ချင်းပြည်အစိုးရအဖွဲ့ ဖွဲ့စည်းမှု၊ စစ်ကောင်စီလက်အောက်က လွတ်မြောက်နယ်မြေတွေရဲ့ အုပ်ချုပ်ရေး
မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၂ မြင်ကွင်း
(မိုးမခ) ဖေဖော်ဝါရီ ၃၊ ၂၀၂၄
ချင်းပြည်အစိုးရအဖွဲ့ ဖွဲ့စည်းမှု၊ စစ်ကောင်စီလက်အောက်က လွတ်မြောက်နယ်မြေတွေရဲ့ အုပ်ချုပ်ရေး
မြို့အလိုက်သို့မဟုတ် လူမျိုးနွယ်အလိုက် လက်နက်ကိုင်အဖွဲ့တွေ အများအပြားဖွဲ့စည်းလှုပ်ရှားနေတဲ့ ချင်းပြည်နယ်မှာ စစ်တပ်အာဏာမသိမ်းမီကတည်းက ရှိခဲ့တဲ့ ချင်းအမျိုးသားတပ်ဦး CNF က ဦးဆောင်ပြီး ချင်းပြည်ကောင်စီကို မကြာသေးမီက ဖွဲ့စည်းခဲ့တဲ့နောက် ချင်းပြည်အစိုးရအဖွဲ့ကို ယခု ဖေဖေါ်ဝါရီလ ၁ ရက်နေ့ မှာ ဖွဲ့စည်းကြောင်း ကြေညာခဲ့ပါတယ်။
တိုင်းရင်းသား ဒေသတွေအနက် စစ်အာဏာသိမ်းမှုမတိုင်ခင်ကတည်းက ဆယ်စုနှစ်နဲ့ချီ လှုပ်ရှားခဲ့ကြတဲ့ လက်နက်ကိုင်အဖွဲ့တွေ အသီးသီးရှိကြပြီး အချို့သောဒေသတွေမှာ မစိုးမိုးနိုင်ခဲ့တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်မှာ ရှိနှင့်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေထဲ အများအပြားဝင်ရောက်ခဲ့ကြတာ ရှိသလို မိမိတို့နယ်၊ မိမိတို့ လူမျိုးစုအနေနဲ့ ဖွဲ့စည်းပြီး လှုပ်ရှားခဲ့ကြတာလည်း တွေ့ရပါတယ်။ တောင်တန်းတွေ အများအပြားကို အခြေတည်ပြီး နေထိုင်ခဲ့ကြတဲ့ ချင်းပြည်နယ်ဟာ ပထဝီဝင် အတားအဆီးကြောင့် သွားလာဆက်ဆံမှုနည်းပါးမှု ပေါ်မူတည်ပြီး ဒေသိယဘာသာစကား အမျိုးမျိုးတည်ရှိနေတာ၊ မျိုးနွယ်စု clan အပေါ် အခြေတည်ပြီး လူမှုအဖွဲ့အစည်းကို ဖွဲ့စည်းတည်ဆောက်ကြတာ ဖြစ်လို့ အခြားသော တိုင်းရင်းသားနယ်မြေတွေထက် ပိုမိုပြီးသီးခြားဆန်တဲ့ ဓလေ့ထုံးထမ်း၊ ဦးဆောင်မှုတွေနဲ့ နေထိုင်ကြတဲ့ ဒေသလို့ဆိုရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ချင်းပြည်နယ်မှာ ချင်းအမျိုးသားတပ်ဦး လို့ခေါ်ဆိုတဲ့ CNF လက်နက်ကိုင် အဖွဲ့ဟာ ဆယ်စုနှစ် ၅/၆ ခုကတည်းက ရှိခဲ့သော်လည်း ချင်းပြည်နယ်ရဲ့ မျိုးနွယ်စုအားလုံး ဒေသအားလုံးကိုတော့ အပြည့်အဝကိုယ်စားပြု ဖွဲ့စည်းထားတဲ့ သဘောမဟုတ်ပါဘူး။ ဒါ့အပြင် တချိန်တုန်းက ချင်းပြည်နယ် မြောက်ပိုင်းဒေသတချို့မှာ လူထုအပေါ် လက်နက်အင်အားနဲ့ အနိုင်ကျင့်ပြုမူခဲ့တဲ့ သမိုင်းအဖြစ်အပျက်တွေလည်း ရှိခဲ့တာကြောင့် အချို့သောမျိုးနွယ်စုတွေက CNF က ၄င်းတို့ကို ကိုယ်စားမပြုတဲ့အပြင် သမိုင်းအရ ဒဏ်ရာဒဏ်ချက်တွေက အခုချိန်ထိ မေ့ပျောက်လို့မရတဲ့ အနေအထားမျိုးလည်း ရှိနေတာ ဖြစ်ပါတယ်။
ချင်းပြည်နယ်မှာ မြောက်ပိုင်းလို့ သတ်မှတ်ကြတဲ့ တီးတိန်၊ ရိဒ်ခေါဒါ၊ တွန်းဇံ၊ စတဲ့နယ်တွေမှာတင် မျိုးနွယ်စုတွေ အများအပြားရှိနေကြသလို အစိုးရအဆက်ဆက် ရုံးစိုက်ခဲ့တဲ့ ဟားခါး၊ ဖလမ်းတို့ကို အလယ်ပိုင်းလို့ ဆိုရမယ့် သဘောရှိပြီး မြောက်ပိုင်းနဲ့ အလှမ်းဝေးသလို အလယ်ပိုင်းနဲ့လည်း အချိန်တိုအတွင်း ကူးလူးသွားလာရ ခက်ခဲတဲ့ မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ပလက်ဝ တို့ကို တောင်ပိုင်းလို့ သတ်မှတ်ကြတာ ဖြစ်ပါတယ်။ ပလက်ဝက ချင်းပြည်နယ် တောင်ပိုင်းမှာ ပါရှိသော်လည်း သွားလာဆက်သွယ်မှုအရ ရခိုင်ပြည်နယ်ကနေ တဆင့်အခြားသော ဒေသတွေနဲ့ ကူးလူးဆက်ဆံရတာ ဖြစ်ပါတယ်။
ဒီနေ့ခေတ်လို ကာလမှာတောင် ဒီလိုဒေသတခုနဲ့တခု သွားလာဆက်သွယ်ဖို့ မိုင်ရာချီတဲ့ခရီးကို နေ့ရက်အချိန်ယူပြီး သွားရောက်ကြရတာ ဖြစ်လို့ ဒေသအလိုက် မျိုးနွယ်အလိုက် ယဥ်ကျေးမှုတွေ၊ ဒေသိယဘာသာစကားတွေ ကွဲပြားနေတာ အံ့သြဖွယ်တော့မဟုတ်ပါဘူး။
ဒီနောက်ခံအခြေအနေမျိုးမှာ ချင်းပြည်ကောင်စီကို မကြာသေးခင် သီတင်းပတ်တွေအတွင်း ဖွဲ့စည်းဖို့ ဆွေးနွေးခဲ့ကြပြီး ယမန်နှစ်ကုန်ပိုင်းက ချင်းပြည်ကောင်စီ Chinland Council ကို ဖွဲ့စည်းခဲ့ကြတာ ဖြစ်ပါတယ်။ အဲလို ဖွဲ့စည်းချိန်မှာ ချင်းပြည်နယ်ထဲက မျိုးနွယ်စု အသီးသီးကို ပြည့်စုံအောင် ဖိတ်ကြား ဆွေးနွေးနိုင်ခဲ့ခြင်း မရှိတာ၊ မျိုးနွယ်စု အသီးသီးက လက်နက်ကိုင် တပ်ဖွဲ့တွေ (ယေဘုယျ အမည်အားဖြင့် Chin Defense Force ..... ) ဆိုတဲ့ အဖွဲ့အားလုံးကို ကျယ်ကျယ်ပြန့်ပြန့် ဖိတ်ကြားဆွေးနွေးကာ သဘောတူညီမှု မယူနိုင်ခဲ့ခြင်း၊ ချင်းပြည်ကောင်စီရဲ့ ကိုယ်စားလှယ် အချိုးအစားခွဲဝေမှုမှာ မျိုးနွယ်စုအလိုက် ဒေသအလိုက် မျှတစွာ ထည့်သွင်းခြင်းမရှိဘူးလို့ ဝေဖန်မှုတွေ ပေါ်ထွက်ခဲ့ပြီး အချို့သော ဒေသနဲ့ မျိုးနွယ်စုတွေက ချင်းပြည်ကောင်စီကို ထောက်ခံခြင်းမရှိဘူးလို့ ပြောဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။
အဲဒီနောက် ဖေဖော်ဝါရီ ၁ ရက်နေ့မှာတော့ ချင်းပြည်ကောင်စီအဖွဲ့ကနေ ချင်းပြည်အစိုးရအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။ ချင်းပြည် အစိုးရအဖွဲ့မှာ ဝန်ကြီးဌာန ၁၄ ခု ပါဝင်ပြီး ဝန်ကြီးချုပ် တဦးခန့်အပ်ကာ ရှေ့နေချုပ်တဦးလည်း ခန့်အပ်ထားရှိတာတွေ့ရပါတယ်။ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ လိုပဲ တဒါဇင်ကျော်တဲ့ ဝန်ကြီးဌာနတွေ ပါရှိပြီး တော်လှန်ရေးကာလ အစိုးရ ဆိုတာမျိုးထက် ပုံမှန်အနေအထားမျိုး အခင်းအကျင်းနဲ့ စီးပွားကူးသန်း ဝန်ကြီးဌာနလို၊ လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနလိုမျိုးပါ ပါဝင်ဖွဲ့စည်းထားတာ တွေ့ရမှာဖြစ်ပါတယ်။
တိုင်းရင်းသား ဒေသတွေက လက်နက်ကိုင် အဖွဲ့တွေအနက် ယခင်ကတည်းက အုပ်ချုပ်ရေး ဌာနတွေ၊ သက်ဆိုင်ရာ တာဝန်ခံတွေ ဖွဲ့စည်းထားပြီးဖြစ်တဲ့ KIA, KNU/KNLA, MNSP, ချင်းပြည်နယ် မတိုင်မီ ကရင်နီပြည် အစိုးရအဖွဲ့ဖွဲ့စည်းခဲ့တဲ့ သာဓက ရှိပါတယ်။ ကရင်နီပြည်အစိုးရ အဖွဲ့ကိုတော့ လူဦးရေနည်းနည်းနဲ့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ အမည်နဲ့ ပြီးခဲ့တဲ့ နှစ်လည်က ဖွဲ့စည်းခဲ့တာပါ။ KNPP လို့ အတိုကောက်ခေါ်ဆိုတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီက ဦးဆောင်ပြီး အာဏာသိမ်းပြီး နောက်ပိုင်း ပေါ်ထွက်လာတဲ့ KNDF တို့လို အဖွဲ့အစည်းက ဦးဆောင်သူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေက ဦးဆောင်သူတွေကိုပါ ပါဝင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီပြီးနောက်မှာတော့ ချင်းပြည်ကောင်စီ/ ချင်းပြည်အစိုးရအဖွဲ့က အသစ်ထွက်ပေါ်လာတဲ့ အစိုးရအဖွဲ့ ဖြစ်ပြီး ကြားကာလ ပုံစံထက် ပုံမှန်အခြေအနေမှာဖွဲ့စည်းတဲ့ အစိုးရအဖွဲ့အစည်းသဖွယ် ဌာနအများအပြားနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ စိုးမိုးမှု ထိန်းချုပ်မှုကို အတိုင်းအတာတခုထိ အာခံနိုင်ပြီး အချို့ဒေသတွေမှာ ဖယ်ရှားထားတဲ့နောက် အုပ်ချုပ်ရေး အဖွဲ့အစည်းတွေက မရှိမဖြစ်လိုအပ်လာတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကြားကာလ အစိုးရအဖွဲ့အဖြစ် ကျစ်ကျစ်လစ်လစ် သို့မဟုတ် ပုံမှန်ကာလ အနေအထားမျိုးလို ဌာနအစုံ နဲ့ ဖွဲ့စည်းတာ ၂ မျိုးလုံး ပေါ်ထွက်လာကြတာ တွေ့ရမှာဖြစ်ပါတယ်။
ကြားကာလ လို့ ဆိုသည် ဖြစ်စေ မဆိုသည်ဖြစ်စေ လက်ရှိ အနေအထားမှာ လူထုရဲ့ ဘေးကင်းလုံခြုံရေး၊ စားဝတ်နေရေး ၊ လူသားချင်းစာနာမှု အကူအညီရရှိဖို့ ကြိုးပမ်းရေး၊ ရပ်ရွာတွေမှာ တရားဥပဒေစိုးမိုးမှု ပြန်လည်ရရှိရေးနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ လူထုအပေါ် လက်နက်နဲ့ အနိုင်ကျင့်တာတွေ မဖြစ်စေဖို့ ထိန်းသိမ်းမှုတွေက ဦးစားပေး လုပ်ဆောင်ရမယ့်အရာတွေ ဖြစ်ပါတယ်။
တပြိုင်နက်တည်းမှာပဲ အဲဒီလို အစိုးရအဖွဲ့တွေ ဖွဲ့စည်းရာမှာ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ ပါဝင်ရေး၊ ပါတီ သို့မဟုတ် လက်နက်ကိုင် အဖွဲ့တဖွဲ့ရဲ့ အကျိုးစီးပွားထက် လူအများစုရဲ့ အကျိုးစီးပွားကို ဦးစားပေးဖို့က အဓိက အရေးကြီးဆုံးအချက်တွေ ဖြစ်တယ်လို့ ဆိုချင်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar