Breaking News

ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA က ၄ ရက်ကြာ တဖက်သတ်အပစ်ရပ် မယ်လို့ကြေညာ

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၁၄ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၁၅၊ ၂၀၂၄


ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA  က ၄ ရက်ကြာ တဖက်သတ်အပစ်ရပ် မယ်လို့ကြေညာ

လားရှိုးမြို့ကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတဲ့ ကိုးကန့် လက်နက်ကိုင်အဖွဲ့ MNDAA က ဇူလိုင်လ ၁၄ ရက်နေ့ ည သန်းခေါင်မှ စတင်ပြီး ၁၈ ရက်နေ့ထိ ၄ ရက်တာ တဖက်သတ် အပစ်ရပ်မယ်လို့ ဇူလိုင် ၁၄ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

တရုတ်ဘာသာနဲ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ အပစ်ရပ်ရခြင်း အကြောင်းကိုဖေါ်ပြရာမှာ ခုရက်ပိုင်းအတွင်း တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီရဲ့ စုံညီ အစည်းအဝေးကျင်းပဖို့ ရှိတာကြောင့် တရုတ်နိုင်ငံရဲ့ စိုးရိမ်မှုကို အသိအမှတ်ပြုသောအားဖြင့် အခုလို အပစ်ရပ်ဖို့ ဆုံးဖြတ်ရတယ်လို့ ဖော်ပြထားပါတယ်။ 

အခုလို MNDAA ရဲ့ ၄ ရက်တာ တဖက်သတ် အပစ်ရပ်တယ်ဆိုတဲ့ ကြေညာချက်ဟာ လတ်တလော ဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ မန္တလေးတိုင်း အထက်ပိုင်းက တိုက်ပွဲတွေ အပေါ် ဘယ်လောက်ထိ သက်ရောက်မှုရှိမလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ MNDAA အနေနဲ့ မန္တလေးတိုင်း အထက်ပိုင်း နောင်ချို၊ မိုးကုတ်တို့လို့ ဒေသတွေမှာ ပါဝင်တိုက်ခိုက်တာ မရှိဘဲ၊ လားရှိုးနဲ့ သိန္နီဆက်သွယ်တဲ့ လမ်းပိုင်း၊ လားရှိုးမြို့တဝိုက်မှာ အင်အားအများအပြားနဲ့ စစ်ကောင်စီ တပ်စခန်းတွေနဲ့ လားရှိုးမြို့ကို သိမ်းယူဖို့ ရည်မှန်းချက်ထားပြီး တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ 

TNLLA ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ် တားဖုန်းကျော်ကတော့ အခုလို MNDAA ထုတ်ပြန်ချက်ဟာ မန္တလေးတိုင်းက တိုက်ပွဲတွေနဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့လည်း မီဒီယာတခုရဲ့ မေးမြန်းချက်ကို ဖြေဆိုရာမှာ ပြောဆိုထားတာ တွေ့ရပါတယ်။ 

TNLA အနေနဲ့တော့ အခုလို ၄ ရက်တာ အပစ်ရပ်တဲ့ ကြေညာမှုမျိုး ထုတ်ပြန်ကြေညာတာမရှိဘဲ၊ ကိုးကန့် လက်နက်ကိုင်အဖွဲ့ကသာ ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။ အပစ်ရပ်ကာလက ၄ ရက်တာသာ ဖြစ်လို့ လက်ရှိ ၁၀၂၇ စစ်ဆင်ရေး ဒုတိယအကျော့ တိုက်ခိုက်မှုတွေအပေါ် ဘယ်လောက် သက်ရောက်မှုရှိနိုင်မလဲဆိုတာတော့ ခန့်မှန်းရခက်ခဲနေသေးတဲ့ အခြေအနေလို့ ဆိုရမှာဖြစ်ပါတယ်။ အခုလို အပစ်ရပ်ကြေညာချက် ထွက်ပေါ်မလာခင် ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေ ဖြစ်တဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်၊ SSPP/SSA တပ်တွေ လားရှိုးမြို့အရှေ့ဘက်မှာ ရှိတဲ့ တန့်ယန်းနဲ့ မိုင်းရယ်မြို့ အသီးသီးမှာ ဝင်ရောက်နေရာယူခဲ့ကြတဲ့ ဖြစ်ရပ် ၂ ခုနဲ့ ဆက်နွှယ်မှု ရှိ/မရှိဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိနိုင်သေးတဲ့ အနေအထားလို့ ဆိုရမှာ ဖြစ်ပါတယ်။ 

စစ်ကောင်စီ အနေနဲ့ အဆိုပါ မြို့၂ မြို့ကို ၄င်းနဲ့ မဟာမိတ်လို့ မဆိုနိုင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့ကို နေရာဝင်ယူခွင့်ပေးခဲ့ခြင်းဟာ ထူးခြားတဲ့ အပြောင်းအလဲ၊ ဆုံးဖြတ်ချက် တခုလို့ ရှုမြင်နေကြတာ ဖြစ်ပြီး အဆိုပါ လက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့နဲ့ စစ်ကောင်စီအကြား ဆွေးနွေးပြောဆိုမှုတွေက လားရှိုးမြို့နဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကို သိမ်းယူဖို့ ရည်မှန်းထားတဲ့ MNDAA ရဲ့ ရည်မှန်းချက်ကို ထိခိုက်စေဖို့ ဖြစ်လာစေသလားဆိုတဲ့ စဥ်းစားမှုတွေလည်း ပေါ်ထွက်လာစေတာ ဖြစ်ပါတယ်။ 

အခြားသော သတိပြုစရာ အချက်တချက်ကတော့ MNDAA ရဲ့ ထုတ်ပြန်ချက်မှာ အပစ်ရပ်ရခြင်းရဲ့ အကြောင်းကို တရုတ်ပြည်ကွန်မြူနစ်ပါတီရဲ့ တတိယအကြိမ် စုံညီအစည်းအဝေးရဲ့ စိုးရိမ်ချက်ကို အသိအမှတ်ပြုတဲ့ အနေနဲ့ အခုလို အပစ်ရပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အချက် ဖြစ်ပါတယ်။ 

ပြည်တွင်းက အခြားသော အကြောင်းအချက်တွေထက် အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ ကွန်မြူနစ်ပါတီစုံညီ အစည်းအဝေးကို အကြောင်းပြုခြင်းက တရုတ်နိုင်ငံ အပေါ်မှီခိုနေရခြင်း သို့မဟုတ် တရုတ်နိုင်ငံရဲ့ ဖိအားကို ပြေလျော့စေလိုတဲ့ ရည်ရွယ်ချက်လား ဆိုတဲ့ မှန်းဆ စဥ်းစားစရာတွေ ရှိနေပြီး ပြည်တွင်းမှာ စစ်ပွဲတွေကြောင့် ဒုက္ခခံစားနေကြရတဲ့ လူထုရဲ့ ခံစားမှုလို ပြည်တွင်းက အကြောင်းအရာတွေထက် တရုတ်နိုင်ငံရဲ့ ပါတီအစည်းအဝေးက ပိုမိုအရေးကြီးတဲ့ သဘောလည်း ယူဆစရာ ဖြစ်ပေါ်စေပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာ့ပြည်တွင်းရေးမှာ ထဲထဲဝင်ဝင် ပါဝင်သြဇာပေးနေတယ်လို့ ရှုမြင်မှုမျိုး ရှိနိုင်သလို အခြားရှုထောင့်တခုကတော့ MNDAA အနေနဲ့ တရုတ်နိုင်ငံကို ဦးစားပေးဆက်ဆံပြီး ပြည်တွင်းမှာ နယ်မြေတွေ ထပ်မံတိုးချဲ့ ထိန်းချုပ်နိုင်ရေး ရည်မှန်းချက် အောင်မြင်ဖို့ ကြိုးပမ်းနေတဲ့ သဘောလို့လည်း ကောက်ချက်ချနိုင်တဲ့ သဘောဖြစ်ပါတယ်။ 

ရှမ်းမြောက်က မြောက်ပိုင်းညီနောင် မဟာမိတ်လက်နက်ကိုင် ၃ဖွဲ့ရဲ့ ရည်မှန်းချက်က စစ်ကောင်စီတပ်တွေကို ရှမ်းမြောက်နယ်မြေတွေကနေ တိုက်ခိုက်မောင်းထုတ်ရေး အနိုင်ယူရေး ဆိုတဲ့ ရည်မှန်းချက်နဲ့အတူ အဲဒီနယ်မြေဒေသတေမှာ ရှိနေကြတဲ့ အခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ ထိန်းချုပ်စိုးမိုးရာနယ်မြေဒေသတွေကိုလည်း အသိအမှတ်ပြု လေးစားမှုရှိဖို့ လိုအပ်ပြီး မဟာမိတ်နဲ့ ရန်သူဆိုတဲ့ အဓိပ္ပာယ် သတ်မှတ်ချက်တွေက နိုင်ငံရေး ရပ်တည်ချက်၊ စံနှုန်း၊ လူမျိုးစု အသီးသီးရဲ့ တည်ရှိခွင့် ကိုယ်ပိုင်ပြဣဋ္ဌာန်းခွင့် တန်းတူညီမျှမှုတို့ အပေါ်မှာ အခြေခံဖို့ အရေးကြီးတာလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar