Breaking News

မောင်ဘဦး - ဗိုလ် သခင် ဆရာ


မောင်ဘဦး - ဗိုလ် သခင် ဆရာ

(မိုးမခ) ဒီဇင်ဘာ ၂၅ ၊ ၂၀၂၃


ဒီဇင်ဘာမြူနှင်းများကြားတွင် သွပ်ဆူးကြိုး အတားအဆီးအကာအရံ ခုံလေးများကို ဇစ်ဇက်ထောင် ကာရံထားသည့် ဟိုအဝေးမှ စက်သုံးဆီ အရောင်းဆိုင်နှင့် ၎င်းဆီသို့ သွားရာလမ်းတလျှောက် မန္တလေးအခေါ် 'တစ်ပြ'ခန့်အထိ လမ်းမကြီးတစ်ခြမ်းတိတိကို သေနတ်တစ်ချက် မဖောက်ရဘဲ အပိုင်သိမ်းထားကြသည့် ရှေ့ နောက် ဝဲယာ ဆိုင်ကယ်ချင်းထိချိတ်လျှက် ကြိတ်ကြိတ်တိုးတန်းစီနေသော စက်သုံးဆီဝယ်ရန် စောင့်ဆိုင်းနေကြသည့် ၄ ယောက် တစ်တွဲ အင်အား ၅၀ ကျော်ခန့် ဆိုင်ကယ်တန်းကြီးကို နောက်ခံပန်းချီကားအဖြစ် တွေ့မြင်ရလေ၏။

စက်ပိတ်ထားသော ဆိုင်ကယ်များပေါ်တွင် ခြေဖျားထောက်ကာ တလက်မချင်း ရွေ့လျားနေသည့် ဆိုက်ကယ် ၄ စီးမှာ နောက်မှဆိုင်ကယ်များ ကျော်မတက်စေရန် ပိတ်ဆို့ရင်း ရှေ့သို့လည်း တစ်လက်မမျှ တိုးနိုင်သမျှ ကြိတ်တိုးနေသော အမျိုးသမီးတစ်ဦးပါ ယောက်ျား ၃‌ ဦးတို့ အချီအချ စကားပြောနေကြသည်ကို နားဆင်ကြည့်လျှင်ဖြင့်...

"ရေငတ်လိုက်တာကွာ၊ ဆိုင်က ဘူးခွံတို့ ပုံးတို့ယူလာရင် ဆီမပေးဘူးဆိုလို့ ရေဘူးတောင် မယူခဲ့ရဘူး။"

"ဟိုခေတ်ကလို ဆိုင်ကနေ မင်္ဂလာပါ ဆိုပြီး ရေသန့်ဘူးလေး လာကမ်း၊ ကားမဲ ကူပွန်လက်မှတ်လေးလာပေး၊ အောင်မယ်လေး လွမ်းလှပါပြီဗျ အီးဟီးဟီး။"

"အာဏာသိမ်းလေကတည်းက တန်းစီလိုက်ရတာ မALoသောက်ပုရာ"

"ကြင်စိုး လုပ်ပါကွ"

"မအိန်လုံး ကြင်စိုးရေ၊ နင်သောက်ရူးထ,လို့ ဟ။ အရူးအရူးနဲ့ အိမ်ဦးချေးပါ၊ အာဏာသိမ်းပြီးပြီးချင်း အောက်ဆီဂျင်ရဖို့ တန်းစီရသဟ။ ဆေးဆိုင်မှာ ပါရာစီတမောလေး တစ်ကဒ်ရဖို့ တန်းစီရသဟ။ ပြီးတော့ ဘဏ်တွေမှာ ကိုယ်အပ်ထားတာလေးကို ပြန်ထုတ်ရဖို့ တန်းစီရသဟ။ ဆီဈေးဆန်ဈေးတွေတက်လို့ ဆီဝေဆန်ဝေ ဝေတယ်လုပ်တော့ တန်းစီရသဟ။ အခု စက်သုံးဆီ တန်းစီနေရပြန်ပြီဟဲ့ ကြင်စိုးရဲ့။ နင် မြန်မြန်တေမှပဲ အေးတော့မယ်"

"သူတို့တစ်ဖွဲ့လုံးရော အာဏာသိမ်းဖို့ မြှောက်ထိုးပင့်ကော် လုပ်ပေးတဲ့ သူတွေရော တေကြမှအေးမှာ"

"သောက်ရူးထတာ မဟုတ်ဘူး၊ ရူးချင်ယောင်ဆောင်တာပါတော်၊ သောက်ပုရော သူ့မယား သောက်ခေါမ ရော ချေးစားခိုင်းကြည့်လေ၊ တကယ် ရူးသလားဆိုတာ"

"မလုပ်ရဲတာ ဘာမှမရှိဘူး' ပြောထား သနော၊ တော်ကြာ စားချင် စားနေမှာ အစ်မကြီး"

"သာကောကြီး ခြေထောက် သွားဖက်တောင်းပန်နေတယ် ကြားတာပဲ။ ဟိုက အစားခိုင်းလိုက်ပါစေဗျာ"

"စကားမစပ်၊ တပ်ပြေးတွေကို ပြစ်မှုတွေလျှော့ပြီး စစ်တပ်မှာ တာဝန်ထမ်းဆောင်ဖို့ ခေါ်နေရပြီတဲ့၊ ပင်စင်စား စစ်မှုထမ်းတွေလည်း ပြန်ခေါ်နေရပြီတဲ့၊ ပြစ်မှုတွေနဲ့ အကျဉ်းထောင်တွေထဲ ရောက်နေတဲ့ စစ်သားတွေကို ပြန်ခေါ်ရတဲ့အထိ တပ်အင်အား လျော့နည်းလာပြီဗျ။ အောင်မောင်းတောင့်ထားကြ"

"ခုနက လိုင်းလေးမိတုန်း ဖွင့်ကြည့်တာ ဟုတ်သဗျို့။ စစ်သားတွေ အသေများလွန်းလို့ အကျဉ်းထောင်တွေက ပြစ်ဒဏ်ကျ အရာရှိနဲ့ စစ်သည် ၆၄၅ ဦးကို လျှို့ဝှက်လွတ်ငြိမ်းခွင့်ပေးပြီး ချက်ချင်း ရှေ့တန်းလွှတ် စစ်မှုထမ်းခိုင်းသတဲ့။ စကစရဲ့ စစ်ဥပဒေကတော့ 'ဖွတ်ဥပဒေ' ပါပဲ။"

"ပြီးတော့ မှော်ဘီ အမျိုးသမီးဗိုလ်သင်တန်းမှာ မသာမ၊ အဲ သင်တန်းဆင်း ၃၀ ပဲ ရှိသတဲ့။"

"တောင့်ထားတာပါတော်၊ တောင့်ထားရလွန်းလို့ စိတ်ရောကိုယ်ရော အသေကောင်လို ဖြစ်နေတာ ၃နှစ် ကျော်ပါပြီ"

"ဆက်သာတောင့်ထား အစ်မကြီးရ၊ ဆင်ပြောင်ကြီး အမြီးကျမှတော့ တစ်မနေပါစေနဲ့ဗျို့"

"တစ်ချင်ချင် ပါတော်၊ တစ်ချင်ချင် ပါ။ ဟိုဖက်က ရာထူး၂ဆင့်၃ဆင့် ခုန်ပြီးတိုးပေးထားတဲ့ မယ်နန်း မောင်နန်းတွေ၊ ၃ နှစ်လောက် ဇိမ်နဲ့ လစာထုတ်ယူပြီး သာယာနေကြသူတွေ၊ ဒင်းတို့က အခြေအနေမလှတော့တဲ့ လက်တစ်လုံးအလိုကျမှ အလင်းဝင်လာကြ။ ဒီဘက်ကျတော့ ရာထူးတစ်ထစ်လျှော့ အပြစ်ပေးသတဲ့။ ဆင်ပိန် ကျွဲလောက်၊ ကျုပ်တို့ထက်ပိုပြီး ရာထူးတဆင့်တိုးပြီးသားက ကျန်နေရစ်သေးသတော့။ ဒါလေးကိုတော့ သက်ဆိုင်သူတွေ သိစေချင်ပ တော်။ စကစ တိုးပေးသမျှ ရာထူး၊ စကစပေးသမျှ ဘွဲ့ထူးဂုဏ်ထူးစတဲ့ တရားမဝင်တွေကို အတည်ပြုမိမှာ စိုးရိမ်လို့ပါတော့်"

"ဟုတ်ပ၊ စိုးရိမ်စရာပ။ လူထုအစိုးရ ဆိုတာကလည်း တဖက်မှာ လူထုအသံကို နားစွင့်ပြီး တတ်နိုင်သလောက် ဖြည့်ဆည်းရသေးတာ ဆိုတော့ကား၊ ငိုတဲ့ကလေး မုန့်စားရသလို၊ ခုမှဝင်လာတဲ့ မယ်နန်း မောင်နန်းတွေက အငိုကောင်းရင် ဖြစ်နိုင် ဖြစ်တတ်ပါသဗျ။ ပတ်ကား စီဒီအမ်ကြီးတွေဆိုတာကတော့ ဒုက္ခပေါင်းစုံခါးစည်ခံရ၊ ငယ်ငယ်တုန်းက စတီရီယိုသီချင်းထဲကလို 'ဒီမှာ ရှားရှားပါးပါး မေ့မျက်ရည်တွေလည်း ခမ်းတော့မယ်ကွယ်'ဆိုသလို ငိုရလွန်းလို့ မျက်ရည်တောင် မထွက်နိုင်တော့ဘူးလေ။"

"တကယ်တော့ ဒီ နန်းတွေ ပျူဒလန်တွေ ဆိုတာ ဗာလ-လူမိုက်တွေချည်းပဲဗျ။ ဘုရားက 'ဗာလာနံ လူမိုက်ကို မမှီဝဲနဲ့ မပေါင်းဖော်နဲ့'တဲ့ ဗျ။ 'ဗာလာနံ လူမိုက်ကို လူလိမ္မာဖြစ်အောင် စောင့်ပြီး ပေါင်းပါလေ'လို့မှ မဟောခဲ့တာပဲ။ တလောက သတင်းတစ်ခု ကြားကြမှာပေါ့။ ပုလဲမြို့နယ်ထဲက အန်နျူဂျီ တရားရုံးကို စကစ ကောင်တွေ ဗုံးကြဲလို့ တရားသူကြီးလင်မယား သေတယ်၊ ရုံးချိန်းလာတဲ့ အမှုသယ် ကလေး၊လူကြီးပါ သေတယ်၊ လူံခြုံရေး တလရရဲဘော်တစ်ဦး ကျတယ်။ ဒီတရားရုံးရဲ့ လိုကေးရှင်း တည်နေရာ အတိအကျကို စရ၊ စခတွေ သိနေလို့ပေါ့။ ဗာလာနံဆိုတဲ့ နန်း-ပျူ-ဒလန် တစ်ကောင်ကောင်က သတင်းပေးလို့ပေါ့ဗျ။"

"ဟုတ်ပဗျား။ မ ALo မအလဆိုတာ ရေမြွေတီကောင်ပဲ၊ ကြောက်စရာ ဘာမှ မရှိဘူးဗျ။ အဲ...၊ သူ့ကို ဖော်လန်ဖားမယ့် ဒလန်တွေ နန်းတွေ ပျူတွေကမှ တကယ့်ကြောက်စရာ လူမိုက်ဗျ။"

"စကားမစပ် တီကောင်ဆိုလို့ ဟို မAပေး ကြက်သွန်ပွဲစားတောင် အရူးကွက်တွေ နင်းနေပြန်ပြီ။"

"ပွဲစားဆိုတာက ဟိတ်ဟန်ထုတ်ပြီး လေနဲ့ လုပ်စားကြရတာ လေ။"

"ပြည်သူ့အစိုးရတစ်ရပ်ရဲ့ လက်အောက်မှာ မနေဘဲ ကိုယ်ထင်ရာ ကိုယ်လုပ်တဲ့ စကစလို မတရားအာဏာသိမ်းစစ်အစိုးရကို တော်လှန်နေကြတဲ့ နွေဦးတော်လှန်ရေးမှာ ပြည်သူ့အစိုးရလက်အောက် မဝင်ချင်ဘူးဆိုတဲ့ အောင်ကြူကြူတွေကလည်း ရှိတာပဲကိုး။"

"လွန်ခဲ့တဲ့ ၃နှစ်နီးပါးလောက်က အတွေ့အကြုံလေးတစ်ခု သွားသတိရမိတယ် ဗျ။"

"လွန်ခဲ့တဲ့ ၂ နှစ်ကျော်၊ ဒီ နတ်တော်လ လောက်မှာပဲဗျ။ ၅/ဒေသ တော်တော်များများမယ် အယ်ဒီအက်ဖ်၊ ပီဒီအက်ဖ်လျှို့ဝှက်သင်တန်းတွေပေး၊ တပ်ရင်းလေးတွေ လျှို့ဝှက်ဖွဲ့ကြတုန်းကပေါ့ ဗျာ။ သက်ဆိုင်ရာ လိုဂိုလေးတွေနဲ့ ဗျ။ အလှူရှင်နဲ့ ဘာနဲ့ပေါ့ဗျာ၊ သစ်တို့ ရေနံတို့လို ကျောထောက်နောက်ခံ ကောင်းကောင်းနဲ့ ရှိသလို၊ ရှိစုမဲ့စု ရရာလေးနဲ့ပဲ မဖြစ်ဖြစ်အောင် ဇွဲနဘဲနဲ့ ဖွဲ့ကြရတာတွေရော ၅/မှာ အစုံရှိခဲ့သပေါ့ဗျာ။ မစ်ရှင်သတင်းလေးတွေများ တက်လာရင် သိရအောင် အကောင့်လေးတွေ 'လိုက်‌'ပေးထားရတာဗျ။ တချို့ ဘလူးမတ်နီးနီး ရကြပြီး၊ တချို့လည်း ချာတိချာလည် လိုက်လေးတွေနဲ့ ပေါ့။ ဘယ်မစ်ရှင်ကို ဘယ်အဖွဲ့က လုပ်ဆောင်ပါသည်ပေါ့။ နောက်မှ တဖြေးဖြေး မြို့နယ်ပကဖထဲ ပေါင်းပြီး ဝင်လာကြတာ။ ပေါင်းပြီးတဲ့ အခုအချိန်ထိတောင် ဘယ်မစ်ရှင်ကို ဘယ်အဖွဲ့က လုပ်ဆောင်ပါသည် ပဲဗျ။"

"ဒီတုန်းက တစ်ဖွဲ့က 'ကိုဩဇာ'တို့နဲ့ လျှို့ဝှက်ချိတ်ချက်ပြီး မြို့နယ်ပကဖ အောက် ဝင်ဖို့ စည်းဝေးကြသတဲ့။ ဒီမှာတင် မြို့နယ်အောက် မဝင်ချင်လို့ စကားများပြီး သေနတ်တွေနဲ့ ချိန်ကုန်ကြသတဲ့ဗျ။ လွန်ခဲ့တဲ့ ၃ နှစ်နီးပါးက ၅/မှာ ဖြစ်ခဲ့ဖူးတာလေး ပြောတာပါ။"

"မရှက်တမ်း ကိုယ့်ပေါင်ကိုယ် လှန်ထောင်းရရင် ကျုပ်တို့ ၅/တွေက ဟိုးတုန်းက သင်္ကြန်သံချပ်အဖွဲ့တစ်ဖွဲ့ရဲ့ နာမည် လိုပဲဗျ။"

"ဘာအဖွဲ့တဲ့တုန်း ဗျ...။"

"ဘာအဖွဲ့တဲ့လဲ ရှန်...။"

"ဗိုလ် သခင် ဆရာ...တဲ့။"

"မြောက်ပိုင်းညီနောင်သုံးဖော်က ၁၀၂၇မှာ စကစစခန်းတွေနဲ့ မြို့တွေကို တဖြေးဖြေးနဲ့ သိမ်းသိမ်းလာလိုက်တာ မေမြို့၊ လားရှိူးနားထိ ရောက်ရော နော်။ ဒါပေမဲ့ ဒီမစ်ရှင်ကို အေအေမှ စစ်ဆင်ရေးပြုလုပ်ပါသည်၊ ဒီမစ်ရှင်ကို တီအယ်အင်အေမှ စစ်ဆင်ရေးပြုလုပ်ပါသည်၊ အမ်အန်ဒီအေအေမှ ပြုလုပ်ပါသည်၊ သည်လို မဟုတ်ဘူးနော်။ စုပေါင်းပြီး တစ်ခုတည်းသော ၁၀၂၇အောက်မှာ ညီညီညွတ်ညွတ်နဲ့ သပ်သပ်ရပ်ရပ် လုပ်သွားတာ။"

"၅/လည်း၊ ဤမစ်ရှင်ကို ...မှ ပြုလုပ်ပါသည်၊ ထိုမစ်ရှင်ကို ...မှ ပြုလုပ်ပါသည်၊ သည်လိုမဟုတ်ဘဲနဲ့ စုပေါင်းပြီးတော့ 'တစ်ခုတည်းသော နွေဦး‌တလရအောက်မှာ ညီညီညွတ်ညွတ်နဲ့' ဆိုတဲ့အချိန်ကျရင် အစ်မကြီးရေ...၊ မအိန်လုံး သောက်ပုတော့ ဒီကငါ့ညီ ပြောသလို ကြင်စိုး-ကြိုးစင် သေချာသပေါ့ ဗျာ။"

နွေဦးတလရ သူရဲကောင်းအားလုံး

သုခိတာ ဟောထ၊ စိတ်ရောကိုယ်ပါ ချမ်းသာကြပါစေ။

(မောင်ဘဦး၊ ၈၅၊ နတ်ဆန်း ၁၁)


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar