Breaking News

စစ်မီးတောက်သည့်မြေမှ ခရစ်စမတ်အကြိုည



မြန်မာနွေဦး ခရိုနီကယ် - ဒီဇင်ဘာ ၂၄ မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၂၅၊ ၂၀၂၃
စစ်မီးတောက်သည့်မြေမှ ခရစ်စမတ်အကြိုည

မြန်မာနိုင်ငံဟာ ခရစ်ယာန်ဘာသာဝင် အများစုမဟုတ်သော်လည်း တိုင်းရင်းသားလူမျိုး အများအပြားဟာ ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ကြပါတယ်။ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ လားဟူ အစရှိတဲ့ လူမျိုးတွေအနက် ရာခိုင်နှုန်း အများစုက ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ကြပါတယ်။ ၂၀၂၁ ခုနှစ်ရဲ့ အခုလို ဒီဇင်ဘာ ၂၄ ရက်နေ့ မှာ ကရင်နီပြည်ရဲ့ ဖရူဆိုမြို့နယ်ထဲက ဒေသခံတွေ တိုက်ပွဲဖြစ်ပွားတာကို တိမ်းရှောင်ဖို့ သွားတဲ့လမ်းမှာ စစ်ကောင်စီတပ်နဲ့ တွေ့ပြီး ဖမ်းဆီးကာ အရပ်သားမှန်းသိလျှက်နဲ့ ကလေးငယ် အပါအဝင် လူ ၃၀ ကျော်ကို သတ်ဖြတ်ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုက ဒီနေ့ဆိုရင် ၂ နှစ်တင်းတင်း ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ကို ဖြစ်ပွားတဲ့ အနီးကကျေးရွာအမည် မိုဆို ကိုအစွဲပြုပြီး မိုဆို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုလို့ ရည်ညွှန်းပြောဆိုကြပါတယ်။

၂၀၂၁ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် လအနည်းငယ်အကြာမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ကျောင်းသားလူငယ်တွေ၊ အန်အယ်လ်ဒီပါတီထောက်ခံသူတွေ၊ နကိုက နိုင်ငံရေးနယ်ပယ်က မဟုတ်တဲ့ သာမန်အရပ်သားတွေထဲက ထောင်သောင်းချီတဲ့ သူတွေက လက်နက်ကိုင် ခုခံတိုက်ခိုက်မယ့် လမ်းကြောင်းကို စတင်ခဲ့ရာမှာ ၂၀၂၁ ခုနှစ်ဒီဇင်ဘာလဟာ PDF လက်နက်ကိုင်အဖွဲ့တွေ စတင်ဖွဲ့စည်းတိုက်ခိုက်ခါစ အနေအထားမှာ စစ်ကောင်စီတပ်တွေက ခုခံမှုကို ရက်စက်စွာ နှိမ်နှင်းတာ၊ လက်နက်ကိုင် သာမက အရပ်သားတွေကိုပါ မစိစစ်ပဲ သတ်ဖြတ်ခဲ့တဲ့ ကာလဖြစ်ပါတယ်။ မိုဆို အဖြစ်အပျက်ဟာ ဖြစ်ရပ်တခုထည်း အရပ်သားဦးရေ အများဆုံး အသက်ဆုံးရှုံးရတဲ့ အဖြစ်အပျက်ဖြစ်သလို ခရစ်စမတ် အကြိုနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ဖြစ်ပွားခဲ့ရခြင်းကလည်း ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်တဲ့ ကရင်နီပြည်က ဒေသခံတွေအဖို့ ပိုမိုစိတ်ထိခိုက်စရာ အနေအထားဖြစ်ပါတယ်။ ဒီအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ ကျူးလွန်သူ၊ အမိန့်ပေးသူ၊ တာဝန်ရှိသူတွေကို ၂ နှစ်ကြာသည်အထိ အရေးယူနိုင်ခြင်း မရှိသေးပါဘူး။ ကရင်နီပြည်မှာ လက်နက်ကိုင် တိုက်ပွဲတွေ ထပ်မံကျယ်ပြန့်လာပြီး စစ်ကောင်စီအနေနဲ့ တပ်စွဲအခြေစိုက်ထားရာ နေရာတဖြည်းဖြည်း ကျဥ်းလာနေသလို ပြည်နယ်မြို့တော် လွိုင်ကော် နေ့ကျမလား ညကျမလား ဆိုတဲ့အနေအထားလည်း ဖြစ်ပါတယ်။

တဖန် ပြီးခဲ့တဲ့ ၂ နှစ် ဒီဇင်ဘာလလယ်မှာလည်း ကေအန်ယူရဲ့ တပ်မဟာ ၆ ဧရိယာထဲက လေးကေ့ကော် မြို့သစ်မှာ စစ်ကောင်စီတွေ ဝင်ရောက်စစ်ဆေးရာက စတင်ပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်လည်း ဖြစ်ပွားခဲ့ပြီး အခုဆို ၂ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ငြိမ်းချမ်းရေးမြို့သစ်လို့ အမည်ပေးထားတဲ့ လေးကေ့ကော် မြို့ကို စစ်ကောင်စီက ဝင်ရောက်စစ်ဆေးဖို့ တပ်တွေနဲ့ ဝင်လာပြီး ခိုလှုံနေတဲ့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် တဦးနဲ့ အခြားသူတွေကို ဖမ်းဆီးသွားရာက လေးကေ့ကော် တဝိုက် လက်နက်ကိုင်တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီး ကရင်ပြည်နယ် မြဝတီမြို့နယ်တဝိုက် ကေအန်ယူနဲ့ စစ်ကောင်စီအကြား တိုက်ခိုက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

လက်နက်ကိုင် ခုခံတိုက်ခိုက်မှု၊ စစ်ကောင်စီရဲ့ လက်နက်ကိုင် တပ်တွေကို အနိုင်ယူတိုက်ခိုက်ပြီး အပြီးတိုင်ဖယ်ရှားပစ်မယ်လို့ ရည်ရွယ်ကြတဲ့ PDF အဖွဲ့တွေ၊ နကိုကတည်းက ရှိနှင့်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ခုခံမှု၊ ထိုးစစ်ဆင်မှုတွေ ၂ နှစ်ပြည့်လာချိန်မှာ စစ်ကောင်စီတပ်တွေ ရဲ့ စိုးမိုးထိန်းချုပ်နိုင်စွမ်းက အကန့်အသတ်တွေ အများကြီး ရှိလာတာ ဖြစ်ပါတယ်။ တဖက်မှာလည်း မြို့တွေ ဒါဇင်နဲ့ချီတဲ့ မြို့တွေကို သိမ်းယူဖို့ကြိုးစားနေတာ၊ အချို့ကို သိမ်းယူနိုင်ခဲ့တာတွေလည်း ၂၀၂၃ ခုနှစ်နှောင်းပိုင်း မှာ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာတော့ ကရင်နီပြည်မှာလည်း လက်နက်ကိုင်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေသလို ရှမ်းပြည်နယ် မြောက်ပိုင်း တရုတ်နိုင်ငံနဲ့ နယ်နိမိတ် ထိစပ်နေတဲ့ ဒေသတလျှောက် မှာလည်း TNLA, MNDAA နဲ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး ရခိုင်ပြည်နယ် ရဲ့နေရာအများအပြားမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၄ ရက်နေ့ နေ့ခင်း မြောက်ဦးမြို့ရဲ့ ရပ်ကွက်တခုမှာ စစ်ကောင်စီတပ်ရင်းက ပစ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပြီး မိခင်နဲ့ ဖခင်ဖြစ်သူ အသက်ဆုံးရှုံးကာ ၅ နှစ်အရွယ် သမီးက လက်ဝဲဘက်လက် ထိခိုက်ဒဏ်ရာရသွားတဲ့ အဖြစ်အပျက်လည်း ဖြစ်ပွားခဲ့ပါတယ်။ မိဘ ၂ ဦးစလုံး အသက်ဆုံးရှုံးသွားတဲ့ အဖြစ်အပျက်နဲ့ အသက်ဆုံးရှုံးတဲ့အထိ မဟုတ်သည့်တိုင် ကြီးမားတဲ့ဒဏ်ရာရခဲ့တဲ့ ၅ နှစ်အရွယ် မိန်းကလေးရဲ့ အဖြစ်အပျက်က ပြည်တွင်းစစ်ရဲ့ သရုပ်ကို လှစ်ဟပြလိုက်သလို ရှိနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

နှစ် ၇၀ ကျော်ကြာမြင့်လာတဲ့ ပြည်တွင်းစစ်မီးကို ငြိမ်းဖို့ကြိုးစားနေကြရင်း ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုက စစ်မီးကို အသစ်ဖြစ်အောင် လောင်စာတွေ ဖြည့်တင်းလိုက်သလိုဖြစ်ပြီး နကိုက စစ်မီးမတောက်ခဲ့တဲ့ စစ်ကိုင်းတိုင်းလို၊ မကွေးတိုင်း မန္တလေးတိုင်းလို ဒေသတွေအထိ စစ်မီး ကျယ်ပြန့်စွာတောက်လောင်လာခဲ့ပြီး စစ်အာဏာရှင် စနစ်ကို အဆုံးသတ်စေဖို့ စစ်ပွဲဆင်နွှဲပြီး အနိုင်ယူဖို့ လမ်းကြောင်းပေါ် ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

ခရစ်ယာန်ဘာသာဝင်တွေအဖို့ အထွဋ်အမြတ်ထားတဲ့ အခါသမယ ဖြစ်တဲ့ ခရစ်စမတ် အခါသမယကို စစ်မီးလျှံကြားမှာ ဖြတ်သန်းရတာ တတိယအကြိမ် အချိန်ကာလအားဖြင့် ၂ နှစ်ပြည့်မြောက်ခဲ့တာလည်း ဖြစ်ပါတော့တယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar