ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၂
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၂
(မိုးမခ) ဇန်နဝါရီ ၂၂ ၊ ၂၀၂၄
မီးလျှံကြားက နန်းကျဧကရာဇ်ရဲ့ ငိုကြွေးသံ
ရှန်းခေတ် ဟာ ဘီစီ ၁၆၀၀ နဲ့ ဘီစီ ၁၀၄၆ ကြား၊ သက်တမ်း ၅၅၄ နှစ် ကြာမြင့်ပြီး နောက်ဆုံး ဧကရာဇ်က ရှင်း (辛 Xin) ဖြစ်ပါတယ်။
ဧကရာဇ် ရှင်း ကို ကျို့ (紂 Zhou) လို့လည်း ခေါ်ပါတယ်။ ဒီအချက်က သမိုင်းစိတ်ဝင်စားသူတွေအတွက် မှတ်သားစရာ တစ်ခုပါ။ ဘာကြောင့်လဲ ဆိုတော့ ရှင်း (ကျို့) ကို ပုန်ကန်တော်လှန်ပြီး ထီးနန်းက ဆွဲချတာက ကျို့(周 Zhou) ပြည် ဖြစ်နေလို့ပါ။ အဲဒီအမည်ကို ရေးတဲ့ တရုတ်စာလုံးပေါင်းက မတူပေမယ့်၊ အသံထွက်ကတူပြီး၊ အင်္ဂလိပ်လို ရေးတဲ့အခါမှာလည်း Zhou လို့ပဲ ရေးကြတာမို့၊ စာဖတ်သူတွေအတွက် ရှုပ်ထွေးသွားနိုင်ပါတယ်။ (အင်္ဂလိပ်ဘာသာနဲ့ ရေးတဲ့ ဆောင်းပါးတွေ၊ မှတ်တမ်းရုပ်ရှင်တွေ၊ သမိုင်းစာအုပ်တွေမှာ ရှန်းခေတ်ရဲ့ နောက်ဆုံးဧကရာဇ် ကို ကျို့ (Zhou) လို့ အများဆုံး ဖော်ပြထားတာ တွေ့ရပါလိမ့်မယ်။ ဒီမှာတော့ "ရှင်း (Xin) လို့ပဲ ခေါ်ဝေါ်သွားပါမယ်။)
ရှင်းဧကရာဇ် လက်ထက်မှာ ရှန်းခေတ်ကြီး ကျဆုံးသွားပြိး၊ ကျို့ခေတ် စတင်ခဲ့တာမို့ ရှန်းခေတ် သမိုင်းကို ပြောတဲ့အခါ ရှင်း အကြောင်းကို မဖြစ်မနေ ထည့်ပြောရမှာ ဖြစ်ပါတယ်။
ရှန်းခေတ်သမိုင်းမှတ်တမ်းတွေ အများစုက ရှင်းဧကရာဇ်ကို ဆိုးယုတ်တဲ့ မင်းဘုရင်တစ်ပါးအဖြစ် ပုံဖော်ကြပါတယ်။ ကွန်ဖြူးရှပ် ကဆိုရင် မင်းဆိုးမင်းညစ်အကြောင်း သင်ကြားပို့ချရာမှာ ရှင်းဧကရာဇ်ကို စံနမူနာပြပြီး သင်ကြားခဲ့တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အာဏာအလွှဲအပြောင်း တွေ ဖြစ်ပေါ်ရာမှာ မိုးနတ်မင်းရဲ့ ဗျာဒိတ် ရဲ့ အခန်းကဏ္ဍကို ရှင်းလင်းပြောကြားဖို့ ရှင်း ဧကရာဇ် ကို အများဆုံး ဥပမာပေးလေ့ ရှိပါတယ်။
ဒါပေမဲ့ မျက်မှောက်ခေတ် သမိုင်းပညာရှင် တချို့ကတော့ "ရှန်းခေတ်နောက်ပိုင်း၊ သမိုင်းမှတ်တမ်းရေးထိုးသူတွေဟာ ရှင်းဧကရာဇ် ရဲ့ပြည်သူအပေါ် ဖိနှိပ်ပုံတွေကို အမှန်ဖြစ်ခဲ့တာထက် ပိုပြီး လွန်လွန်ကျူးကျူး ရေးခဲ့ကြတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။ အထူးသဖြင့် ရှင်း ရဲ့ ထီးနန်းကို ဖြုတ်ချပြီး ကျို့မင်းဆက်ကို ထူထောင်တဲ့သူတွေက ရှင်း ရဲ့ သမိုင်းကို ပုံဖျက်ခဲ့တာ ဖြစ်နိုင်တယ်လို့ ဆိုကြတာပါ။ (သမိုင်းမှတ်တမ်းတွေကို အောင်နိုင်သူတွေကသာ ရေးထိုးလေ့ ရှိတယ် ဆိုတဲ့ စကားကို သတိပြုရစေပါတယ်။)
ဘယ်လိုပဲဖြစ်ဖြစ် အနှစ် ၅၀၀ ကျော် ၆၀၀ နီးပါး သက်တမ်းရှိလာတဲ့အထိ၊ မင်းဆက် ၃၀ လောက် ထိန်းသိမ်းခဲ့တဲ့ ရှန်းခေတ်ကြီး သူ့လက်ထက်မှာ ပျက်စီးခဲ့တာမို့ ရှင်း ဟာ ပြောလောက်အောင် ကောင်းတဲ့သူတော့ ဟုတ်ဟန်မတူပါဘူး။
စစ်မာချန်းရဲ့ မှတ်တမ်းက ရှင်းဟာ သူ့ရဲ့ နန်းသက်အစောပိုင်းကာလတွေမှာ အရည်အသွေး ပြည့်ဝပြီး တိုင်းပြည်အတွက် အကျိုးရှိရာ ရှိကြောင်းတွေ လုပ်ခဲ့တယ်လို့ မှတ်တမ်းတင်ထားပါတယ်။ တိုင်းပြည်နယ်နိမိတ်ကိုတောင် ပိုမိုကျယ်ပြန့်စေခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပိုင်းမှာတော့ အာဏာယစ်မူးပြီး ပျက်စီးလာတယ်လို့ ဆိုပါတယ်။ ကိုယ်ကျင့်ပျက်ပြီး အရက်သေစာ အလွန်အကျွံ သောက်စားတာ၊ မိန်းမလိုက်စားတာ၊ အခြားသူတွေကို နှိပ်စက်တာတွေ လုပ်လာပါတယ်။
စစ်မာချန်းရဲ့ မှတ်တမ်းအရ ရှင်းဟာ အုပ်စုလိုက် လိင်ပျော်ပါးရတာ ဝါသနာထုံတယ်လို့ ဆိုပါတယ်။ နန်းတော်ထဲ ကန်အကြီးကြီး တူးပြီး အရက်တွေ ဖြည့်လို့ ပျော်ပါးကြတယ်လို့လည်း ဆိုပါတယ်။ အထူးသဖြင့် ဒီကိစ္စတွေကို ရှင်းဧကရာဇ် ချစ်မြတ်နိုးတဲ့ တကျီ (妲己 Daji) မိဖုရားရဲ့ နောက်ကွယ်က လွှမ်းမိုးမှုနဲ့ လုပ်တာလို့ စစ်မာချန်းက ရေးပါတယ်။
တစ်ခု သတိထားစရာကောင်းတာက စစ်မာချန်းရဲ့ မှတ်တမ်းမှာ ရှန်းခေတ်ရဲ့ နောက်ဆုံးဧကရာဇ် ရှင်းကို ပုံဖော်ထားပုံက ရှန်း မတိုင်ခင် ပေါ်ထွန်းခဲ့တဲ့ ရှ ခေတ်ရဲ့ နောက်ဆုံးဧကရာဇ် ကျယ် ကို ပုံဖော်ထားပုံနဲ့ ထပ်တူနီးပါး ဆင်တူနေတဲ့ အချက်ပါ။ စစ်မာချန်းရဲ့ ဇာတ်လမ်းထဲမှာ ကျယ် ဧကရာဇ် နဲ့ ရှင်း ဧကရာဇ် နှစ်ယောက်စလုံးရဲ့ ဇာတ်ရုပ်တွေကို အရက်ကန် တူးပြီး ပျော်ပါးတာ၊ အုပ်စုလိုက် လိင်ပျော်ပါးတာ၊ အခြားသူတွေကို ညှဉ်းပမ်းနှိပ်စက်တာ၊ စိတ်ထားညံ့ဖျင်းတဲ့ မိဖုရားတစ်ပါးရဲ့ လွှမ်းမိုးမှုခံရတာ စတဲ့ ညံ့ဖျင်းတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ၊ စရိုက်တွေနဲ့ ခြယ်မှုန်းထားပါတယ်။
စစ်မာချန်းရဲ့ မှတ်တမ်းအရ ရှန်း နဲ့ တကျီ တို့ နှစ်ဦးစလုံးဟာ လူတစ်ဖက်သားကို နှိပ်စက်ရတာကို ပျော်မွေ့ကြသူတွေ ဖြစ်ပါတယ်။ တကျီ စိတ်ချမ်းသာစေဖို့ ရှန်းက ဖောင့်ကော်ကျီးရှင် ( 炮格之刑 Po ge zhi xing) ဆိုတဲ့ နှိပ်စက်နည်းကို သုံးပြီး လူတွေကို သတ်ခဲ့ပါတယ်။ အလွန်ကြီးမားတဲ့ ကြေးပိုက်လုံးကြီး တစ်ခုထဲကို မီးသွေးတွေ ထည့်ပြီး မီးပြင်းတိုက် အပူပေးပါသတဲ့ ပူလွန်းလို့ ကြေးပိုက်ကြီး နီရဲလာတဲ့အခါ သူတို့နှိပ်စက်လိုတဲ့သူကို ကြေးပိုက်ကြီးကို ဖက်ခိုင်းပြီး နှိပ်စက်တာပါ။ အနှိပ်စက်ခံရသူဟာ အလွန်ပြင်းထန်တဲ့ နာကျင်မှုကို ခံစားရင်း သေပွဲဝင်ရပါတယ်။ ဒါကိုကြည့်ပြီး ရှင်း နဲ့ တကျီ တို့က အင်မတန် အားရကျေနပ်ကြပါသတဲ့။
အဲဒီနည်းနဲ့ နှိပ်စက် သတ်ဖြတ်ခံရသူတွေထဲမှာ အကျဉ်းသားတွေ အစ၊ သာမန်အရပ်သားတွေ အလယ်၊ နန်းတော်ရဲ့ အဆင့်မြင့် အရာရှိကြီးတွေအဆုံး လူတန်းစားအားလုံး ပါဝင်ပါတယ်။
အဲဒီလို အသတ်ခံရတဲ့အထဲ ရှန်း နန်းတော်ရဲ့ အဆင့်မြင့် အမတ်ကြီး မေပေါ် (梅伯 Mei Bo) က ထင်ရှားပါတယ်။ အေဒီ ၁၆ ရာစု၊ မင်ခေတ် မှာ ရေးခဲ့တဲ့ ဖုန်းရှန်းယန်ယိ (封神演義 Fengshen Yanyi) ဆိုတဲ့ ဝတ္ထုထဲမှာ အမတ်ကြီး မေပေါ် အသတ်ခံရတဲ့ ဇာတ်ဝင်ခန်းကို ခြယ်မှုန်းထားပါတယ်။ ဖုန်းရှန်းယန်ယိ ဟာ တရုတ်နတ်ဘုရားတွေအကြောင်း ဇာတ်အိမ်ဖွဲ့ ရေးထားတာပါ။ အဲဒီ ဝတ္ထုထဲက မေပေါ် အကြောင်း ဇာတ်ဝင်ခန်းလေးက စိတ်ဝင်စားစရာပါ။
ရှန်း ဧကရာဇ်ဟာ အကြောင်းကိစ္စတစ်ခုနဲ့ တော်ဝင်နက္ခတ်ဗေဒ ပညာရှင် တူ (Du) ကို အမျက်ရှပြီး သေဒဏ် ပေးလိုက်ပါတယ်။ တူ ကို မင်းချင်းတွေက ဆွဲထုတ်သွားတာကို တွေ့ရတဲ့ မေပေါ် ဟာ နန်းတော်ထဲ အမြန် အခစားဝင်ပြီး နန်းရင်းဝန် ရှန်းရွန် (Shang Rong) နဲ့အတူ သေဒဏ်ကို အလျင်စလို မစီရင်ဖို့ တင်ပြပါတယ်။
နန်းတော်အတွက် မင်း သုံးဆက်တိုင် အမှုတော်ထမ်းခဲ့တဲ့ အမတ်ကောင်း တစ်ဦးကို မဆင်မခြင် သတ်ဖြတ်တာဟာ မသင့်လျော်ကြောင်း လျှောက်တင်ပါတယ်။ ဧကရာဇ်တစ်ပါးအနေနဲ့ တိုင်းပြည်အတွက် အသုံးဝင်တဲ့ ပညာရှိတွေကို အကြောင်းမဲ့ သတ်ဖြတ်နေတာဟာ သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လှီးထုတ်တာနဲ့ အတူတူပဲ ဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။
မေပေါ် ရဲ့ စကားကို နားမဝင်တဲ့ ရှင်းဟာ အမျက်ထွက်လာပြီး မေပေါ်ကို မသေမချင်း ရိုက်နှက်ပြီး သတ်ဖြတ်ဖို့ သေဒဏ်ပေးလိုက်ပြန်ပါတယ်။
မင်းချင်းတွေက မေပေါ် ကို စီရင်တော့မယ့်ဆဲဆဲမှာ တကျီ က တစ်စခန်းထပါတယ်။ ဖုန်းရှန်းယန်ယိ နည်းနဲ့ အပြစ်ပေးပြီး သတ်ဖြတ်ဖို့ပါ။ ရှင်းကလည်း တကျီစကား ဆို တသဝေမတိမ်းပါပဲ။ အဲဒီနည်းနဲ့ ရက်ရက်စက်စက် စီရင်စေပါတယ်။
မေပေါ် က "အို မင်းမိုက်၊ ငါ့အတွက် သေဆုံးခြင်း ဟူသည်က ငှက်တောင် တစ်ချောင်းလိုပင် ပေါ့ပါးလှသည်။ သေခြင်းနှင့် ရှင်ခြင်းကြား များစွာ ကွာဟလှခြင်း မရှိချေ။ ငါသည် မင်းသုံးဆက်တိုင် အမှုတော်ကို ထမ်းခဲ့ပြီ။ ငါ၏ အပြစ်ကို မြူမှုန်မျှပင် သင်တွေ့ရှိဖူးပါသလော။ ငါ့တွင် ကြောက်ရွံ့စိုးထိတ်မှု တစ်ခုသာ ရှိပါသည်။ ထိုအရာကား၊ ထန်ဧကရာဇ် တည်ထောင်ခဲ့သော ရှန်းနိုင်ငံတော်သည် သင်ကဲ့သို့သော မင်းဆိုးတစ်ပါး၏ မိုက်မဲမှု၊ ရက်စက်ကြမ်းကြုတ်မှုတို့အောက်တွင် ပျက်သုဉ်းရတော့မည် ဆိုသည့် ကြောက်ရွံ့စိုးထိတ်မှုပင် ဖြစ်သည်" လို့ ဆိုပြီး သူကိုယ်တိုင် အပူတွင်းကို ခုန်ဆင်းပြီး အသေခံသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒီဇာတ်လမ်းဟာ မင် ခေတ် လွန်ခဲ့တဲ့ အနှစ် လေးငါးရာက ဝတ္ထုတစ်ပုဒ်ဖြစ်ပေမယ့် မေပေါ်ရဲ့စကားတွေက နှောင်းခေတ် အုပ်ချုပ်ရေးသမားတွေ လေ့လာစရာ သင်ခန်းစာတွေ ပါနေပါတယ်။
ရှင်းရဲ့ ဇာတ်လမ်းကို ဆက်ရရင် ရှင်းဟာ နန်းတော်ထဲမှာ အဲဒီလို အကျိုးမဲ့တဲ့ ကိစ္စတွေနဲ့ပဲ အချိန်ကုန်ပြီး၊ တိုင်းရေးပြည်ရာကို ဘာတစ်ခုမှ မလုပ်တော့ပါဘူး။ ဒါကြောင့် ပြည်သူတွေရဲ့ဘဝတွေ နိမ့်ပါး ကျဆင်းလာပါတယ်။ တပြိုင်နက်တည်းမှာ သူ့ရဲ့ ဇိမ်ခံပြီး အာဏာယစ်မူး သုံးဖြုန်းမှုတွေကြောင့် နန်းတော်ရဲ့ အသုံးစရိတ် မြင့်တက်လာပါတယ်။ လိုအပ်တဲ့ ငွေကြေးကို အခွန်တိုးမြှင့် ကောက်ခံခြင်းနဲ့ ဖြည့်တင်းတဲ့အတွက် ပြည်သူတွေမှာ ပိုကျပ်တည်းကြရပါတယ်။
အဲဒီလို ရှန်း နန်းတော်က ယိုယွင်းလာချိန်မှာ လက်အောက်ခံ ကျို့ (Zhou) ပြည်က အင်အားစုစည်း နေပါပြီ။
ဒီအခြေအနေတွေကို ထိန်းသိမ်းဖို့ ရှင်း ရဲ့ ညီအစ်ကိုတော်သူ စုန့်နယ်စား ဝေးဇီ (微子 Weizi) က သတိပေး ဖျောင့်ဖျပေမယ့် မရပါဘူး။ ဦးရီးတော်လည်းဖြစ်၊ နန်းရင်းဝန်လည်း ဖြစ်တဲ့ ပီးကန် ( 比干 Bǐgān) က သတိပေးပြန်ပါတယ်။ နားမဝင်ပြန်ပါဘူး။ နောက်ထပ် ဦးရီးတော် တစ်ပါးဖြစ်တဲ့ ကျီးဇီ (箕子 Ji Zi) က ရှင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ ဒီအခါမှာတော့ ရှင်းက ကျီးဇီ ကို ထောင်သွင်း အကျဉ်းချထားလိုက်ပါတော့တယ်။
အဲဒီလောက် ပျက်ယွင်းနေတဲ့ ရှန်း နန်းတော်ကို ဘီစီ ၁၀၄၅- ၁၀၄၆ မှာ ကျို့ ပြည်က အင်အားစုစည်းပြီး ဝင်တိုက်ပါတယ်။ ကျို့တပ်ကို ဝူ (武 Wu) က ဦးဆောင်ပါတယ်။ နောက်ဆုံး တိုက်ပွဲဖြစ်တဲ့ မုယယ် တိုက်ပွဲ (Battle of Muye) တိုက်ပွဲမှာ ရှင်းဧကရာဇ်က သူ့ရဲ့ တပ်ထဲ ကျွန် ကိန်းဂဏန်း ထပ်ဖြည့်ပြီး ကျို့တပ်ကို ခုခံခဲ့ပေမယ့် အဲဒီ လူသိန်းချီတဲ့တပ်က ကျို့တပ်တွေကို မတိုက်ဘဲ ရှန်းဘုရင်ကို ပြန်တိုက်လို့ ခွက်ခွက်လန် ရှုံးပါတယ်။
ရှင်းကတော့ သူပိုင်တဲ့ အဖိုးတန် ရတနာတွေကို နန်းတော်အလယ် စုပုံပြီး အဲဒီအလယ်မှာ ထိုင်ရင်း နန်းတော်ကို မီးရှို့လိုက်ပါတယ်။ သူ့ကိုယ်သူ အဆုံးစီရင် သွားတာပါ။ ဒီလိုနဲ့ ရှန်းခေတ် တစ်ခန်းရပ်ပြီး ဝူ က ကျို့ခေတ်ကို စတင် ထူထောင်လိုက်ပါတယ်။
ရှင်းဘုရင်ရဲ့ မိုက်မဲမှု၊ ရက်စက်ကြမ်းကြုတ်မှုက ကမ်းကုန်ပါပဲ။ အဲဒီ မိုက်ပြစ်တွေ သူပေးဆပ်သွားရတာ သမိုင်းမှာ ထင်ရှားခဲ့ပါပြီ။ သူများကို အပူပေးသတ်ခဲ့သူဟာ ကိုယ်တိုင်ရှို့တဲ့ မီးပုံထဲမှာ သေပွဲဝင်ခဲ့ရပါတယ်။
သမိုင်း ဟာ သင်ခန်းစာ ယူဖို့ ဖြစ်ပါတယ်။ ရှင်းဧကရာဇ်ရဲ့ သမိုင်းကို သင်ခန်းစာ မယူတတ်တဲ့ နှောင်းခေတ်က အာဏာရူးတချို့ဟာ သူများအိမ်ရာ မီးရှို့ဖို့ ဝန်မလေးပါဘူး။ သူတပါးကို အပြစ်မဲ့ သတ်ဖြတ်ဖို့ မတွန့်ဆုတ်တတ်ပါဘူး။
ဒါပေမဲ့ သေချာတာကတော့ အဲဒီအကြောင်းတွေရဲ့ နောက်ဆက်တွဲအကျိုးဆက်ကို ကိုယ်တိုင်ခံစားရမှာ ဖြစ်ကြောင်း ရှန်းခေတ်ရဲ့ နောက်ဆုံး ဧကရာဇ်က မီးလျှံတွေကြားမှာ ဟစ်အော်ငိုကြွေးရင်း သက်သေပြသွားပါတယ်။
ရှန်းခေတ် သမိုင်းထဲက သင်ခန်းစာယူပြီး မိမိအမှားကို မပြင်ဆင်တတ်တဲ့သူတွေကတော့ ၂၁ ရာစု ရှင်းဧကရာဇ်တွေ ဖြစ်သွားနိုင်တာကို သတိပြုစရာကောင်းလှကြောင်းပါ။
~~~~~~~~~~~~~~~~~~~~~
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁ 👉https://www.moemaka.com/2024/01/blog-post_11.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂ 👉https://www.moemaka.com/2024/01/blog-post_472.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၃ 👉https://www.moemaka.com/2024/01/blog-post_79.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၄ 👉https://www.moemaka.com/2024/01/blog-post_899.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၅ 👉https://www.moemaka.com/2024/01/blog-post_920.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၆ 👉https://www.moemaka.com/2024/01/blog-post_552.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၇ 👉https://www.moemaka.com/2024/01/blog-post_74.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၈ 👉https://www.moemaka.com/2024/01/blog-post_414.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၉ 👉https://www.moemaka.com/2024/01/blog-post_394.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၀ 👉https://www.moemaka.com/2024/01/blog-post_162.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၁ 👉https://www.moemaka.com/2024/01/blog-post_872.html
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar