Breaking News

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၆

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၆

(မိုးမခ) ဇန်နဝါရီ ၁၆ ၊ ၂၀၂၄


ရှန်းခေတ် (商 Shang Dynasty)

ရှခေတ် မကျဆုံးခင် အနှစ် ၄၀ ဝန်းကျင်မှာ ရှန်းခေတ် ပေါ်ပေါက်ဖို့ အကြောင်းတွေ စတင်ပြီး ဖန်လာနေပြီ ဖြစ်ပါတယ်။ ရှန်းပြည် ဟာ ရှဧကရာဇ်ရဲ့ လက်အောက်ခံ နိုင်ငံငယ် ၄၀ လောက်ထဲက တစ်ခု ဖြစ်ပါတယ်။ 

ရှအင်ပါယာရဲ့ ၁၄ ဆက်မြောက် ဧကရာဇ် ခုန်းကျာ လက်ထက်က စတင်ပြီး ဧကရာဇ်တွေရဲ့ ညံ့ဖျင်းမှုကြောင့် ဗဟိုရဲ့ အင်အားယုတ်‌လျော့လာပြီး၊ နောက်ဆုံး ဧကရာဇ် ကျယ်ရဲ့ လက်ထက် နှစ် ၃၀ နီးပါးမှာ အဆိုးဆုံးအခြေအနေ ဖြစ်လာခဲ့ပါတယ်။ တစ်ဖက်မှာက ရှန်းပြည်ရဲ့ အင်အားက ကြီးမားလာပြီး၊ နောက်ဆုံးမှာ ရှဧကရာဇ် ကျယ် ကို ထီးနန်းက ဆွဲချနိုင်တဲ့အထိ ဖြစ်လာတာပါ။ 

ရှန်းခေတ်ကို တည်ထောင်သူက ထန် (湯 Tang) ဖြစ်ပါတယ်။ ထန် ကို ကိုယ်ကျင့်သီလအထူးကောင်းမွန်တဲ့ မင်းအဖြစ် နှောင်းခေတ် ရာဇဝင်ဆရာတွေက မှတ်တမ်းရေးထိုးကြပါတယ်။ သူ့ကို “ပြစ်မျိုးမှဲ့မထင် ထန်ဘုရင် (Tang the Perfect)" လို့ အမည်ပေးထားကြတာပါ။ 

ရှန်းခေတ်ကို ဘီစီ ၁၆၀၀ ကနေ ဘီစီ ၁၀၄၆ အထိ နှစ်ပေါင်း ၅၅၄ နှစ် ကြာမြင့်တယ်လို့ သတ်မှတ်ကြပါတယ်။ ရှန်းခေတ်ကို ယင်ခေတ် (殷代 Yin dynasty) လို့လည်း ခေါ်ပါသေးတယ်။ 

ရှေးဟောင်းယဉ်ကျေးမှု လေ့လာတူးဖော်ရှာဖွေမှု အထောက်အထား အခိုင်အမာ ရှိပြီဖြစ်တဲ့ ခေတ်တွေထဲမှာ ရှန်းခေတ်ဟာ အခိုင်မာဆုံး ဖြစ်ပါတယ်။ သူ့ရှေ့က ရှခေတ်လို တကယ် ရှိခဲ့တယ်၊ မရှိခဲ့ဘူးလို့ ဝိဝါဒကွဲစရာ သိပ်မလိုဘူး လို့ ဆိုရမှာပါ။ 

ရှေးဟောင်းယဉ်ကျေးမှု တူးဖော်တွေ့ရှိချက်တွေအရ၊ ကြေးလက်နက်တွေ၊ ကြေးနဲ့ပြုလုပ်တဲ့ အိုးတွေ၊ အသုံးအဆောင်တွေ တွေ့ရှိရတာမို့ တရုတ်ပြည်ရဲ့ ကြေးခေတ်ယဉ်ကျေးမှု အခိုင်အမာ ဖြစ်ထွန်းနေတဲ့ ကာလဖြစ်တယ်လို့လည်း ယူဆနိုင်ပါတယ်။ 

ရှန်းခေတ်မှာ သင်္ချာ၊ သိပ္ပံနဲ့ လက်နက်နည်းပညာတွေတွေ သိသိသာသာ ဖွံ့ထွားစည်ပင်လာပုံရပါတယ်။ ပြက္ခဒိန်ကို စတင်တီထွင် အသုံးပြုနေပြီလို့ ယုံကြည်ကြပါတယ်။ 

ရှန်းခေတ်မှာ စာပေ‌ရေးသားမှု ပေါ်ထွန်းနေပြီ ဖြစ်ပြီး၊ မျက်မှောက်ခေတ် အသုံးပြုနေတဲ့ တရုတ်စာလုံးတွေဟာ ရှန်းခေတ်က အရေးအသားကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ နွားရိုးတွေ၊ လိပ်ခွံ တွေပေါ်မှာ ထွင်းပြီး စာတွေရေးသားခဲ့ကြတာပါ။ အဲဒီ ရှန်းခေတ်က စာအရေးအသား အထောက်အထားတွေကနေ ထပ်ပြီးတွေ့ရှိရတာကတော့ သင်္ချာ ပညာ စတင်နေပြီ ဆိုတဲ့အချက်ပါ။ ရေတွက်ပုံတွေမှာ ၁၀ ကိုအခြေခံတဲ့ ရေတွက်ပုံကို တွေ့ရသလို၊ ၁၂ ကို အခြေခံတဲ့ ရေတွက်ပုံစနစ်ကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။ 

ဘီစီ ၁၂၀၀ အရောက်မှာ ရှန်းရဲ့ စစ်တပ်မှာ မြင်းဆွဲတဲ့ လှည်းတွေ စတင်အသုံးပြုလာတာ တွေ့ရပါတယ်။ အဲဒီမတိုင်ခင်ကတည်းက ကြေးနဲ့လုပ်တဲ့ အသွားတပ်ထားတဲ့ လှံတွေ၊ ကြေးပုစိန်တပ်ထားတဲ့ လံတွေ အသုံးပြုခဲ့တာကို တွေ့ရတယ်လို့ မှတ်သားရပါတယ်။ 

ရှန်းခေတ်မှာ မြို့ပြအခြေချမှုကြီးတွေ ပေါ်ပေါက်ခဲ့ပြီး၊ ကျန့်ကျိုး (Zhengzhou)၊ အန်းယန် (Anyang) စတဲ့ မြို့ကြီးတွေ ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီမြို့ကြီးတွေဟာ ဒီကနေ့အချိန်အထိ ဟီနန်(Henan) ပြည်နယ်ထဲမှာ ခရိုင်အဆင့်မြို့တော်တွေအနေနဲ့ ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါတယ်။ 

သမိုင်း အထောက်အထားတွေအရ ကျန့်ကျိုး၊ အန်းယန် စတဲ့ ရှန်းခေတ်မြို့တော်ကြီးတွေဟာ သူ့တို့နဲ့ ကာလတူ တည်ရှိခဲ့တဲ့ အရှေ့အလယ်ပိုင်းက မက်ဆိုပိုတေးမီးယား (Mesopotamian) မြို့ကြီးတွေလောက် လူဦးရေ မထူထပ်ခဲ့ဘူးလို့ ယူဆကြပါတယ်။ 

အန်းယန် မြို့ရဲ့ အလယ်မှာ နန်းတော် တည်ရှိခဲ့ပြီး၊ နိုင်ငံရေး ဗဟိုချက်မ ဖြစ်ခဲ့တယ်လို့ ယူဆကြပါတယ်။ နိုင်ငံရေးဗဟိုချက်ကို ကြေးသွန်းလုပ်ငန်းလို လက်မှုအတတ်နဲ့ အသက်မွေးကြတဲ့ အသည်သားတွေက ဝန်းရံထားတယ်လို့ ဆိုပါတယ်။ အဲဒီအပြင်ကမှ အိုးအိမ်ငယ်တွေ ဝန်းရံထားပြီး၊ အပြင်ဘက်ဆုံးမှာ သင်္ချိုင်းမြေတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

ရှန်းခေတ်မှာ ဘာသာရေးကို ဧကရာဇ်ကပဲ ဦးဆောင်ပါတယ်။ ရှေးဘိုးဘေးတွေဟာ မိုးနတ်မင်း နဲ့ ဆက်သွယ်ခဲ့ကြတယ်လို့ ယူဆကြပါတယ်။ ရှန်းဧကရာဇ်က အဲဒီဘိုးဘေးတွေရဲ့ အနွယ်ဝင် ဖြစ်တာမို့ ဘိုးဘေးတွေနဲ့ ဆက်သွယ်နိုင်တယ်လို့ ယူဆကြပါတယ်။ ဒါကြောင့် ဘာသာရေးအခမ်းအနားတွေကို ဧကရာဇ်က ဦးဆောင်ပါတယ်။ အကျဉ်းချထားတဲ့ စစ်သုံ့ပန်းတွေကို ကျွန်အဖြစ် ခိုင်းစေပြီး၊ အချို့ကို  ယဇ်ပူဇော်ဖို့ သတ်ဖြတ်တဲ့ ဓလေ့ ရှိတယ်လို့ ဆိုပါတယ်။ 

ရှန့်ခေတ်မှာ ဧကရာဇ် ၁၇ ဆက် စိုးစံခဲ့ပြီး၊ နောက်ဆုံးဧကရာဇ်ကတော့ ရှင်း ဧကရာဇ် (帝辛 Di Xin) ဖြစ်ပါတယ်။ သူက ပြည်သူကို ညှဉ်းပန်းနှိပ်စက်တတ်သူ ဖြစ်ပါတယ်။ တိုင်းပြည်က ချွတ်ခြုံကျလာပါတယ်။ ဒါကြောင့် လူထုရဲ့ ထောက်ခံမှုမရဘဲ ဆန့်ကျင်သူများပါတယ်။ ဒါကြောင့် တိုင်းပြည်ရဲ့ အင်အားက ယုတ်လျော့လာပါတယ်။ 

သူ့လက်ထက်မှာ ရှန်းပြည်ရဲ့ အနောက်ဘက်က ကျို့ပြည် (周 Zhou) ရဲ့ တပ်တွေ မြို့တော်ထိ ချီတက်လာပါတယ်။ ရှင်းဧကရာဇ်အမိန့်နဲ့ ရှန်းတပ်ထဲ ကျွန် နှစ်သိန်း ထပ်ဖြည့်ပြီး ကျို့တပ်ကို ခုခံခဲ့ပေမယ့် အဲဒီ လူနှစ်သိန်းတပ်က ကျို့တပ်တွေကို မတိုက်ဘဲ ရှန်းတပ်‌တွေကို ပြန်တိုက်လို့ ခွက်ခွက်လန် ရှုံးပြီး ရှန်းခေတ် ပျက်သုဉ်းခဲ့ရတာပါ။ 

ရှန်းခေတ် သမိုင်းထဲက ထင်ရှားတဲ့ အကြောင်းအရာလေးတွေကို ထုတ်နုတ်ပြီး ထပ်မံဆွေးနွေးပါဦးမယ်။

~~~~~~~~~~~~~~~~~~~~~

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁ 👉https://www.moemaka.com/2024/01/blog-post_11.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂ 👉https://www.moemaka.com/2024/01/blog-post_472.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၃ 👉https://www.moemaka.com/2024/01/blog-post_79.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၄ 👉https://www.moemaka.com/2024/01/blog-post_899.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၅ 👉https://www.moemaka.com/2024/01/blog-post_920.html


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar