Breaking News

တည်ဘွားဦး - မပျော်ရွှင်တဲ့အဓိပ္ပာယ် - ၂၁

မပျော်ရွှင်တဲ့အဓိပ္ပာယ် - ၂၁
တည်ဘွားဦး
(မိုးမခ) ဇန်နဝါရီ ၂၂၊ ၂၀၂၄

အဆင်မပြေပါဘူးဆိုမှ
မီးခိုးတွေက ထထအူတယ် ၊

နေရောင်ခြည်ကိုတိုက်ရိုက်လိုချင်တာပါ
မှန်ကတဆင့် ရလာမယ့် အနွေးဓာတ်ကို မလိုချင်ပါဘူး ၊

သူ့ကြောင့်
ငါ့ရဲ့အသည်းလေးနည်းနည်းပါးလာ
သူ့ကြောင့်
ငါ့ရဲ့ နာမကျန်းမှုဟာ ပို၍ဆိုးလာ ၊

မကောင်းခဲ့တဲ့အိပ်မက်ဆိုးတွေကြားထဲက
ရုန်းထွက်လာခဲ့ရသူမို့
ပြောခဲ့ဖူးတဲ့ စကားလုံးတွေကို ပြန်မတွေးစေချင်ပါဘူး
ပျော်စရာမှ မကောင်းခဲ့တာ ၊

သင်ဆရာမရှိ
မြင်ဆရာမရှိ
ကြားဆရာမရှိတဲ့
ကြားကွက်သစ်လမ်းမကြီးပေါ်မှာ
ပေါင်တိုတို
စကပ်တိုတိုနဲ့
ဝက်ဆလပ်စားနေတဲ့
ကောင်မလေးတွေကိုမြင်ရတာလည်း
စိတ်ချမ်းသာလှတယ်မရှိပါဘူး ၊

ရောက်လာပါပြီဆိုကတည်းက
စိတ်လိုလက်ရ လုပ်မိတာဆိုလို့
ဂစ်တာတီးတယ်
သီချင်းဆိုတယ်
လမ်းလျှောက်တယ်
နို့ဆန်ပြုတ်သောက်ပြီး
အသံမထွက်ပဲ ပူပူနွေးနွေးငိုတယ်
နောက်
ပျံရင်းသေသွားတဲ့ငှက်ကို
ရက်ရက်စက်စက် အမျှဝေပေးလိုက်တယ် ၊

ပျော်စရာတွေက သည်လောက်ပါပဲ
ဒီ့ထက်ပြီးပျော်စရာဆိုလို့
ကိုယ့်ကိုယ်ကို
အရည်ဖျော်ဖို့သာကျန်ပါတော့တယ်  ။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar