Breaking News

နတ္ထိ - "ဂျူးလီးယပ် ဆီဇာ"

"ဂျူးလီးယပ် ဆီဇာ"
နတ္ထိ ကလိသည်။
(မိုးမခ) ဖေဖော်ဝါရီ ၂၊ ၂၀၂၄

အကျွန်ုပ်၏ အိမ်စောင့်အစိုးရကြီးကို ပဉ္စမအကြိမ် အောင်မြင်စွာ သက် တမ်းတိုးပြီးသကာလ နောက်ထပ် ၆ လတိတိ စိတ်ထင်ရာ လုပ်ပိုင်ခွင့်ရသွားပြန်ပြီမို့ ကျေနပ်မိသည်။ သက်တမ်းမတိုးမီဆွေးနွေးရန် အချိန် နာရီ ဝက်သတ်မှတ်ထားသော်လည်း မည်သူမျှ ဘာတခုမှ မဆွေးနွေးရဲကြ။ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်လွန်းလှသည်။ နစက လက်နက်နိုင်ငံတော်ကြီးကို တည်ထောင်ထားသည့် အနှီ လက်နက်သခင်အရှင်မြတ်ကြီး၏ ဒေါသအမျက်ကို ခန့်ညားသောအားဖြင့် ဘာတခုမှ အထွန့်မတက်ရဲခြင်း ဖြစ်ချေမည်။ ကျွန်ုပ်သည် ဤသို့ တိတ်ဆိတ်နေသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူပြီး ယခင်က တခါဖူးမျှ မဖတ်ဖူးခဲ့သည့် ၂၀၀၈ ခြေဥစာအုပ်ကို သူတို့ရှေ့တွင် တံတွေးဆွတ်၍ အသံမြည်အောင် တရွက်ချင်းလှန်ပြီး ဖတ်ချင်ယောင်ဆောင်နေလိုက်သည်။ ကျွန်ုပ်၏ ရည် ရွယ်ရင်းမှာကား - ၂၀၂၁ ခုနှစ် အာဏာထိန်းမှုကြီးသည် ယခုအခါ ပြည့် တန်ဆာအိမ်က ခြေသုတ်ဖုံမျှပင် တန်ဖိုးမရှိတော့သည့် ခြေဥကို လုံးလုံး လျားလျား ဖောက်ဖျက်ခဲ့ရာရောက်ကြောင်း သူတို့သိသကဲ့သို့ ကျွန်ုပ်လည်း သိပါကြောင်းနှင့် သူတို့၏ သိခြင်း မသိခြင်းကို ကျွန်ုပ်က အလေးဂရုရော အပေါ့ဂရုပါ မစိုက်ပါကြောင်း ပြသလိုက်သည့်သဘောဖြစ်သည်။ သည့်နောက် စည်းဝေးခန်းမထဲတွင် ထိုင်နေကြသူ တဦးချင်းအား စေ့စေ့ ကြည့်ပြီး ထီမထင်စွာ ပြုံးပြလိုက်သည်။ အထူးသဖြင့် မြင့်ဆွေ၊ တီခွန်မြတ်နှင့် ဗန်ထီးယူတို့ကို ခပ်ကြာကြာလေး စိုက်ကြည့်ပြီး အံ့ကျော်ပြုံး ပြုံးပြလိုက်သည်။  
သူတို့က ပြန်၍ ပြုံးပြကြသော်လည်း အပြုံးတွေက အသက်မပါ။ လျှောမွေးသည့် ကလေးမသာကို စိတ်မသက်မသာစွာဖြင့် ကြည့်နေကြရသည့် အသုဘရှုအပြုံးမျိုး။ ဤသည်ကို သိသိကြီးဖြင့်ပင် အကျွန်ုပ် လစ်လျှူရှုလိုက်သည်။ လျှောမွေးကို ဗာရာဏသီချဲ့ပြီး ဝါဒဖြန့်ပေးတတ်သည့် တပည့်ကျော်ကြီးမဲလုံး အသက်ရှင်နေသမျှ ကာလပတ်လုံး ဘဇာသောအရာကိုမှ အကျွန်ုပ် မှုစရာမလို။ အနှစ်ချုပ်ရလျှင် ဤဖေကိုယ်သည် ဘာမဆိုလုပ်ရဲသည့် ဘုရားဆုပန် ဧရာမ-မဟာပုရိသကြီးတပါးမဟုတ်ပါလား။

မဟာပုရိသမှန်လျှင် မိမိ၏တန်ဖိုးအနဂ္ဃထိုက်သော မဟာဇီဝတော်ကို ကာကွယ်စောင့်ထိန်းရန် တာဝန်ရှိသည်။ ထို့ကြောင့် အကျွန်ုပ်သည် ကမ္ဘာပေါ်တွင် ရှိရှိသမျှ ကျည်ကာဝတ်စုံများအနက် အထူထဲဆုံးကိုရှာ၍ ဝတ်ဆင်ထားသည်။ ကျည်ကာအင်္ကျီဆိုသဖြင့် သာမညောင်ည ရင်ဖုံးကျည်ကာဟု မမှတ်ယူကြပါလင့်။ ဇရာထောင်းလာသည့် ခန္ဓာကိုယ်ကို ပို၍ အကာ အကွယ်ရစေခြင်းငှာ လက်စကကျည်ကာအင်္ကျီကို ယနေ့တွင်မှ တမင် တကာ ရွေးချယ်ဝတ်ဆင်ထားခြင်းဖြစ်သည်။ သို့ဖြစ်လျှင် အကျွန်ုပ်၏ ဥက္ခောင်းတော်ကို မည်သည့်အကြောင်းကြောင့် အကာအကွယ်ပြုမထားသနည်းဟု ပဟေဋိထုတ်စရာရှိသည်။ အဖြေသည်ကား အကျွန်ုပ်၏ ဥက္ခောင်းခွံသည် ကမ္ဘာဦးကာလကတည်းက ရင့်မာနေခဲ့သော အခွံထူသည့် အုန်းသီးခွံအခြောက်နှင့် သဏ္ဍာန်တူ၍ မည်သည့်ကျည်မျှ ထိုးဖောက်ဝင်ရောက်နိုင်စွမ်းမရှိသည်က တသွယ်၊ အကယ်တန္တု ထိုးဖောက်ဝင်ရောက်နိုင်သည် ဖြစ်အံ့၊ ဦးနှောက်အဆံ၏ ပမာဏမှာ မွေးကင်းစ ခွေးပေါက်လေးတကောင်၏ ကပ္ပါယ်အိတ်သာသာမျှသာ ရှိသောကြောင့် တော်ရုံနှင့် ကျည်မထိမှန်နိုင်သည်က တဖုံတို့ကြောင့် အထူးတလည် ကာကွယ်ရန် မလိုအပ်ခြင်း ဖြစ်ပေသည်။

သက်တမ်းတိုးပွဲ တီဗွီအစီအစဉ်ကို စောင့်ကြည့်နေကြသည့် အကျွန်ုပ်၏ ဘောမပရိသတ်ကြီးတို့သာ စိတ်နှင့် အာရုံကပ်ကြပါလျှင် ထူးခြားချက်တခုကို သတိပြုမိကြပါလိမ့်မည်။ ဤသည်ကား စည်းဝေးခန်းမတခုလုံးတွင် ကျည်ကာအင်္ကျီဝတ်ဆင်ထားသည်မှာ ဤဖေကိုယ်တပါးတည်းသာ ဖြစ်ခြင်းပေတည်း။ အကယ်၍သာ နေပြည်တော်သို့ပင် ရောက်နေပြီဟု ကောလဟလဖြစ်နေသည့် ပီဒီအက်ဖ်ပဉ္စမံတို့က ဤခန်းမအား နင်ဂျာများသဖွယ် ချဉ်းကပ်၍ ပစ်ခတ်ခဲ့ပါလျှင် ကျွန်ုပ်တဦးတည်းသာ လွတ် မြောက်၍ ကျန်ခဲ့စေချင်သည်က တကြောင်း၊ ခန်းမတွင်းရှိ ကျန်ပုဂ္ဂိုလ်အပေါင်းတို့သည် ကျည်ကာမထားသည့် မိမိတို့၏ အသက်ကို နှမျောကြမည်ဖြစ်ရာ အဆိုပါ ပဉ္စမံများ ကနဦးကတည်းက ဤနေရာသို့ ရောက်မလာကြပါစေနှင့်ဟု ဆုတောင်းကြမည်မှာ သေချာသည်က တကြောင်းတို့ကြောင့် တချက်ခုတ် နှစ်ချက်ပြတ် ကြံဆောင်လိုက်ရခြင်းပေတည်း။ ဤသည်ကား အင်မတန်စူးရောက်သော အကျွန်ုပ် မဟာပုရိသကြီး၏ မဟာဉာဏ်တော်ကြီး ဖြစ်ချေသည်တမုံ့။ 

မဟာပုရိသကြီးဆိုပေမင့် သဘာဝတရား၏စေ့ဆော်ချက်ကိုတော့ ကျွန်ုပ် လွန်ဆန်၍မရကြောင်း ဝန်ခံရပေလိမ့်မည်။ သုံးနှစ်သုံးမိုး စိတ်ဖိစီးခံရမှုကြောင့် စိတ်ကစဉ့်ကလျားဖြစ်ရသည့် ဝေဒနာအား ကုစားရန်အလို့ငှာ တိုင်းရင်းဆေး သမားတော်ကြီး ငဖြီး၏ ညွှန်ကြားချက်အတိုင်း နနွင်းခါးရည် ပုံမှန်သောက်နေရခြင်း၊ ဗိုလ်လေး-ဗိုလ်ကြီးဘဝက စန္ဒာ၊ မူယာ၊ ကလျာ အစရှိသည့် ပျံလွှားမတို့နှင့်ထင်တိုင်းကြဲခဲ့ရာမှ ရလာခဲ့သည့် နာတာ ရှည် ဆီးပူဆီးအောင့် ကာလသားရောဂါ သက်သာစေရန် အကြောတထောင်အစေ့နှင့် ကုန်းခံတက်ရွက်ကို ရောကျိတ်ပြီး သုံးခွက်တခွက်တင် ကျိုသောက်နေသည့် ဆေးက အစွမ်းပြလာခြင်း စသည်တို့ကြောင့် အကျွန်ုပ်၏ ဆီးအိတ်တော်ကြီးမှာ အတန်ပင် တင်း၍နေချေပြီ။ 

သိကြားမင်းသည် ၎င်းထိုင်နေတော်မူသည့် ပဏ္ဍုကမ္ဗလာမြကျောက်ဖျာကြီး တင်းလာပါက လူ့ပြည်သို့ ခဏဆင်းရသကဲ့သို့၊ အကျွန်ုပ်၏ လရေစည်သူဘွဲ့ခံ ဆီးအိတ်တော်ကြီးကလည်း တင်းလာပြီမို့ သီရိမင်္ဂလာရေအိမ်တော်ကြီးအတွင်းသို့ ခေတ္တခဏ ဝင်ရောက်စံမြန်းရပေဦးတော့မည်။
~~~~~~
တလောကလုံးတွင် အကျွန်ုပ် တဦးတည်းသာ သုံးစွဲခွင့်ရသည့် အနှီ  သီရိမင်္ဂလာ ရေအိမ်တော်ကြီးသည် သွား လေသူ အဆွေတော် ဆဒမ်ဟူစိန်၏ ရေအိမ်တော်ကို မဆိုထားဘိ၊ ရုရှားနိုင်ငံရှိ ဇာဘုရင့် နန်းတော်ထက်ပင် ပိုမိုခန့်ငြားတောက်ပြောင်လျက်ရှိသည်။ ရေအိမ်စောင့် တပ်သားနှစ်ဦးက ရိုသေစွာ ဖွင့်ပေးသည့် ကျွန်းတံခါးကြီးနှစ်ချပ် ပွင့်သွားသည်နှင့် ဧရာမပန်းအိုးကြီးအတွင်း၌ ထိုးနှံထားသည့် ဖြူနီပြာဝါ ပန်းပေါင်းစုံတို့၏ ပသာဒနှင့်အတူ လေတွင်ပျံ့လွင့်လာသည့် ပန်းနံ့သာနံ့တို့က ဆီးကြိုနှင့်သည်။ သည့်နောက် မှန်စီရွှေချ ကနုတ်ပန်းပေါင်းများစွာဖြင့် အလှဆင်ထားသည့်စကြံလမ်းကို လျှောက်သွားပြီးသည်နှင့် ရေအိမ်တော်၏ ပင်မအခန်းသို့ရောက်သည်။ ထိုအခန်းရှိ ရွှေလက်ဆေးဇလုံကြီး၏ နောက်ဖက် ခရစ်စတယ်မှန်ချပ်ကြီးများ၏ အထက်ရှိ နံရံပေါ်တွင်ကား ဝီရသူ၊ သီတဂူ၊ ဆေကိန္ဒ၊ ဝါသဝ အစရှိသည့် အကျွန်ုပ်၏ အန္တေဝါသိက နောက်လိုက်တပည့် တပန်းများ၏ကိုယ်တပိုင်းပုံများကို ချိတ်ဆွဲထားသည်။ မိမိ၏ အိမ်တော်ပါ အစေအပါးများသာ ဖြစ်လင့်ကစား အကျွန်ုပ်ကဲ့သို့သော ပြည့်ရှင်မင်းသည် တပည့်ကျော်ကြီး သီတဂူ ဟောပြောခဲ့သည့် ရာဇောဝါဒသုတ္တန်လာ မင်းကျင့်တရားနှင့်အညီ... ကတညုတ − သူပြုဖူးသော ကျေးဇူးကို သိ၍၊ ကတဝေဒီ − ကျေးဇူးတုံ့ပြန်ဆပ်ရမည် မဟုတ်တုံလော။ သို့သော် ယခင်က ထိုနံရံပေါ်တွင် စံပယ်ခဲ့ဖူးသည့် ကိုယ်တော်အမည်ခံ ငပေါက်သည်မူ စားခဲ့ရဖူးသည့် အရိုးအရင်းများ၏ ကျေးဇူးတော်ကိုမှ မထောက်၊ အရှင်၏ သစ္စာကို ဖောက်ဖျက်ကာ အိမ်ရှေ့စံ ဒုချုပ်စိုးဝင်းအား ပုန်ကန်ရန် အခါပေးခဲ့ခြင်းကြောင့် သူ၏ရုပ်ပုံကို အကျွန်ုပ်၏အမိန့်ဖြင့် ဖြုတ်ချခဲ့ပြီးဖြစ် သည်။ လောလောဆယ်တွင် မဘသတို့နှင့် ရန်မပွားစိမ့်သောငှာ ဒင်းကို လင်းဋစာ မကျွေးသေးခြင်းသာ ဖြစ်သည်။

ရေအိမ်တော်၏ ပင်မခန်းမကြီးအဆုံး၌၊ တံခါးတွင် ငွေကနုတ်ဖြင့် တန် ဆာဆင်ထားသော "အပေါ့တော်စွန့်ရန်" ဆိုသည့် အခန်းတခန်းနှင့် ရွှေကနုတ်ဖြင့် တန်ဆာဆင်ထားသော "အလေးတော်စွန့်ရန်" ဆိုသည့် အခန်းတခန်း ရှိသည်။ အကျွန်ုပ်သည် အပေါ့တော်ကိုစွန့်ရန် လာသည်ဖြစ်၍ ငွေတံခါးကို ဖွင့်ကာ အတွင်းတော်သို့ ဝင်လိုက်သည်။ ထိုအခါ အကျွန်ုပ်၏ ခါးတော်အမြင့်နှင့် ကွက်တိဖြစ်သည့် နေရာတွင် တပ်ဆင်ထားသည့် နဝရတ်ကိုးပါး အနားကွပ်ထားသော မတ်တပ်စွန့် ငွေကမုတ်တော်ကို မြင်ရသည်။ အဂ္ဂမဟေသီကြီး၏ ယောနိတော်အသွင်ဖြင့် ဖန်တီးထားသည့် ထိုကမုတ်တော်အား ဟတ္ထနီကမုတ်တော်ဟု အကျွန်ုပ်က ချစ်စနိုးဖြင့် သမုတ်တော်မူထားသည်။ ထိုကမုတ်တော်၏ ရေဆင်းပေါက် အထက်တနေရာတွင် စက်ဝိုင်းကို ကြက်ခြေခတ်ထားသည့် ဖောင်းကြွ ပစ်မှတ်တခု ရှိသည်။ ဤပစ်မှတ်ကို အဂ္ဂမဟေသီကြီး၏ ဘဒွေးတော်စပ်သူ ရေအိမ်တော်မှူးကြီး၏ အကြံဖြင့် စီမံထားခြင်းဖြစ်သည်။ စစ်တက္ကသိုလ် ဗိုလ်လောင်းဘဝတွင် ပစ်တိုင်းလွဲဘွဲ့ ရခဲ့ဖူးသည့် အကျွန်ုပ်သည် ရေအိမ်တော်မှူးကြီး၏ ကျေးဇူးဖြင့် ယခုအခါ ပန်းမလွဲ ဘွဲ့ထူးရှင် ဖြစ်လာချေပြီ။

အဆိုပါအတွေးဖြင့် ပီတိပွားနေမိသည့် အကျွန်ုပ်သည် မိမိ၏လာရင် ကိစ္စ ပြီးမြောက်စေရန်အတွက် ဇစ်တော်ကို ဖွင့်တော်မူကာ၊ လက်ဖက်ရည်တွင် အတန်ကြာ နှစ်စိမ်ထားသည့် အီကြာကွေးနှင့် အလားသဏ္ဍာန်တူသည့် မင်္ဂလာရွှေပြွန်တော်လေးကို ဇစ်အသွားနှင့် မညားစေရန် သတိထားကာ ထုတ်ယူလိုက်သည်။ ထို့နောက် ခွေခေါက်နေသည့် ၎င်းအား လက်နှစ်ဖက်ဖြင့် ဟန်ကျပန်ကျ ထိန်းကိုင်ကာ ပစ်မှတ်ကို ချိန်ရွယ်ပြီး ပန်းတော်မှုမည်ဟု ကြံစည်လိုက်သည်။ ဤသို့ ကြံစည်လိုက်သည့် ခဏတွင် ရွှေရောင်အခန်းဖက်ဆီမှ စကားသံသဲ့သဲ့ကို ကြားလိုက်ရသည်။ စိတ်ကစဉ့်ကလျားဖြစ်သည့် ဝေဒနာကို ခံစားနေရသည့် အကျွန်ုပ်သည် ရံဖန်ရံခါတွင် မိမိစိတ်ကူးတည့်ရာ အသံများကို ကြားရလေ့ရှိသည်ဖြစ်၍ ဤအသံကို ကြားရသည့်အခါ ထူး၍ မတုန်လှုပ်မိပါ။ တကယ်မဟုတ်သော အသံတသံဟုသာ ခပ်ဖော့ဖော့လေးတွေးလိုက်မိသည်။ သို့သော် ထိုအသံသည် ပျောက်မသွားသည့်အပြင် တိုး၍ပင် ကျယ်လောင်လာသည်။ အတန်ကြာ နား ထောင်မိသောအခါ ထိုအသံရှင်သည် တပည့်ကျော်ကြီးမဲလုံး ဖြစ်သည်ကို အကျွန်ုပ် ရိပ်စားမိလာသည်။

"ဪ... သူ့ခမျာ ဝမ်းသွားချင်စိတ် ပြင်းပြလွန်း၍သာ ငါကိုယ်တော်၏ ရေအိမ်တော်မှန်းသိလျက်နှင့် အရဲစွန့်ပြီး ဖြေရှင်းနေရခြင်း ဖြစ်လိမ့်မည်" ဟု တွေးတောကာ ဒေါသစိတ်ကို ဖြေသိမ့်လိုက်သည်။ သို့သော် သူ၏ အသံက ပျောက်မသွားသည့်အပြင် ပြောချင်ဇောဖြင့် ပိုမိုကျယ်လောင်လာသည်။ တဖက်ခန်းတွင် အကျွန်ုပ် ရှိနေသည်ကိုပင် ဒင်းက သတိထားမိဟန် မတူ။ တခဏမျှ ဆက်လက် နားထောင်မိသော အခါတွင်ကား -
"တောက်! လက်စသတ်တော့ မဲလုံးက သက်တမ်းတိုးပွဲအကြောင်း ခေတ်သစ်မီဒီယာကို သတင်းပို့နေတာပါလား"

အကျွန်ုပ်၏ဒေါသတို့က ငယ်ထိပ်သို့ ရောက်လေပြီ။ ဖရဲသီး မဲလုံး၏ဇီဝိန်ကို ယခုပင် ချွေလိုက်မည်ဟု စိတ်ကူးရှိသော်လည်း အကျွန်ုပ်၏ ခါးတွင် အမြဲဆောင်နေကျ ပစ္စတိုက ပါမလာခဲ့။ ထို့ကြောင့် စည်းဝေးခန်းမတွင် ထားခဲ့သည့် ပစ္စတိုကို ပြန်ယူရန် ရေအိမ်တော်မှ ထွက်မည်အပြုတွင် ကျွန်းတံခါးကြီးက ရုတ်တရက် ပွင့်လာပြီး လက်နက်ကိုင် ရေအိမ်တော်စောင့် နှစ်ယောက်က ရှေ့တွင် ပိတ်ရပ်လိုက်သည်။ အကျွန်ုပ် တစုံတရာ ပြောမည်ဟု ကြံရွယ်ပါသော်လည်း ခံတွင်းတွင် အာဆေးထည့်ထားသကဲ့သို့ မည်သည့် စကားမျှ ထွက်မလာ။ ထိုခဏတွင် အကျွန်ုပ်၏ ကျောဖက်မှနေ၍ မဲလုံး၏ အသံ ထွက်လာသည်။

"အာ့ကျ ... အာ့ကျ ... ဟေ့ - အဲ့ကောင်ကို လက်ထိပ်ခပ်လိုက်"

အခါနှောင်းပြီကို သိလိုက်သော အကျွန်ုပ်သည် ရှိသမျှသော ခွန်အားနှင့် သတ္တိတို့ကို စုစည်းပြီး မဲလုံးကို ကိုယ်တစောင်း လှည့်ကြည့်လိုက်သည်။ ထို့နောက် ပထမဆုံး ရိုက်ကူးခဲ့သည့် ရောမဧကရာဇ်ဘုရင်ကြီး ဂျူးလီးယပ်ဆီဇာ ဇာတ်ကားကြီး၌ ဆီဇာဘုရင်အဖြစ် သရုပ်ဆောင်ခဲ့သူ မင်းသားကြီး မာလွန်ဘရန်ဒို၏ ဟန်ပန်မျိုးဖြင့် နှုတ်ခမ်းကို ခပ်တင်းတင်းစေ့ကာ ...
"ဪ ... မဲလုံး၊ မင်းလည်း ပါသကိုး" ဟု ရေရွတ်လိုက်မိပါတော့သည်။
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar