ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အာဏာရူးတဲ့ မင်းအောင်လှိုင် ဖုန်ရှူလိုက် ဖုန်ရှူလိုက်
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အာဏာရူးတဲ့ မင်းအောင်လှိုင် ဖုန်ရှူလိုက် ဖုန်ရှူလိုက်
(မိုးမခ) ဇန်နဝါရီ ၂၁ ၊ ၂၀၂၄
နာမ့်ဖာ့ကာမှာ ငှက်ကျတော့ ပလက်ဝကို သိမ်းတာပဲ။ အဲသမှာ အရှက်ရတဲ့ မဘသတွေက တင်းအောင်မကိုင်နိုင်တဲ့ မင်းအောင်လှိုင်ကို ကြိုးကွင်းပြပြီး စိုးဝင်းကို ဂိုးသွင်းခိုင်းပါရောလား။ ခု မိအောင်လှိုင်က ကိုးကွင်းကို ထိုးသွင်းလိုက်တယ်လို့ သဲ့သဲ့ကြားရ။
ကာလဝိပါက် နောက်ပိုးတက်ပုံများတော့ကွယ် ကိုးကန့်ကို ဆန္ဒပြခိုင်းတာ ကိုးကွင်းကို ဂိုးသွင်းခွင့်ပေးလိုက်ပါ ကိုအောင်လှိုင် ဖြစ်ကရော။ စစ်ကြောကြည့်ရင် ဓာတ်တူ နံတူ ဆေးဘက်ယူ နံတူသတ်က အသေရဆိုတာပဲပေါ့။ ကိုးကန့်နဲ့ ကိုးကွင်း နဝင်းဓာတ်ချင်း တနင်္လာနံချင်း ဆေးဘက်ယူသွားပြီး MNDAA အစား မအလဘဲ ကြာသပတေးနံခြင်း သတ်ခံရတာပ။ ဟိုက ဖုန်မျိုးနွယ်လေ။ ခုတော့ မအလ ဖုန်ရှူနေရပြီ။ အာဏာရူးတဲ့ မင်းအောင်လှိုင် ဖုန်ရှူလိုက် ဖုန်ရှူလိုက်ဆိုတဲ့ ဂျင်ဇက်တို့စနည်းက ရှင်းရှင်းကြီးပေါ်လာပြီပေါ့။
ကြာသပတေးဆိုလို့ မိုးမိတ်ကို စိုးထိတ်နေရတဲ့ကြားထဲ မေမြို့ကလဲ နေလို့ မကောင်းတော့ဘူး။ ဘုရားလောင်း မောင်းချပွဲလုပ်တဲ့ ကောင်တွေလဲ ခုမှ ကြောက်လန့်ပြီး နေ့ရှောင်ညပုန်း တလုံးလုံးလုပ်နေတာကတမျိုး။ တပ်မြို့ဖြစ်နေပါတယ်ဆို ဆေးဗိုလ်တွေက ဟိုင်ဂင်သဘောတူချက်ကို ငလှိုင်ငှက်ပျောအူချက်ထင်ပြီး သွားသွားကြောင်နေတော့ ညီနောင်သုံးဖော်ကလဲ တမုန်းဆော်တော့မယ် ပြောဘီ။ မေမြို့ကို လှမ်းပြီး ရှော့တိုက်ဒုံးနဲ့ ဝုန်း၊ ဒေါ့ရိုက်ဒရုန်းနဲ့ ကျုံးလို့ကတော့ ကျီးလန့်ကမှ အစာစားရအုံးမယ်။ ကြည့်အုံး ကြာသပတေးတွေ သရောကြီးခိုင်းနေပုံများ ပခုက္ကူလေဆိပ်မှာ ခြေချိပ်ထိုင်နေတဲ့ ပီဒက်တွေ ပုံကြီးက တက်လာ။ ခက်ပါတယ်ဆို မြင်းခြံမှာ ဗျင်းပြန်တာများ ကားကလေးပါ ချုံပေါ် လွှင့်နေတယ်လေ ငါလေလုပ်။ မင်းပြားလဲ ဗျင်းသလား မမေးနဲ့၊ အသေအကြေ AA ဆိုတဲ့အတိုင်း မအလတို့ သရောကြီးခိုင်းချက်တော့ လက်နက်ချပေးတာက တမျိုး၊ ပြေးတာကတဖုံ၊ ခိုလှုံတာက တခုနဲ့ ဘပုခမျာ မင်းပြားဆိုတဲ့အတိုင်း မင်းပြားတော့မှာမို့ မင်းပြား စိုးအောက်မှာလဲ အမျိုးပျောက်မလောက် စိုးကြောက်နေရှာ။ အင်း ကြာသပတေးနံကြီးတခုလုံး သိမ်းကျုံးပြောရမယ်ဆို မြန်မာပြည်ကြီးတခုလုံး ပီဒက်လက် ရောက်တော့မှာ။
ရထားတဲ့ ဗုံးတွေ အမြောက်တွေကလဲ ပေါက်ပေါက်ဖောက်သလို ထိုင်ဖောက်နေရင်တောင် တနှစ်လောက်နဲ့ ကုန်မယ့်ပုံမရှိ။ အင်း သိမ်းဆည်းထားတဲ့ကျည်ဆန်တွေဆိုတာလဲ ရွာတလင်း မြေပဲကျင်းထားသလိုကို ဖြစ်နာ။ ခဲယမ်းသေတ္တာတွေ သေတ္တာတွေ ဆိုတာများ ဆင့်ဆင့်ထားလိုက်တာ ဆပ်ကပ်ပြကွက်ဆန်းမြင်ရသလို ရင်တဖိုဖိုနဲ့ ကြည့်တုန်းပြိုကျလိုက်မလားထင်ရအောင် မြင့်သဗျား။ တင့်ကား သံချပ်ကာကား အမြောက်ကား ဗျောက်ကားတွေ များတော့ မော်တော်ပီကယ်တောင်ထားရမလို များချက် လက်ကုန်။ စစ်ဗိုလ်တွေရဲ့ ပစ္စတိုနဲ့ ခြောက်လုံးပြူးကတော့ မူးလဲ ရှူနနေနဲ့၊ ကလေးတွေဆော့ဖို့သာ ထားလိုက်တော့။ လူကြီးဆော့ဖို့က ပခုံးထမ်းမျိုးစုံရှိ။ မီးအောင်လှိုင်တို့များ ဘုရားဒကာသာ ဆိုတယ်၊ ဘုရား မချီးမွမ်းတဲ့ လက်နက်လှူဒါန်းမှုကျ အကြီးအကျယ်လုပ်သဗျာ။ အင်း မလုပ်ရဲတာ ဘာမှမရှိဘူးလို့ ပြောထားသားကိုး။
ကြောင်ခံတွင်း တပ်ပျက်နဲ့ ငှက်တောင်ပံကျိုးတွေ အရက်နဲ့ ဆေး နှစ်ပင်လိမ်နေချိန် နေပူတော်မလဲ သူ့လိမ်ငါညာ၊ ကိုယ့်ဟာသိမ်းနိုးနိုး၊ ငါ့အမျိုး မထိနဲ့၊ အဲကောင် တပဲ့တွေ အကုန်ရှင်း၊ ဒင်းတို့ဟာတွေမျိုးဖြုတ်၊ ဒင်းတို့ ရှုပ်သမျှအကုန်ဖော်၊ ဆော်ကွာ သူ့စောက်ခွက်နဲ့ လောက်တက်ပြီး ယောက်ယက်ခတ်နေကြပုံများ၊ အင်း ဘယ်ကောင်သေသေ ငတေချည်းနေတဲ့ အရပ်ဘဲလေ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar