ခွန်ထွန်းခင် - တခါပဲ မှားတာပါ၊ ခိုးသားငါးရာနဲ့
ခွန်ထွန်းခင် - တခါပဲ မှားတာပါ၊ ခိုးသားငါးရာနဲ့
(မိုးမခ) ဖေဖော်ဝါရီ ၁၇ ၊ ၂၀၂၄
"ငါဒို့ပအိုဝ်းက ငြိမ်းငြိမ်းချမ်းချမ်းပဲ နေကြတယ်၊ ဒို့ပအိုဝ်းကြောင့် ဘယ်သူမှ ဒုက္ခမရောက်ဖူးဘူး" ဆိုတဲ့စကားက ပအိုဝ်းဘုန်းကြီးတိုင်း ဟောတဲ့တရား၊ PNO လူကြီးတိုင်း ပြောတဲ့စကား။
တကယ်တော့ အဲဒီစကားက "တခါလေးပဲ မှားတာပါ၊ ခိုးသားငါးရာနဲ့" ဆိုတာလိုပါဘဲ။
ပအိုဝ်းတွေ ခိုးသားငါးရာနဲ့ တခါလေးမှားပုံကတော့ လူမျိုးတုံး သတ်ဖြတ်၊ ငြိမ်းချမ်းရေးလုပ်ငန်းမှန်သမျှ နှောင့်ယှက်၊ နောက်ဆုံး အရပ်သားအစိုးရလက်ထဲက အာဏာကို မတရားလုယူ၊ ကိုယ့်ပြည်သူတရပ်လုံး သတ်ဖြတ်ဖမ်းဆီး တိုင်းပြည်ကြီး မီးလောင်တိုက်သွင်းနေတဲ့ ဘီလူးသဘက်စစ်တပ်ရဲ့ လက်အောက်ခံပြည်သူ့စစ် လုပ်နေတာလေ။
အဲဒီ အသတ်အဖြတ်စစ်တပ် လုပ်ရပ်မှန်သမျှ ထောက်ခံရုံမက လူရောငွေရော ပံ့ပိုးပြီး ကရင်နီဘက်ဆို စစ်ပါဝိုင်းထိုးသေးတာ။ တခြားနယ်တွေမှာလဲ ပအိုဝ်းစစ်သားတွေ ပါတယ်လို့ ပြောကြပါတယ်။ ငြင်းမရပါဘူး။
ဟော အခု မျက်မှောက်မျက်မြင်ကိုယ်တိုင် ပါဝင်ပြီး ကိုယ့်နယ်ကို မီးတိုက်နေရပြီလေ။ ကိုယ့်မြို့ဗုံးကြဲခိုင်းတယ်လေ။ သမိုင်းဝင်ဘုန်းကြီးကျောင်းကြီးတွေ ပြိုတယ်လေ။ ဆီဆိုင်ဆို မြို့ပျက်သွားပြီလေ။ မရှိမဲ့ရှိမဲ့လို့ သဘောရတဲ့ အမည်ခံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ သုံးမြို့က ကုန်မယ့်အခြေအနေ။ လူတွေသိန်းနဲ့ချီ စစ်ရှောင်နေရပြီလေ။ ရွာလမ်းတွေ လိုက်ဖျက်ရပြီလေ။ လူငယ်တွေ စစ်မှုထမ်းရှောင်ဖို့ လမ်းရှာနေရပြီလေ။ ပအိုဝ်းတွေ ပထမဆုံးထောင်တဲ့ရွာလို့ ဆိုရလောက်တဲ့ ပဆျာ ကြိုဆိုတာ ဗမာလို ကင်ပွန်းချဉ်လို့ခေါ်တဲ့ ရွာ။ အဲဒီရွာတောင် ခုတော့ ကင်ပွန်းတွေ ခါးပြီလေ။ မဲနယ်တောင်မှာ ခရီးသွားတိုင်း မဖြစ်မနေ သွားရောက်ကြည့်ရှု ဓာတ်ပုံရိုက်ရတဲ့ ကျောက္ကဆျားရွာက သစ်သားအိမ်အလှရှုခင်းလည်' မကြာခင် ပျက်စီးဆုံးပါးရတော့မယ်လေ။
ဒါ အမွေအနှစ်တွေပါ။ ကိုယ့်လူမျိုးရဲ့ အမှတ်လက္ခဏာတွေပါ။ ကိုယ်ကျိုးရှာပအိုဝ်းခေါင်းဆောင်တွေရဲ့ တခါအမှားက ရိုးသားမှုအပါအဝင် ကိုယ့်လူမျိုးအမှတ်လက္ခဏာမှန်သမျှ ကိုယ်ကိုယ်တိုင်က လိုလိုလားလား ဖျက်ခိုင်းနေရတဲ့ဘဝ ရောက်နေပြီ မဟုတ်လား။ ကနေ့ ဆန္ဒအသုံးချခံတွေကို ကြည့်ပြီး ပအိုဝ်းတွေရဲ့ ရိုးသားမှာဟာ ရိုးအမှုအဖြစ် အသွင်ပြောင်းသွားပြီ မဟုတ်လား။
အဲဒါတွေကို မသိကျိုးကျင်ပြုပြီး ဒီဒုက္ခသစ္စာတွေဟာ PNLA ကြောင့် ဖြစ်သယောင် အကြောင်းသမုဒယအလွဲအမှားကြီး ကောက်ချက်ဆွဲပြနေတာဟာလဲ အတော်ဆိုးပါတယ်။ စစ်အုပ်စုနဲ့ပေါင်းတာ၊ ပြည်သူ့စစ်လုပ်တာကို ပအိုဝ်းပြည်သူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးအတွက် မဂ္ဂသစ္စာ လမ်းမဟာလို့ တချိန်လုံး ဟောပြောနေတာတွေကို ပအိုဝ်းဆရာတော် သံဃာတော်တွေ၊ PNO လူကြီးမင်းတွေ ပြန်လည်ဆင်ခြင်သုံးသပ်ကြဖို့ လိုပါတယ်။ မဟုတ်ရင်တော့ ပအိုဝ်းပြည်ဆိုတဲ့ နိရောဓသစ္စာနဲ့ လိုက်လေဝေးလေ ဖြစ်နေပါအုံးမယ်။
တကယ်တော့ ကိုယ့်လွတ်မြောက်မှုဆိုတာ ကိုယ်နဲ့တမြေတည်းနေ တရေတည်းသောက်တွေနဲ့ ကိုယ်ကိုယ်တိုင်ကဘဲ အမှီအခိုကင်းကင်း အကြောင်းရင်းမှန်မှန် နည်းလမ်းမှန်မှန် ကျင့်ထုံးမှန်မှန် ကျင့်သုံးမှ ရနိုင်တာပါ။ ရှမ်းပြည်ကို ခြေတော်တင်ထားသူတွေနဲ့ပေါင်းလို့ အကြောင်းကောင်းမယ်ထင်နေရင်တော့ ကိုယ့်လူမျိုးသာ အပယ်ခံဘဝ ရောက်မယ် မှတ်ပါ။ တကယ်တိုက်ရင် ခဏနဲ့ရတယ်ဆိုတာ ရှမ်းမြောက်က သက်သေပါပဲ။ ဘယ်တော့မှ မပြိုကွဲနိုင်တဲ့ မဟာနံရံကြီးဆိုပြီး တကယ်မတိုက်ရဲတဲ့သူတွေစကား နားယောင်ပြီး ဆက်ကိုးကွယ်ဖို့ ကြိုးစားမနေပါနဲ့။
ကိုယ့်လူမျိုး နိရောဓသစ္စာ ဆိုက်ဖို့ ကိုယ့်ထက်ငယ်တဲ့ အင်းသားတွေနဲ့ ဓနုတွေအပေါ် ဗိုလ်ကျအနိုင်ယူ လူလည်လုပ် ကုပ်ခွစီးတာတွေလည်း အရင်ရပ်ဖို့ လိုပါလိမ့်အုံးမယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar