နမ့်ဖတ်ကာ တပ်စခန်းကို KIA တိုက်ခိုက်သိမ်းယူ၊ ကိုးကန့်မှာ MNDAA က အုပ်ချုပ်ရေး စတင်
မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၁၅ မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၁၆၊ ၂၀၂၄
နမ့်ဖတ်ကာ တပ်စခန်းကို KIA တိုက်ခိုက်သိမ်းယူ၊ ကိုးကန့်မှာ MNDAA က အုပ်ချုပ်ရေး စတင်
ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီ နဲ့ မြောက်ပိုင်း ညီနောင် လက်နက်ကိုင်၃ဖွဲ့ ယာယီအပစ်ရပ် ထားပေမယ့်လည်း အခြားတိုင်းရင်းသား လက်နက်ကိုင် တဖွဲ့ဖြစ်တဲ့ ကေအိုင်အေ အဖွဲ့နဲ့ စစ်ကောင်စီအကြား မှာ တိုက်ပွဲတွေ ဖြစ်ပွားလာတာ ခုရက်ပိုင်း သတင်းတွေမှာ တွေ့ရမှာဖြစ်ပါတယ်။ ကေအိုင်အေ နဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာရှိပေမယ့်လည်း ရှမ်းမြောက်ဒေသမဟုတ်ပဲ ကချင်ပြည်နယ်ထဲက ဖားကန့်လို၊ ဝိုင်းမော်၊ လိုင်ဇာသွားတဲ့ လမ်းပေါ်က စခန်းတွေမှာ ဖြစ်ပွားနေတာဖြစ်ပြီး ရှမ်းမြောက်ဒေသ ကွတ်ခိုင်လို ဒေသတွေမှာတော့ ခုရက်ပိုင်းမှာ ဖြစ်ပွားလာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂ လကျော်ကာလအတွင်းမှာ ရှမ်းပြည်နယ် မြောက်ပိုင်းတခွင်ဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေထဲမှာတော့ KIA တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်တဲ့ သတင်းတွေထဲ ရှားရှားပါးပါး နမ့်ဖတ်ကာကို တိုက်ခိုက်တဲ့ သတင်းကို ဒီဇင်ဘာ ၃၀ ရက်နေ့ ဝန်းကျင်မှာတွေ့ရတာကလွဲပြီး အခြား တိုက်ခိုက်မှုသတင်း မတွေ့ရသလောက် ဖြစ်ပြီး ခုရက်ပိုင်း မြောက်ပိုင်း ၃ ဖွဲ့နဲ့ စစ်ကောင်စီ ယာယီအပစ်ရပ်ထားပြီး နောက်မှာ ကွတ်ခိုင်မြို့နယ်ထဲက နမ့်ဖတ်ကာ က စစ်ကောင်စီရဲ့ အခြေစိုက် ခြေလျင်တပ်ရင်း အမှတ် ၁၂၃ ကို ကေအိုင်အေက သိမ်းယူနိုင်တဲ့ အနေအထားသတင်းတွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၅ ရက်နေ့ နောက်ဆုံးရတဲ့ အချို့သတင်းတွေမှာတော့ သိမ်းယူလိုက်နိုင်ပြီလို့ ဖေါ်ပြထားတာတွေ့ရပါတယ်။ နမ့်ဖတ်ကာ ကျေးရွာလို့ဆိုပေမယ့် ကျေးရွာ အဆင့်ထက်ပိုတဲ့ လူနေအိမ်တွေ တရုတ်-မြန်မာကားလမ်းပေါ်က လမ်းဆုံကျတဲ့ နေရာတနေရာ ဖြစ်ပြီး ကေအိုင်အေက အဲဒီကျေးရွာအနီးက တပ်စခန်းကို တိုက်ခိုက်ပြီး သိမ်းယူခဲ့တာ ဖြစ်ပါတယ်။
ရှေးအစဥ်အဆက် ကချင်လူမျိုးတွေလည်း အခြေစိုက်နေထိုင်ကြတဲ့ ရှမ်းမြောက်ဒေသမှာ ကွတ်ခိုင်မြို့နယ်မှာ အထင်ရှားဆုံးလို့ဆိုရမယ့် အနေအထားရှိပြီး အင်္ဂလိပ်ကိုလိုနီ အဖြစ်သိမ်းယူစဥ်ကတော့ ကချင်လူမျိုးတွေ အစဥ်အဆက် အခြေချနေထိုင်ခဲ့ကြတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက ဒေသတွေကို Kachin Sub-state အဖြစ်နဲ့ သတ်မှတ်ထားခဲ့ကြတာ ဖြစ်ပါတယ်။ Mungmit Sinli ဒေသလို့ အဲဒီအချိန်က သတ်မှတ်ခေါ်ဝေါ်ခဲ့တဲ့ ရှမ်းမြောက်က ဒေသတွေကို ကချင်လူမျိုးတွေ အနေနဲ့ အစဥ်အဆက် နေထိုင်လာခဲ့ကြလို့ ကချင်ပြည်နယ်ရဲ့ ပြည်နယ်ခွဲအဖြစ်နဲ့ သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ အခုလို ရှမ်းမြောက်ဒေသမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ပြီး နယ်မြေထိန်းချုပ်ကာ အုပ်ချုပ်ကြမယ့် အနေအထားမျိုးရောက်လာချိန်မှာ လူမျိုးစုအလိုက် အစဥ်အဆက် အခြေချ နေထိုင်လာတဲ့ အပေါ်မူတည်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား သဘောတူ နားလည်မှုတွေ ရှိဖို့ အရေးကြီးတဲ့ သဘောလည်း ဖြစ်ပါတယ်။
ရှမ်းမြောက်ဒေသ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မုံးကိုးလို ဒေသမျိုးမှာလည်း ကချင်လူမျိုး အများအပြား နေထိုင်ကြပြီး ကချင်လက်နက်ကိုင် လှုပ်ရှားမှုတွေ ရှိခဲ့ကြတဲ့ ဒေသဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ၄င်းတို့လူမျိုးစုတွေ နေထိုင်ကြတဲ့ ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားပြီး အနိုင်ရတဲ့အခါ နယ်မြေသိမ်းယူအုပ်ချုပ်ကြတာ သဘာဝ ဖြစ်ပေမယ့်လည်း လက်နက်ကိုင် တိုက်ခိုက်တဲ့ အဖွဲ့နဲ့ လူမျိုးချင်းမတူကြတဲ့ တိုက်ခိုက်ရေး တပ်သားတွေ စစ်ပွဲတွေမှာ တိုင်းရင်းသား လူမျိုးစုအတွေအကြား ညှိနှိုင်းမှု နဲ့ နားလည်မှုတွေ ရှိကြဖို့လည်း အရေးကြီးတာ ဖြစ်ပါတယ်။ တိုင်းရင်းသား လူမျိုးစု တမျိုးမကနေထိုင်နေကြတဲ့ ရှမ်းမြောက်ဒေသလိုမျိုးမှာ ဒီလိုနားလည်မှုက အရေးပါတာ ဖြစ်ပါတယ်။ နမ့်ခမ်းလို ရှမ်းပြည်နယ် ကချင်ပြည်နယ်ထိစပ်ရာ၊ ရွှေလီမြစ်သာခြားတဲ့ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်မြို့ ကုန်သွယ်ရေးအရ မူဆယ်လောက် အရေးမပါသော်လည်း သယံဇာတနဲ့ ရှမ်းမြောက်ဒေသက ထွက်ကုန်တွေ တင်ပို့ရာလမ်းကြောင်းပေါ်က မြို့လိုမျိုးကို လက်နက်ကိုင် အဖွဲ့အသီးသီးက မျက်စေ့ကျ ထိန်းချုပ်လိုကြမှာ အမှန်ပဲဖြစ်ပါတယ်။ မကြာသေးတဲ့ လတွေက TNLA က နမ့်ခမ်းမြို့ကို စစ်ကောင်စီ ထိန်းချုပ်မှုကနေ တိုက်ခိုက်သိမ်းယူခဲ့ပြီး လက်ရှိမှာ TNLA က အုပ်ချုပ်နေတာဖြစ်ပါတယ်။ နမ့်ခမ်းမြို့မှာ ကချင်လူမျိုးတွေ၊ ရှမ်းလူမျိုးတွေလည်း နေထိုင်ကြတာ ဖြစ်ပြီး TNLA က သိမ်းယူတာနဲ့ ပတ်သက်လို့ ရှမ်းလူမျိုးစု လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ဘဝင်မကျတဲ့ အနေအထားမျိုးရှိတယ် ဆိုတဲ့ တရားဝင် အတည်ပြုဖို့ မလွယ်ကူတဲ့ သတင်းအစအန အချို့ ပေါ်ထွက်ခဲ့တယ်လို့ ကြားသိရပြီး ကွတ်ခိုင်မြို့ သိမ်းယူတဲ့ အခါမှာလည်း အလားတူ မကျေနပ်မှုတချို့ ရှိခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
ဒီအချက်အလက်တွေ အပေါ်အခြေခံပြီး ဆက်စပ်တွေးကြည့်ရာမှာ အခုလို စစ်ကောင်စီနဲ့ မြောက်ပိုင်း လက်နက်ကိုင် ၃ ဖွဲ့ ယာယီအပစ်ရပ်ထားချိန်မှာ ကေအိုင်အေ အနေနဲ့ နမ့်ဖတ်ကာ စစ်ကောင်စီ စခန်းကို တိုက်ခိုက်တာလားလို့ တွေးဆစရာလည်း ရှိတဲ့ သဘောဖြစ်ပါတယ်။
ဒီနေ့အဖို့ နောက်သတင်းတပုဒ်ကတော့ ကိုးကန့် လက်နက်ကိုင် အဖွဲ့နဲ့ ကိုးကန့်ပါတီတို့က မကြာခင် သီတင်းပတ်တွေ လတွေက သိမ်းယူထားတဲ့ ကိုးကန့်ဒေသက မြို့တွေမှာ ၄င်းတို့အုပ်ချုပ်ရေးကို စတင်နေတဲ့ သတင်းဖြစ်ပါတယ်။ မြန်မာအမျိုးသား အမှန်တရားနှင့် တရားမျှတမှုပါတီ MNTJP ပါတီနဲ့ MNDAA မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော်တို့ ကို ဖွဲ့စည်းထားတဲ့ ဖုန်ကြားရှင်ရဲ့ သားဖြစ်သူ ဖုန်တဲရွှင် ဦးဆောင်တဲ့ လက်နက်ကိုင် တပ်ဖွဲ့က ကိုးကန့်ဒေသတခုလုံးကို သိမ်းယူပြီးနောက်မှာ အုပ်ချုပ်ရေး စတင်နေပြီလို့ သတင်းတွေမှာ ဖေါ်ပြထားကြတာ ဖြစ်ပါတယ်။ စစ်ကောင်စီ ထုတ်ပြန်ထားတဲ့ စစ်အုပ်ချုပ်ရေး ကြေညာမှုကို ပယ်ဖျက်ကြောင်း ကြေညာလိုက်တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားတာ တွေ့ရပါတယ်။ ဖုန်တဲ့ရွှင် ကိုးကန့်လက်နက်ကိုင် အဖွဲ့အနေနဲ့ စစ်ကောင်စီနဲ့ ယာယီအပစ်ရပ် ထားသော်လည်း ဒီသဘောတူညီချက်က ဘယ်အချိန် ပျက်ပြယ်သွားမလဲ လို့ စိုးရိမ်နေရတဲ့ သဘောတူညီချက် ဖြစ်ပြီး လတ်တလောမှာတော့ လေကြောင်း တိုက်ခိုက်မှုတွေ ထိုးစစ်တွေ မရှိသေးသော်လည်း အချိန်မရွေး ပြန်လည်ဖြစ်ပွားနိုင်တဲ့ အခြေအနေမှာ ကိုးကန့်အဖွဲ့ အနေနဲ့ ၄င်းတို့ အုပ်ချုပ်ရေးကို စတင်ပြီး အခြေအနေတွေ တည်ငြိမ်အောင် ကြိုးစားနေတဲ့ သဘောလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar