အမေရိကန် ရွေးကောက်ပွဲက ဘာအရေးမို့လဲ
အမေရိကန် ရွေးကောက်ပွဲက ဘာအရေးမို့လဲ
နိုင်ငံတကာသာဂိ၊ မိုးမခ၊ ဖေဖော်ဝါရီ ၃၊ ၂၀၂၄
အခုနောက်ပိုင်း နိုင်ငံတကာမြင်ကွင်းပဲ ရေးဖို့ အဆိုင်းကျထားတော့ သတင်းနားထောင်ရပါတယ်။ အဓိက NPR - National Public Radio က သတင်းတွေ ဆောင်းပါးတွေ နားထောင်တယ်။ မျက်မှောက်အရေးတွေကို ပြည်နယ်အလိုက် မြို့နယ်အလိုက် လိုကယ်စတေရှင်တွေက တင်ဆက်တာရယ်၊ ဌာနချုပ်လို စင်တာသတင်းဌာနကနေ တင်ဆက်တာရယ် နေရာစုံ ထောင့်စုံကြားရပါတယ်။ တခုရှိတာက သတင်းကို ဖျော်ဖြေရေးဆန်ဆန် ဖျော်ဖြေရေးလိုလို ကြော်ငြာရဖို့အရေးလို ပွဲဆူ လူအုံ ပျားအုံတုတ်ထိုး သတင်းတင်ဆက်ပုံတွေ မဟုတ်တော့ အိန္ဒြေရပါတယ်၊ အာရုံမနောက်ဘူးပေါ့။
ကဲ အခုက ပွဲဆူနေတာက အမေရိကန် ရွေးကောက်ပွဲပါ။ ထရန့်နဲ့ ဘိုင်ဒင်တို့ မကြေပွဲလို့ လူတွေက သဘောထားပါတယ်။ လူပုဂ္ဂိုလ် ၂ ဦး အရေးလိုပဲ အာရုံထားသူတွေအတွက်ကတော့ ဇာတ်လမ်းက ရှင်းပါတယ်။ ဟိုလူမကြိုက် သည်လူကို ပေးရုံပဲ မဟုတ်လား။ သို့သော် ခုချိန်ထိ ဆုံးဖြတ်ချက် မပြတ်သားသေးတဲ့ မဲဆန္ဒရှင်တွေ၊ မဲရုံကို မလာဘဲ နေမယ့်သူတွေကို ဆွယ်တရားဟောနေဖို့ မပြတ် နှစ်ဖက်ပါတီက ကြိုးစားကြပါတယ်။
ရွေးကောက်ပွဲမှာ သင့်အတွက်က ဘယ်အကြောင်းက အရေးကြီးသလဲ။
တစ်ကတော့ စီးပွားရေးပါ။ ရွေးကောက်ပွဲနီးလာလေ စီးပွားတက်လာသလား ကျနေသလား သုံးသပ်သူတွေ အလုပ်များလေလေပဲ။ အခုတော့ အမေရိကန်စီးပွားရေးက တက်နေတယ် ပြောကြတယ်။ ဒါပေမဲ့ လုပ်ငန်းရှင်ကြီးတွေက နောက်ကွယ်ကနေ ခုထိ စီးပွားရေးက ကျနေတယ် ၊ မကောင်းသေးဘူး၊ ဗဟိုဘဏ်က ငွေတိုးနှုန်းတင်ထားတာ မှားတယ်လို့ ခုထိ ဝေဖန်နေတုန်းပဲ။ လူတွေကလည်း ကုန်ဈေးနှုန်းက မကျသေးဘူး၊ အလုပ်လစာတွေကလည်း မတိုးဘူး၊ အရင်တုန်းကလို ပြန်မဖြစ်သေးဘူးလို့ ခံစားနေကြတယ်။ တကယ်ကတော့ ဒါတွေက perception - အထင်အမြင်တွေပါ။ တကယ် လက်တွေ့ ဘာလဲ ဘယ်လဲ ဘယ်သူမှ မသိဘူး။ စီးပွားတက်နေပြီ ထင်လိုက်ရင် ထင်သာ ထင်လိုက်၊ စိတ်ချမ်းသာမယ်။ မတက်သေးဘူး ကျနေတယ် ထင်ရင်လည်း ထင်ချင်ထင်ပါ။ စိတ်ဆင်းရဲသွားမယ်။ သမ္မတတယောက် ရွေးလိုက်လို့ ဘာမှ မထူးပါဘူးလို့ ပြောကြပါတယ်။
နောက် တချက်ကတော့ နယ်စပ်ဖြတ်ကျော်တွေ ကိစ္စ။ အမေရိကန် တက္ကဆပ်ပြည်နယ်ကို မက္ကဆီကိုကနေ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက် ခိုလှုံဖို့ ကြိုးစားနေကြတာ တနေ့တနေ့ သောင်းချီတယ်။ ထရန့်တုန်းကလည်း မတတ်နိုင်ဘူး။ ဘိုင်ဒင်လည်း လက်မှိုင်ချနေရတယ်။
အမေရိကန်ကို နယ်စပ်ဖြတ်ကျော်တွေ၊ လေယာဉ်ပေါ်က ဆင်းသက်တွေ၊ ပြီးတော့ တရားမဝင်နေထိုင်ကြသူတွေ၊ သို့မဟုတ်ရင်လဲ နိုင်ငံရေးခိုလှုံခွင့် တောင်းခံကြသူတွေ တနှစ်တနှစ် သိန်းချီပါတယ်တဲ့။ လက်ရှိ လူ ၁၀ သန်းဟာ အမေရိကားမှာ တရားမဝင်နေထိုင်ကြပါသတဲ့။ သည်ကိစ္စကတော့ ရွေးကောက်ပွဲမှာ အရေးပါပါတယ်။ ဘယ် သမ္မတက သည်ကိစ္စကို ရှင်းနိုင်မလဲ ဘယ်သူမှ မသိပါဘူး။ သို့သော် တဖက်ကို အပြစ်တင်ပြီး မဲနိုင်ဖို့ ကြိုးစားဖို့အတွက် သည် နယ်စပ်အရေးက အသုံးချခံ ဖြစ်ပါတယ်။
အမေရိကန်မှာ အိုးအိမ်မဲ့တွေ များပြားလာတာ၊ မူးယစ်ဆေးဝါးပြဿနာ၊ အလစ်သမား ရာဇဝတ်မှုတွေ ပေါများတာ၊ အမုန်းတရားတွေ ဖြန့်ချိတာ၊ တရားလက်လွတ် သေနတ် ပစ်ခတ်ကြတာတွေနဲ့ စိတ်ရောဂါဝေဒနာသည်တွေကို ကုသထိန်းချုပ်မှု အားနည်းတာတွေကို သတင်းဌာနတွေက မီးမောင်းထိုးကြပါတယ်။ နောက်ပြဿနာက နိုင်ငံရေးပြဿနာတွေကို အစွန်းရောက်ပါတီခေါင်းဆောင်တွေ၊ အမတ်တွေက တွေ့ဆုံဆွေးနွေးအဖြေမရှာချင်ဘဲ ပြဿနာအဖြစ် မဲဆန္ဒရှင်တွေကို အသုံးချ မီးထိုးနေကြတာတွေလည်း ပြဿနာ ဖြစ်ပါတယ်။ အမေရိကန်တွေထဲမှာ အလွန်သဘောကောင်းပြီး သဒ္ဓါတရားလွန်သူတွေရယ်နဲ့ အလွန်စိတ်ကြီးပြီး သံသယထား အဆိုးမြင်သူတွေ အစွန်း ၂ ခု လွန်ဆွဲနေတယ်လို့ ဆိုပါတယ်။ နောက်တခုကတော့ နိုင်ငံတွေထက် ချမ်းသာတဲ့ လုပ်ငန်းရှင်ကြီးတွေ ကော်ပိုရေးရှင်းတွေက ကြိုးကိုင်နေတယ်လို့လည်း ဆိုကြပါတယ်။
အမေရိကန် ရွေးကောက်ပွဲက ဘာအရေးလဲ။ ဘာပြောပြော တကမ္ဘာလုံးအရေးပါ။ သူတို့ ငိုရင် တကမ္ဘာလုံး ငိုရတယ်။ သူတို့ ရယ်ရင် တကမ္ဘာလုံး ရယ်ရတဲ့ နိုင်ငံက ရွေးကောက်ပွဲမို့ နဲနဲတော့ အရေးပါတာတော့ အမှန်ပါ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar