Breaking News

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၃၄


ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၃၄

(မိုးမခ) ဖေဖော်ဝါရီ ၁၇ ၊ ၂၀၂၄


စန်းကျားဖန်းကျင် - သုံးအိမ်မှသည် သုံးနိုင်ငံသို့

နွေဦးဆောင်းဦးကာလရဲ့ အလယ်ပိုင်းကာလတွေမှာ ကျို့အင်ပါယာရဲ့ လက်တွေ့နိုင်ငံရေး ဩဇာအာဏာဟာ ကျို့နန်းတော်မှာ မရှိတော့တာ သိသာလာပါတယ်။ အဲဒီအစား ကျို့လက်အောက်ခံ နိုင်ငံငယ်တွေ စုစည်းထားတဲ့ နိုင်ငံကြီးအချို့ရဲ့ လက်ထဲမှာပဲ အလှည့်ကျ ဩဇာအာဏာက ရှိနေခဲ့တာပါ။ 

ဒါပေမဲ့ နွေဦးဆောင်းဦးကာလရဲ့ နှောင်းပိုင်းကို ရောက်လာတဲ့အခါ အဲဒီ ဩဇာကြီးနိုင်ငံတွေဟာ ကျို့အင်ပါယာကြီးတစ်ခုလုံးအပေါ် လွှမ်းမိုးနိုင်စွမ်းမရှိဘဲ၊ ကိုယ့်နိုင်ငံအလိုက် သီးခြားစီ ဩဇာတည်ထောင် ထိန်းသိမ်းထားရတဲ့ အနေအထားကို ရောက်လာပါတယ်။ 

နွေဦးဆောင်းဦးကာလ နောက်ဆုံးပိုင်းကို ရောက်လာတာနဲ့အမျှ အဲဒီနိုင်ငံတစ်ခုချင်းစီထဲမှာလည်း အာဏာပြန်လည်ခွဲဝေမှုပြဿနာတွေ ကြီးကြီးမားမား ရှိခဲ့ပါတယ်။ အထင်ရှားဆုံးကတော့ ကျင်နိုင်ငံရဲ့ ဖြစ်စဉ်ပါ။ 

ဘီစီ ၄၉၇ ခုနှစ်နဲ့ ၄၅၃ အကြားမှာ ကျင်နိုင်ငံအတွင်း ပြည်တွင်းစစ်ဖြစ်ပြီး၊ သီးခြားနိုင်ငံ သုံးနိုင်ငံအဖြစ် ကွဲထွက်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ကိုတော့ စန်းကျားဖန်းကျင် (三家分晉Sānjiā Fēn Jìn) လို့ သမိုင်းမှတ်တမ်းရေးထိုးကြပါတယ်။ တိုက်ရိုက်ဘာသာပြန်ရင်တော့ မိသားစုသုံးခုက ကျင်နိုင်ငံကို ဖြိုခွဲလိုက်တဲ့ ဖြစ်စဉ် (Three Families Partitioning Jin) လို့ ဆိုနိုင်ပါတယ်။ 

ကျင်နိုင်ငံဟာ ဘီစီ ၅၈၈ မှာ စစ်တပ်ကို သီးခြားစီ လွတ်လပ်တဲ့ တပ်မတော် ခြောက်ခုအဖြစ် ခွဲထုတ်ခဲ့ပါတယ်။ တပ်တစ်ခုချင်းစီကို ကျီ (智Zhi) ၊ ကျောက် (趙Zhao) ၊ ဟန် (韓Han) ၊ ဝေ (魏Wei) ၊ ဖန် (范Fan) နဲ့ ကျုံးဟန် (中行Zhonghang) ဆိုတဲ့ မိသားစု ခြောက်ခုက စီမံခန့်ခွဲကြပါတယ်။ မိသားစုတစ်စုချင်းစီရဲ့ ခေါင်းဆောင်တွေဟာ ကျင်နိုင်ငံရဲ့ တပ်တွေကို အုပ်ချုပ်ခွင့် ရရုံသာမက၊ ကျို့နန်းတော်မှာ ဝန်ကြီးတွေအဖြစ် တာဝန်ထမ်းဆောင်ခွင့် ရရှိကြပါတယ်။

(ဒါက ကျင်နိုင်ငံ တစ်နိုင်ငံတည်း ဖြစ်တာတော့ မဟုတ်ပါဘူး။ ကျို့နန်းတော်ရဲ့ လက်အောက်ခံ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ လူနိုင်ငံ (Lu) နိုင်ငံမှာလည်း ဘီစီ ၅၆၂ မှာ တပ်ကို သုံးပိုင်းပိုင်းပြီး ဘုရင့်မိသားစုနဲ့ အခြားမိသားစု နှစ်ခုက ခွဲခြားပြီး အုပ်ချုပ်ခဲ့တာပါ။ မိသားစု ၃ စုက နိုင်ငံသုံးနိုင်ငံလို သီးခြားစီ ဖြစ်နေတာကို ပြန်လည်စုစည်းနိုင်ဖို့ ကွန်ဖြူးရှပ် က ကြိုးစားခဲ့ပါတယ်။)

ကျင်နိုင်ငံ၊ လူနိုင်ငံ တို့က အဲဒီလို စနစ်ကို ကျင့်သုံးကြပေမယ့် ချူနိုင်ငံလို နိုင်ငံအတော်များများကတော့ အာဏာကို ဘုရင်တွေက ချုပ်ခိုင်ထားကြတာပါ။ 

ကျင်နိုင်ငံအကြောင်းကို ဆက်ရရင် တပ်တွေကို အဲဒီလို မိသားစု ခြောက်ခုက ထိန်းချုပ်ထားတဲ့အတွက် နောက်ဆက်တွဲဖြစ်လာတဲ့ ပြဿနာက ထီးနန်းဆက်ခံရေး ပြဿနာပါ။ ဘုရင်တစ်ပါး နတ်ရွာလားတဲ့အခါ၊ ဘုရင်အရိုက်အရာကို ဘယ်သူက ဆက်ခံသင့်သလဲဆိုတဲ့ ပြဿနာတက်လာပါတယ်။ အဲဒီမိသားစု ခြောက်ခုစလုံးမှာ တပ်ကိုယ်စီ ရှိနေတာမို့ ထီးနန်းကို မျက်စပစ်လာကြတာပါပဲ။ 

ထီးနန်းကို မိသားစုတစ်ခုခုက လုယူတာမျိုး မဖြစ်သည့်တိုင်၊ ကျင်ဘုရင်ရဲ့ ဩဇာက ကျဆင်းလာပြီး၊ တိုင်းရေးပြည်ရာတွေကို အဲဒီ မိသားစုခြောက်ခုကပဲ ခြယ်လှယ်လာတဲ့ အခြေအနေကို စိုက်လာပါတယ်။

တကယ်တော့ အဲဒီကာလတွေမှာ ကျင်နိုင်ငံဟာ အခြားနိုင်ငံတွေ (အထူးသဖြင့် ချူနိုင်ငံ) နဲ့ တောက်လျှောက် စစ်ခင်းနေရတာ ဖြစ်ပါတယ်။ 

ဘီစီ ၅၄၆ မှာ ကျင်ဘုရင်နဲ့ ချူ ဘုရင်ကြားမှာ စေ့စပ်ရေးလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျင် နဲ့ ချူ နှစ်နိုင်ငံ စစ်ပွဲ ရပ်စဲသွားပါတယ်။ ဒါကြောင့် စစ်မြေပြင်က မိသားစုခြောက်ခုရဲ့ တပ်တွေ ကျင်နိုင်ငံကို ပြန်ရောက်လာပါတယ်။ ဒါကြောင့် ဘုရင်နဲ့ စစ်တပ်ခြောက်ခုကြားက ပဋိပက္ခက ပိုပြီး ပြင်းထန်လာပါတယ်။ 

ဘီစီ ၄၉၇ မှာ ကျင်ဘုရင် တင်း (定Ding) လက်ထက်မှာ ကျောက်မိသားစု ကတစ်ဖက်၊ ကျုံးဟန် နဲ့ ဖန် မိသားစုနှစ်စုက တစ်ဖက် ပြဿနာတက်ပါတယ်။ ကျုံးဟန် နဲ့ ဖန် မိသားစုတွေရဲ့ တပ်တွေက ကျောက်မိသားစုရဲ့ တပ်တွေကို ဝင်တိုက်ပါတယ်။ ကျန်တဲ့ မိသားစု သုံးစုဖြစ်တဲ့ ကျီ၊ ဟန်၊ ဝေ တို့က ကျုံးဟန်မိသားစုဘက်ကနေ ပြန်တိုက်ပေးပါတယ်။ 

ကျုံးဟန် နဲ့ ဖန် မိသားစုတွေ ရှုံးပြီး ဆုတ်ခွာသွားရပါတယ်။ မိသားစု လေးစုက ဆက်တိုက်ခဲ့လို့ ဘီစီ ၄၉၀ အရောက်မှာ ကျုံးဟန်နဲ့ ဖန် မိသားစုတွေ ချီနိုင်ငံထဲကို ထွက်ပြေးရပါတယ်။ အဲဒီအချိန်ကစလို့ ကျင်နိုင်ငံထဲမှာ ဩဇာကြီးတဲ့ မိသားစု ၄ စုပဲ ကျန်ပါတော့တယ်။ ကျီ (智Zhi) ၊ ကျောက် (趙Zhao) ၊ ဟန် (韓Han) ၊ ဝေ (魏Wei) မိသားစုတွေပါ။ 

ကျင် နန်းတော်ထဲမှာ ဩဇာရှိတဲ့ မိသားစု လေးစုပဲ ကျန်တော့တဲ့အချိန်မှာ ကျီမိသားစုက တစ်ခန်းထလာပါတယ်။ ကျီမိသားစု ခေါင်းဆောင်က နန်းတော်ထဲက သူ့ရာထူးကို သုံးပြီး ဟန် နဲ့ ‌ဝေ ရဲ့ ပိုင်နက်နယ်မြေအချို့ကို ကျီမိသားစုထံ လွှဲပြောင်းယူဖို့ လုပ်လာပါတယ်။ သူ့ရဲ့တောင်းဆိုချက်ကို ကျောက်မိသားစုခေါင်းဆောင်က ကန့်ကွက်ပါတယ်။ ကျောက်၊ ဟန်၊ ဝေ မိသားစု သုံးစုပေါင်းပြီး ကျီမိသားစုရဲ့ တပ်တွေကို ဝိုင်းတိုက်ပစ်လိုက်တာကြောင့် ဘီစီ ၄၅၃ မှာ ကျီမိသားစုရဲ့ တပ် ဆိုတာ စာရင်းထဲက ပျောက်သွားပြန်ပါတယ်။ ဒါကြောင့် ကျင်နိုင်ငံမှာ ကျောက်၊ ဟန်၊ ဝေ တပ်ကြီး သုံးခုပဲ ကျန်ပါတော့တယ်။ 

အဲဒီ မိသားစု သုံးစုရဲ့ အင်အားနဲ့ ဩဇာဟာ သိပ်ပြီး ညီမျှလွန်းနေတာကြောင့် မိသားစုတစ်စုနဲ့ တစ်စု တိုက်ရင် ဘယ်သူမှ အပြတ်အသတ်နိုင်လောက်တဲ့ အနေအထား မရှိတော့ပါဘူး။ မိသားစုကလည်း သုံစုပဲ ကျန်တာမို့ နှစ်စုပေါင်းပြီး အခြားတစ်စုကို တိုက်မယ်ဆိုရင်တောင်၊ နောက်ဆုံးကျန်တဲ့ နှစ်စုဟာ ဆက်ပြီး တိုက်နေကြရဦးမှာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ ဘယ်မိသားစုကမှ ကျင်တစ်နိုင်ငံလုံးကို အပိုင်သိမ်းနိုင်မယ့် အနေအထား မရှိတော့ပါဘူး။ ဒါကြောင့် မိသားစုသုံးစုဟာ အချင်းချင်းပြန်တိုက်နေမယ့်အစား၊ သီးခြား တစ်နိုင်ငံစီ ခွဲထွက်ကြဖို့ သဘောတူခဲ့ကြပါတယ်။ 

အဲဒီအချိန်မှာ ကျင်နိုင်ငံဘုရင်က ကျင်း (景Jing) ဖြစ်ပါတယ်။ ကျို့အင်ပါယာရဲ့ ဧကရာဇ်ကတော့ ဝေးလျဲ့(威烈Wēiliè) ဖြစ်ပါတယ်။ သူက ကျို့အင်ပါယာရဲ့ ၃၂ ယောက်မြောက် ဧကရာဇ် ဖြစ်ပြီး အရှေ့ဘက်ကျို့ခေတ် (Eastern Zhou) ရဲ့ အယောက် ၂၀ မြောက် ဧကရာဇ် ဖြစ်ပါတယ်။ 

ဘီစီ ၄၀၃ မှာ ကျောက်၊ ဟန်၊ ဝေ မိသားစု သုံးစုဟာ ကျောက်၊ ဟန်၊ ဝေ ဆိုတဲ့ သီးခြားလွတ်လပ်တဲ့ နိုင်ငံသုံးနိုင်ငံကို ခွဲထွက် တည်ထောင်လိုက်ကြပါတယ်။ အဲဒီနှစ်မှာပဲ ကျို့ဧကရာဇ် ဝေးလျဲ့ကလည်း နိုင်ငံသစ် သုံးနိုင်ငံကို အသိအမှတ်ပြုလိုက်ပါတယ်။ ကျင်၊ ကျောက်၊ ဟန်၊ ဝေ တို့ဟာ တန်းတူညီမျှတဲ့ အဆင့်အတန်းတူနိုင်ငံတွေ ဖြစ်တယ်လို့ အသိအမှတ်ပြုပေးခဲ့တာပါ။ 

ဘီစီ ၃၄၉ မှာတော့ နယ်နိမိတ် သေးသေးလေးသာ ကျန်တော့တဲ့ ကျင်နိုင်ငံကို ဟန် နဲ့ ကျောက် တို့က အပြီးတိုင် ခွဲဝေသိမ်းပိုက်လိုက်တာမို့ ကျင်နိုင်ငံရဲ့ သမိုင်း အဲဒီမှာတင် ပြီးဆုံးခဲ့ပါတယ်။ 

စန်းကျားဖန်းကျင် ဆိုတဲ့ ဖြစ်စဉ်ကနေ လေ့လာမှတ်သားစရာအချို့နဲ့ အတွေးပွားစရာ အချို့ ရရှိခဲ့ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ 

ကျင်နိုင်ငံ ပြိုကွဲပြီး နိုင်ငံသစ် သုံးနိုင်ငံ ပေါ်ပေါက်လာခြင်းဟာ နွေဦးဆောင်းဦးကာလ ပြီးဆုံးပြီး စစ်မက်ထူပြောသောကာလ၊ တနည်းစစ်မက်နိုင်ငံများကာလ (Warring states period) ရဲ့ စမှတ်လို့ ပြောရမယ့် အဖြစ်အပျက် နှစ်ခုထဲက တစ်ခု ဖြစ်ပါတယ်။ နောက်ထပ် အဖြစ်အပျက်တစ်ခုကို ဆက်လက်တင်ပြပါဦးမယ်။ 

~~~~~~~~~~~~~~~~~~~~

👉ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတိုများ (၁ — ၃၃) 



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar