အဖွဲ့လို့ဆိုရင် TNLA လက်နက်ကိုင် အဖွဲ့က တိုက်ခိုက်နေတဲ့ နမ့်ခမ်းမြို့တဝိုက်၊ မူဆယ် ၁၀၅ မိုင်တဝိုက်၊ နမ့်ဆန်၊ မိုင်းတုံ၊ နမ္မတူ တို့ဖြစ်ပြီး အဆိုပါ ထုတ်ပြန်မှုနောက်ပိုင်းမှာမှ နမ့်ခမ်းက စခန်းသစ်ကုန်းကို TNLA က သိမ်းယူခဲ့ပြီး နမ့်ဆန်မြို့ကိုလည်း သိမ်းယူခဲ့တာဖြစ်ကာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး စခန်း အနီးက စစ်တပ်အခြေစိုက်စခန်းတခုကိုလည်း သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ 

တိုက်ပွဲတွေက မူဆယ်မြို့အထိ နီးကပ်လာနေကာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးကို ပိုမိုခြိမ်းခြောက်လာနိုင်တဲ့ အနေအထား ပိုမိုစိုးမိုးလာနိုင်တဲ့ အနေအထားရောက်ရှိလာတာ ဖြစ်ပါတယ်။ 

ဒါ့အပြင် အခုတိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဒေသတွေဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူ ဆိပ်ကမ်းအထိ ဆက်သွယ်ထားတဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းရာ ဒေသတွေ အများအပြားပါဝင်နေပြီး ဒီပိုက်လိုင်းရဲ့ လုံခြုံရေးကို ထိပါးလာနိုင်ခြေကို တရုတ်နိုင်ငံအနေနဲ့ စိုးရိမ်မှုတွေ မြင့်တက်ကောင်း မြင့်တက်လာလိမ့်မှာ ဖြစ်ပါတယ်။ အချို့ကလည်း မြန်မာနိုင်ငံတွင်း လက်နက်ကိုင် တိုက်ပွဲတွေက တရုတ်နိုင်ငံရဲ့  ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာဖြစ်တဲ့ 

“ခါးပတ်တကွင်း လမ်းတစင်း” လို့ဆိုတဲ့ BRI စီမံကိန်းကို နှောင့်နှေးစေခြင်းကို တရုတ်နိုင်ငံက စိုးရိမ်မှုရှိနေတဲ့ သဘောမှန်းဆ ပြောဆိုတာရှိသလို၊ တရုတ်နိုင်ငံ အနေနဲ့ ပင်လယ်ထွက်ပေါက်၊ ယူနန်ပြည်နယ်ရဲ့ စွမ်းအင်လုံခြုံမှုတွေကို ထိခိုက်စေနိုင်တာကတော့ မငြင်းနိုင်တဲ့ အချက်လည်းဖြစ်ပါတယ်။ ဒီနေရာမှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံ ရှမ်းမြောက်နဲ့ ရှမ်းအရှေ့က လက်နက်ကိုင် အဖွဲ့တွေအပေါ် ဘယ်လောက် သြဇာရှိသလဲ၊ မြန်မာစစ်အစိုးရကို ၁၀၂၇ စစ်ဆင်ရေးမှာ ခါးသည်းတဲ့ စစ်ရေးဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာအောင် တရုတ်နိုင်ငံက ဘယ်လောက်ထိ လက်ဝင်ပါခဲ့သလဲ ဆိုတဲ့အချက်တွေက အခုနေအခါမှာ သက်သေပြ အတည်ပြုဖို့ ခက်ခဲတဲ့ အချက်တွေဖြစ်ပါတယ်။ တရုတ်နိုင်ငံ အနေနဲ့ ၄င်းနဲ့နယ်စပ် ထိစပ်နေတဲ့ ဒေသက လက်နက်ကိုင် အဖွဲ့တွေအပေါ် သြဇာရှိတယ်ဆိုတဲ့ အချက်ကိုတော့ ဘယ်သူမှမငြင်းနိုင်တဲ့ အချက်ဖြစ်ပြီး ဘယ်လောက် သြဇာရှိလဲ ဘယ်လိုကိစ္စတွေမှာ ဖြစ်စေချင်တာကို ဖြစ်အောင်တိုက်တွန်းနိုင်လဲ ဆိုတဲ့ အချက်မှာတော့ အဖြစ်အပျက်တခုချင်း၊ အခြေအနေနောက်ခံတခုချင်းအပေါ်မှာ စဥ်းစားသုံးသပ်ရမယ့် အနေအထားဖြစ်ပါတယ်။ 

စစ်ကောင်စီ အနေနဲ့လည်း တရုတ်နိုင်ငံကို ရုရှားနိုင်ငံလောက် လိုလားအားကိုးခြင်း မရှိတာ အဖြစ်အပျက်တွေအရ ထင်ရှားတာဖြစ်ပြီး အခုတကြိမ် ၁၀၂၇ စစ်ဆင်ရေးမှာတော့ တရုတ်နိုင်ငံကို ပစ်ပယ်လို့မရတဲ့အချက်ကို ခါးသည်းတဲ့ အမှန်တရားအနေနဲ့ လက်ခံလာရတဲ့ သဘောလို့ ကောက်ချက်ချရပါတယ်။ အမျိုးသားရေး အစွန်းရောက်သူတွေ၊ ကြံ့ခိုင်ရေးပါတီနဲ့ စစ်တပ်တို့က အစဥ် အသုံးချနေတဲ့ ဆန္ဒပြသူတွေကို တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတချို့ ကျင်းပခဲ့ပြီး တရုတ်ကို ဖိအားပေးသလို လုပ်ခဲ့ပေမယ့် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့တွေရဲ့ စစ်ရေး အရဖိအားက ထွက်ပေါက်ရဖို့မှာ ဝှက်ဖဲကို တရုတ်နိုင်ငံက ကိုင်ထားတယ်လို့ ယုံကြည်နေတဲ့ သဘောလို့ ကောက်ချက်ချနိုင်ပါတယ်။ 

၁၀၂၇ စစ်ဆင်ရေးဟာ စစ်ကောင်စီကို အရှက်ရစေတဲ့ စစ်ရေးအရ ဆုံးရှုံးမှုနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာတင် ဆုံးရှုံးတာမဟုတ်ပဲ စစ်ကောင်စီရဲ့ အခက်အခဲအကြပ်အတည်းကို အခွင့်အလမ်းအဖြစ် မှတ်ယူပြီး နိုင်ငံရဲ့ အခြားသောဒေသတွေမှာပါ မမျှော်လင့်ထားတဲ့ ဆုံးရှုံးမှုတွေဆက်ပြီး ကြုံတွေ့ရတာကို စစ်ကောင်စီက စိုးရိမ်မှုရှိလာတာ ထင်ရှားစွာ တွေ့မြင်နေရတာ ဖြစ်ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံဟာ မြန်မာစစ်ကောင်စီအဖို့ အရေးပါတဲ့ ဖဲချပ်တချပ် ဖြစ်လာပြီး စစ်ကောင်စီကို အရှုံးဆီမြန်ဆန်စွာ ပို့ဆောင်နိုင်တဲ့ အေးဂျင့်တခု အနေအထားမှာ ရှိနေပြီဖြစ်ပါတော့တယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar