သိန္နီနဲ့ လောက်ကိုင်တို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်၊ ရခိုင်မှာ မြောက်ဦးမြို့ပေါ် လက်နက်ကြီးကျရောက်
မြန်မာနွေဦး ခရိုနီကယ် - ဒီဇင်ဘာ ၂၅ မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၂၆၊ ၂၀၂၃
သိန္နီနဲ့ လောက်ကိုင်တို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်၊ ရခိုင်မှာ မြောက်ဦးမြို့ပေါ် လက်နက်ကြီးကျရောက်
ယခုလ ၁၈ ရက်နေ့က တိုက်ပွဲစတင်ဖြစ်ပွားလာတဲ့ လောက်ကိုင်မြို့ကို စစ်ကောင်စီဘက်က လေကြောင်းက တိုက်ခိုက်နေသလို MNDAA က ထိန်းချုပ်ထားတဲ့ သိန္နီမြို့ကိုလည်း စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သိန္နီမြို့က နေအိမ်တွေအများအပြား ပျက်စီးပြီး လူသေဆုံးမှုလည်း ရှိတယ်လို့ သတင်းတွေမှာတွေ့ရပါတယ်။ သိန္နီမြို့ရဲစခန်း အနီးကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ အနီးက နေအိမ်တွေပါ ထိမှန်ပြီး အရပ်သား ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့တယ်လို့ MNDAA ဘက်က သတင်းထုတ်ပြန်ချက်အရ သတင်းတွေဖေါ်ပြထားကြပါတယ်။ သိန္နီမြို့ကို နိုဝင်ဘာလကတည်းက MNDAA က တိုက်ခိုက်သိမ်းယူထားပြီး သိန္နီဒေသခံတွေလည်း ပြန်လည်နေထိုင်နေကြတာ ဖြစ်ပါတယ်။ တိုက်ခိုက်သိမ်းယူထားတဲ့ MNDAA ကိုးကန့်တပ်ဖွဲ့ကလည်း နေအိမ်တွေမှာ ပြန်လာနေထိုင်ဖို့ ပြောဆိုပြီးတာတွေ၊ မိမိတို့ရဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေ ပျက်စီးဆုံးရှုံးမယ့်အရေး စိုးရိမ်မှုနဲ့ နကိုကတည်းက နေအိမ်တွေကနေ စွန့်ခွာခြင်း မရှိတာ၊ မြို့သိမ်းယူပြီးနောက် ပြန်နေထိုင်ကြတာတွေရှိပြီး အခုလို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်တဲ့အခါ လူနေအိမ်တွေ ထိမှန်ပြီး အသက်ဆုံးရှုံးပျက်စီးကြရတာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ မြို့တော် လောက်ကိုင်မြို့ကိုလည်း စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ရှိခဲ့ပြီး အမျိုးသား ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ သေဆုံးသူတွေဟာ လက်နက်ကိုင် အဖွဲ့ဝင်တွေလား သို့မဟုတ် အရပ်သားတွေလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ MNDAA တပ်တွေ တပ်စွဲထားတဲ့ တုံချိန်ရပ်ကွက်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့မှာပဲ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက အိုလုံတုံ့ ဆိုတဲ့နေရာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့ရာမှာ စစ်ရှောင်စခန်းကို ကျရောက်ထိမှန်ပြီး ၁ ဦးသေဆုံးကာ ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ နောက်ဆုံးပတ်က စတင်ခဲ့တဲ့ စစ်ဆင်ရေးမှာ MNDAA အနေနဲ့ နောက်ဆုံး စစ်ရေးရည်မှန်းချက် အနေနဲ့ လောက်ကိုင်မြို့ သိမ်းယူရေးဖြစ်ပြီး ၂ လနီးပါးကြာလာချိန်မှာတော့ ဆက်သွယ်ရေး လမ်းကြောင်းတွေ ဖြတ်တောက်ခံထားရတဲ့ လောက်ကိုင်မြို့ကို စတင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ MNDAA တွေက သီတင်းပတ်အတန်ကြာ လောက်ကိုင်မြို့ကို ဝိုင်းပတ်ထားပြီး မတိုက်ခိုက်သေးပဲ ဖိအားပေးနေရာက ဒီဇင်ဘာ ၁၈ ရက်နေ့က စတင်တိုက်ခိုက်လာပြီး အခုလို တိုက်ပွဲပြင်းထန်စွာ ဖြစ်လာသလို စစ်ကောင်စီဘက်က လက်နက်ကြီးတွေ နဲ့ပစ်ခတ်လာတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံ နယ်နိမိတ်နဲ့ နီးနီးကပ်ကပ် ထိစပ်နေတဲ့မြို့ ဖြစ်တာကြောင့်လည်း လေကြောင်းတိုက်ခိုက်မှုတွေ ကို သတိကြီးစွာလုပ်ရမယ့် အနေအထားမျိုးဖြစ်မယ်လို့ ယူဆကြပြီး စစ်ကောင်စီဘက်ကတော့ နယ်စပ်မျဥ်းအနီးအထိ လိုအပ်ရင် တိုက်ခိုက်မယ်ဆိုတဲ့ သဘောမျိုး ပြောဆိုတာလည်း ဖြစ်ပါတယ်။
ဒီနေ့ သတင်းတွေထဲ ရခိုင်ပြည်နယ်မြောက်ဦးမြို့ ရဲ့ ရှေးဟောင်းယဥ်ကျေးမှု အမွေအနှစ် ဖြစ်တဲ့ မြောက်ဦးပြတိုက်ကို လက်နက်ကြီးကျည်ကျရောက်ပြီး ပျက်စီးသွားတဲ့ သတင်းဖြစ်ပါတယ်။ မြောက်ဦးမြို့ နန်းတော်ရာဟောင်း ရဲ့ အတွင်းထဲ တည်ဆောက်ထားတဲ့ မြောက်ဦးယဥ်ကျေးမှု လက်ရာ၊ ကျောက်စာအစရှိတာတွေ ထားရှိတဲ့ ယဥ်ကျေးမှု ပြတိုက်ကို လက်နက်ကြီးကျည် တည့်တည့်ထိမှန်ပြီး အမိုးတွေ နဲ့ အဆောက်အဦအတွင်းပိုင်းက ပစ္စည်းတွေ ပျက်စီးသွားတယ်လို့ သတင်းတွေထဲမှာ ဖေါ်ပြထားကြပါတယ်။ မတိုင်ခင် တရက်ကတည်းက စစ်ကောင်စီတပ်ရင်းတွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် လူနေအိမ်တချို့ ထိမှန်ပြီး အရပ်သား ၂ ဦးသေဆုံးကာ ကလေးငယ်တဦး ဒဏ်ရာရခဲ့တဲ့ အဖြစ်အပျက်ဖြစ်ပျက်ပြီး နောက်တရက်မှာ အခုလို မြောက်ဦးယဥ်ကျေးမှု ပြတိုက်ကို လက်နက်ကြီး ကျည်ထိမှန်ခဲ့တာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် မှာ တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့တဲ့ နိုဝင်ဘာလနောက်ပိုင်း ပေါက်တောမြို့ ၊ ပုဏ္ဏားကျွန်းတို့မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီးနောက် အခုရက်ပိုင်းမှာတော့ မြောက်ဦးမြို့အနီးက စစ်ကောင်စီ တပ်စခန်း၊ အခြေစိုက်စခန်းတွေကို AA က တိုက်ခိုက်လာခဲ့ရာမှာ အခုလိုမြောက်ဦးမြို့ ရဲ့ ရှေးဟောင်းယဥ်ကျေးမှု အမွေအနှစ်တွေ စုဆောင်းပြသထားတဲ့ ပြတိုက်ကို လက်နက်ကြီးထိမှန်ခဲ့တာ ဖြစ်ပါတယ်။
အခု လက်နက်ကြီး ထိမှန်ခဲ့တဲ့ ယဥ်ကျေးမှုပြတိုက်ဟာ ရှစ်သောင်းပုထိုးတော်နဲ့ သိပ်မဝေးတဲ့ နေရာမှာရှိပြီး မြောက်ဦးမြို့ တမြို့လုံးမှာ ယဥ်ကျေးမှုအရ အဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းအဆောက်အဦ၊ ဘုရားပုထိုးတွေ အများအပြားရှိတဲ့မြို့မှာ လက်နက်ကြီးတွေ ပစ်ခတ်မှုက ဒေသခံတွေ ရခိုင်လူမျိုးတွေကို ၄င်းတို့ရဲ့ ယဥ်ကျေးမှုအမွေအနှစ်တွေ ဆုံးရှုံးမှုအတွက် စိတ်ထိခိုက်စေတာ ဖြစ်ပါတယ်။
စစ်ကောင်စီ အနေနဲ့ ယဥ်ကျေးမှု တန်ဖိုး၊ ရှေးဟောင်း ယဥ်ကျေးမှု အမွေအနှစ်တန်ဖိုးတွေကို အလေးထားခြင်းမရှိပဲ AA အဖွဲ့အနေနဲ့ ၄င်းတို့ကို တိုက်ခိုက်လာခဲ့ရင် ရှေးဟောင်း အမွေအနှစ်တွေကိုလည်း တန်ဖိုးမထားဘဲ ပျက်စီးပါစေ သဘောမျိုးနဲ့ ဖိအားပေး လုပ်ဆောင်တာလို့ မှန်းဆရပါတယ်။
ရခိုင်ပြည်နယ်က နှစ်ထောင်နဲ့ချီတဲ့ ရှေးဟောင်းအမွေအနှစ်တွေ ပျက်စီးဆုံးရှုံးရမယ့် အရေးကို ရခိုင်ပြည်နယ်က ဒေသခံတွေ အနေနဲ့ စိုးရိမ်ပူပန်ကြပေမယ့် စစ်ကောင်စီအနေနဲ့တော့ ယဥ်ကျေးမှု အမွေအနှစ်တွေကို ဓါးစားခံသဖွယ် ယူဆထားတာမျိုး ဖြစ်ပါလိမ့်မယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar