စစ်ကိုင်းနဲ့ ထိစပ်နေတဲ့ ရှမ်းမြောက်ရဲ့ နောက်ဘက်ခြမ်းမြို့နယ်တွေ KIA က တိုက်ခိုက်သိမ်းယူဖို့ ကြိုးပမ်း
မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၂၁ မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၂၂၊ ၂၀၂၄
စစ်ကိုင်းနဲ့ ထိစပ်နေတဲ့ ရှမ်းမြောက်ရဲ့ နောက်ဘက်ခြမ်းမြို့နယ်တွေ KIA က တိုက်ခိုက်သိမ်းယူဖို့ ကြိုးပမ်း
ရှမ်းမြောက်ဒေသမှာ မြို့သိမ်း နယ်မြေသိမ်းတိုက်ပွဲတွေ တခုပြီးတခု ဖော်ဆောင်နေတဲ့ လက်နက်ကိုင် ၃ဖွဲ့ ကို တရုတ်နိုင်ငံက တစုံတရာ ဖိအားပေးပြီး ယာယီ အပစ်ရပ်ဖို့ လုပ်ဆောင်ပြီးနောက်မှာ ရှမ်းမြောက်ဒေသထဲက TNLA ၊ MNDAA တို့ သိမ်းယူထားခြင်း မရှိသေးတဲ့ စစ်အခြေစိုက်စခန်းနဲ့ မြို့တွေကို KIA က တိုက်ခိုက်လာတာ ဖြစ်ပါတယ်။ ဒီလို တိုက်ခိုက်လာခြင်းဟာ တိုက်ဆိုင်မှုဆိုတာထက် မြောက်ပိုင်း ညီနောင် ၃ ဖွဲ့ အနေနဲ့ အပစ်ရပ်ထားချိန်မှာ ယာယီအပစ်ရပ်ဆွေးနွေးမှု နဲ့ အကျုံးမဝင်တဲ့ လက်နက်ကိုင်အဖွဲ့ ဖြစ်တဲ့ KIA က မဟာဗျူဟာအရ အရေးပါတဲ့ မြို့၊ နယ်မြေတချို့တွေ၊ ကချင်လူမျိုးတွေ နေထိုင်တဲ့ ဒေသတွေကို သိမ်းယူဖို့ ကြိုးစားနေတာကို သတိပြုမိပါတယ်။
ကွတ်ခိုင်မြို့နယ်ထဲက နမ့်ဖတ်ကာ ကျေးရွာလို ဒေသ၊ မဘိမ်းမြို့၊ မိုးမိတ် စတဲ့ဒေသတွေနဲ့ ကချင်ပြည်နယ်ထဲက ဖားကန့်လို ဒေသတွေမှာ တိုက်ခိုက်နေတာ တွေ့ရတာ ဖြစ်ပါတယ်။ မိုးမိတ်၊ ဆင်းလီဒေသလို့ ကိုလိုနီခေတ်က ဗြိတိသျှတွေ ခေါ်ဝေါ်ခဲ့ကြတဲ့ ဒေသတွေဟာ ကချင်လူမျိုးတွေရဲ့ အစဥ်အဆက် နေထိုင်လာကြတဲ့ ဒေသတွေလို့ ကိုလိုနီပြုခဲ့တဲ့ ဗြိတိသျှတွေက သတ်မှတ်ကာ ကချင် ဆပ်ဘ်စတိတ် ဆိုတဲ့ အခေါ်အဝေါ်နဲ့ ခေါ်ဝေါ် သုံးစွဲခဲ့တာ ဖြစ်ပါတယ်။
KIA အနေနဲ့ ရှမ်းမြောက်မှာရှိတဲ့ ၄င်းတို့ရဲ့ ကချင်လူမျိုးတွေ နေထိုင်ကြတဲ့ ဒေသကို အခုလို အခွင့်အခါသင့်တဲ့ အချိန်မှာ သိမ်းယူအုပ်ချုပ်လိုတဲ့ ဆန္ဒရှိကောင်း ရှိနိုင်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လတွေမှာတော့ TNLA နဲ့ MNDAA နဲ့ ၄င်းတို့ရဲ့ မဟာမိတ်ဖွဲ့ထားတဲ့ AA တို့က ရှမ်းမြောက်က မြို့တွေ စခန်းတွေ တခုပြီးတခု သိမ်းယူနေချိန်မှာ KIA အနေနဲ့ ဘယ်လို ရှုမြင်သလဲ၊ သို့မဟုတ် FPNCC လို့ခေါ်တဲ့ ဖက်ဒရယ် နိုင်ငံရေး ဆွေးနွေးတိုင်ပင်မှု ကော်မတီ အဖွဲ့ထဲမှာ အဖွဲ့ဝင် ဖြစ်တဲ့ KIA နဲ့ လတ်တလော စစ်ဆင်ရေးမှာ ပါဝင်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေအကြား ညှိနှိုင်းဆွေးနွေးမှု တွေရှိနှင့်သလား ဆိုတာ ရှင်းရှင်းလင်းလင်း မသိနိုင်ပါဘူး။
KIA လက်နက်ကိုင် အဖွဲ့ရဲ့ လတ်တလော ထိုးစစ်တွေ အပေါ်မှာရော တရုတ်နိုင်ငံက ဘယ်လိုသဘောထား သလဲဆိုတဲ့ မေးခွန်းလည်း ရှိနေသလို မြောက်ပိုင်း ညီနောင် ၃ ဖွဲ့ ရဲ့ စစ်ဆင်ရေးတွေ တိုက်ပွဲတွေကို ယာယီအပစ်ရပ်ဖို့ တရုတ်နိုင်ငံက လိုလားခဲ့သလို KIA ရဲ့ ထိုးစစ်တွေကိုပါ ဖိအားပေးလာနိုင်သလား ဆိုတာလည်း တွေးစရာရှိလာပါတယ်။ တရုတ်နိုင်ငံနဲ့ နယ်ခြားမျဥ်းပေါ်မှာ ဌာနချုပ်တည်ထားပြီး ရိက္ခာ၊ ဆေးဝါး စတဲ့ လက်နက်စက်ရုံတို့လို လိုအပ်တဲ့ ကုန်ကြမ်းတွေအတွက်တ တရုတ်နိုင်ငံကို အတိုင်းအတာတခုထိ ထိတွေ့ဆက်ဆံဖို့လိုအပ်တဲ့ KIA အနေနဲ့လည်း တရုတ်နိုင်ငံက ဖိအားပေးလာခဲ့ရင် ဘယ်လို တုံ့ပြန်မလဲ ဆိုတဲ့ မေးခွန်းတွေလည်း ရှိနိုင်ပါတယ်။
နောက် အရေးကြီးတဲ့ အချက်တချက်ကတော့ KIA တပ်တွေ အခုတိုက်ခိုက်နေတဲ့ ရှမ်းပြည်နယ်ထဲက မိုးမိတ်၊ မဘိမ်းဒေသတွေက စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ ထိစပ်နေတဲ့ ဒေသတွေဖြစ်ပါတယ်။ ဒီဒေသတွေကို KIA က စိုးမိုးနိုင်ခဲ့ရင် ရှမ်းမြောက်ရဲ့ အဆက်အစပ် ဆက်သွယ်တဲ့ လမ်းကြောင်းဟာ နောင်ချို ပြင်ဦးလွင် လမ်းပေါက် တခုထည်းမဟုတ်တော့ပဲ နယ်မြေအဆက်အစပ်အရ မိုးမိတ်ဘက်ကနေ စစ်ကိုင်းတိုင်း နယ်မြေတွေနဲ့ ထိစပ်ကာ စစ်ကိုင်းတိုင်းအထက်ပိုင်းကနေ ချင်းပြည်နယ်အစပ် ကလေးဝ၊ ကလေးတို့ အထိ ဆက်စပ်သွားတဲ့ နယ်မြေ အနေအထားလည်း ဖြစ်ပါတယ်။ အချို့သော တော်လှန်ရေး လက်နက်ကိုင် အင်အားစုဘက်က သူတွေမှန်းဆသလို ရှမ်းမြောက်၊ စစ်ကိုင်းအထက်ပိုင်း နဲ့ချင်းပြည်နယ်အထိ သိမ်းယူနိုင်တဲ့နယ်မြေတွေ ဆက်စပ်မိရင် စစ်ကောင်စီကို မဟာဗျူဟာအရ ကြီးကြီးမားမား ဖိအားပေးနိုင်ပြီး မုံရွာ၊ မန္တလေး မြို့ကြီးတွေကို ခြိမ်းခြောက်နိုင်မယ့် သဘောရှိတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။
အဲဒီလို အနေအထား အရှေ့မြောက်နဲ့ အလယ်ပိုင်း အနောက်ပိုင်း တဆက်တစပ်ထည်း လှုပ်ရှားနိုင်ပြီး မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်က စစ်ကောင်စီ တပ်တွေကိုပါ အောက်ပိုင်းနဲ့ ဖြတ်တောက်ထားနိုင်မလား ဆိုတဲ့ မှန်းဆမှုလည်း ရှိနိုင်တာ ဖြစ်ပါတယ်။
ဒါကတော့ စစ်ကောင်စီဆန့်ကျင်ရေး လက်နက်ကိုင် အင်အားစုတွေအကြား နယ်မြေ ထိစပ်မှု အရှေ့နဲ့အနောက် ဆက်စပ်မှု လမ်းကြောင်းတွေ ပေါ်ထွက်လာဖို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။ ဗီယက်နမ် စစ်ပွဲမှာတုန်းက တောင်နဲ့မြောက် တန်းပြီး မြေပုံအရ ခပ်သေးသေး ရှည်ရှည် ဖြစ်နေတဲ့ ဗီယက်နမ်နိုင်ငံ တောင်ပိုင်းနဲ့ မြောက်ပိုင်းအတွက် ဆက်သွယ်ထားတဲ့ ဟိုချီမင်း လမ်းကြောင်းလို့ အမည်ပေးထားတဲ့ ထောက်ပံ့ဆက်သွယ်ရေး လမ်းကြောင်းက အမေရိကန်ကို ဆန့်ကျင်တိုက်ခိုက်နေရတဲ့ ကွန်မြူနစ် တပ်တွေအဖို့ အသက်သွေးကြော လမ်းကြောင်း ဖြစ်ပါတယ်။ လက်နက်၊ လူအင်အား ပို့ဆောင်တဲ့ ဟိုချီမင်းလမ်းကြောင်းဟာ မိုင်ရာထောင် ရှည်လျားပြီး အဲဒီလမ်းကြောင်းတလျှောက် လက်နက် စစ်သည်အင်အားပို့ဆောင်တာတွေကို ကွန်မြူနစ်တပ်တွေက ကြိုးစားပမ်းစား လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ တောင်နဲ့မြောက် မဟာဗျူဟာ ကားလမ်း၊ မြစ်ကြောင်း တွေရှိသလို အရှေ့အနောက် ဆက်သွယ်ပြီး လူနဲ့ လက်နက်တွေလို သယ်ဆောင်ပို့ဆောင်နိုင်ဖို့ အတွက် စစ်ကောင်စီဆန့်ကျင်ရေး တပ်တွေအဖို့ အရေးကြီးတာ ဖြစ်ပါတယ်။
ဒီစစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အင်အားစုတွေ လက်နက်ကိုင် တပ်တွေအကြား ဘယ်လောက် မဟာဗျူဟာ ကျကျ ဆွေးနွေးလုပ်ဆောင်နိုင်မလဲဆိုတာတော့ စောင့်ကြည့်ရမယ့် စိတ်ဝင်စားစရာ အချက်တချက်ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar