လင်းလက်နွေဦး - ဟိုဘက်ကမ်းက မီးထိန်ထိန်
ဟိုဘက်ကမ်းက မီးထိန်ထိန်
လင်းလက်နွေဦး
(မိုးမခ) ဖေဖော်ဝါရီ ၂၁၊ ၂၀၂၄
အစိုးရဝန်ထမ်းဘဝကို စွန့်ခွာပြီး သာမန် (အောင်မယ်... အရင်ကတော့ ဆယ်လီဖြစ်နေသလိုလို) ဈေးသည်လေးဘဝနဲ့ ရုန််းကန်နေရချိန်။
တကယ်တော့ ကိုယ်တယောက်တည်းသာ ကျွန်နွံထဲ နစ်နာတာမဟုတ်ပါဘူး၊ ပြည်သူအများစု ဒုက္ခရောက်နေရတဲ့အချိန်ပါ။ ဆေးပညာမှာ ဘေး အန္တရာယ်တွေ အမျိုးမျိုးရှိကြောင်း သင်ခဲ့ရပါတယ်။ အသက်အန္တရာယ်ရှိတဲ့ ကူးစက်မြန်ရောဂါအသစ် စတင် ပေါ်ပေါက်လာတာမျိုးဆို ဘေး အန္တရာယ်လို့ ခေါ်လိုက်တာပါပဲ။ ပလိပ်တို့၊ ကာလဝမ်းရောဂါတို့လို ရောဂါ ဆိုးကြီးတွေပေါ့။ အဲ၊ ကမ္ဘာ့စစ်ကြီးတွေ၊ ကမ္ဘာစစ်ကြီးအတွင်း နျူကလီး ယားလက်နက်ဆိုးကြီးကြောင့် လူတွေ အစုလိုက်အပြုံလိုက်သေဆုံးရတာတွေ၊ သဘာဝအရင်းအမြစ်တွေကို စည်း ကမ်းမရှိထုတ်ယူသုံးစွဲလို့ ဂေဟစနစ်ပျက်ယွင်းပြီး နောက်ဆက်တွဲအနေနဲ့ ရေကြီး၊ မြေပြို၊ မိုးခေါင် စတဲ့ သဘာဝဘေးအန္တရာယ်တွေအားလုံးကိုတော့ လူလုပ်တဲ့ဘေးအန္တရာယ်လို့ ခေါ် ကြပါတယ်။
သိတော်မူကြတဲ့အတိုင်း မြန်မာနိုင်ငံတော်ကြီးမှာ ကိုဗစ်ဆိုတဲ့ ကပ်ရောဂါ ကြီး တလှိုင်းပြီးတလှိုင်း အလူးအလဲခံစားနေရချိန်မှာ 'မအလ' တို့ မသမာသူလူတစုဟာ 'မြန်မာ့အခက် မေယိုးအချက်' ဆိုပြီး အာဏာသိမ်းသွားကြပါတယ်။ ရင်ကြားစေ့ဖို့ ကြိုးစားကြပေမယ့် ရင်ထဲက ပြည်ပုတ် သွေးပုတ် တွေမှည့်လာတာကြောင့် ပေါက်ထွက်ကုန်တဲ့သဘောထင်ပါရဲ့။
တပ်မတော်ရဲ့ဖက်ဆစ်သရုပ်မှန် ပေါ်လာပြီး လူမဆန်ရက်စက်မှုတွေ တစ်မျိုးပြီး တစ်မျိုး နှိပ်စက်လာပါတယ်။ စကစရဲ့ သွေးထိုးလှုံ့ဆော်မှု၊ သင် ကြားမှုတွေကြောင့် တိုင်းရင်းသားအချင်းချင်း၊ ပြည်သူပြည်သား အချင်း ချင်း အိမ်ကြက်ချင်း အိုးမည်းသုတ်ခံရပါတယ်။ ပအို့ဝ်အချင်းချင်း၊ ဂန့်ဂေါနယ်သားအချင်းချင်း သတ်ဖြတ်မီးရှို့တာတွေ မြင်ရ ကြားနေရတယ် မဟုတ်လား။
မကြာသေးခင်ကမှ လူမှုရေးမီဒီယာပေါ် ပွက်လောရိုက်လာတဲ့ သတင်း အသစ်ကတော့ 'နိုင်ငံသားတိုင်း စစ်မှု မထမ်းမနေရ' ဥပဒေပဲ ဖြစ်ပါတယ်။ ပထမရက်မှာတော့ ကိုယ့်လူတွေက ဟာသတွေ ဘာတွေ လုပ်နေကြတာပေါ့။ 'ငါက အသက် ၃၅ ကျော်၊ ဘာမှမတတ်တဲ့ကောင်' နဲ့၊ 'အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ မိန်းကလေးတွေ အသက် ၃၅ နှစ်ကျော် လူပျိုကြီးတွေ ရှာယူကြ' နဲ့ပေါ့။ တကယ့်တော့ ဒါက နောက်စရာတခု မဟုတ်ခဲ့ပါဘူး။
စကစ မအလတွေက စစ်မှုထမ်းဥပဒေကို တစ်ဆင့်ပြီးတစ်ဆင့် လုပ် ဆောင်လာတယ်။ ဒီကြားထဲ လူငယ်လူရွယ်လေးတွေ ပေါ်တာ ခပ်စိပ်စိပ် အဆွဲခံရလာတယ်။ လူငယ်တွေ ဒီအခက်အခဲကနေလွတ်မြောက်ဖို့ ကြိုး စားလာကြတယ်။ အစကမှ ငတ်နေလို့၊ နယ်စပ်ဖြတ်ကျော် ရွေ့ပြောင်းအလုပ်သမားတွေ များလာပါတယ်ဆိုမှ ဒီသတင်းတွေလည်း ထွက်လာရော၊ ထွက်မှဖြစ်တော့မယ်လို့ သိလာကြတယ်။ တရားဝင်ထွက်ဖို့ကြိုးစားသူ တွေခမျာ နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ ရုံးတွေမှာ စုပြုံတိုးဝှေ့။ တနေ့က ရုံးရှေ့မှာ တန်းစီရင်း လူအုပ်ပိလို့ လူနှစ်ယောက် သေရသတဲ့။
ကျနော်တို့နယ်တွေက အခြေခံလူတန်စားအများစုခမျာတော့ ပက်စ်ပို့ စာအုပ်ကြီး ကိုင်၊ လေယာဉ်ပျံကြီး စီးပြီး (တချို့လူတွေကို... တချို့လူတွေကို... အားကျပြီး... ရှိစုမဲ့စု ရောင်းချပြီး... ကျနော်လေ ဖော်ရိန်းသွားတော့... လေယာဉ်ကြီးပေါ်မှာ... ခန့်ခန့်ကြီးဗျ ... ) နိုင်ငံခြားမထွက်နိုင်ရှာပါဘူး။ ကျနော့်ဆေးဆိုင်လာပြီး ဆေးလာဝယ်သူတွေထဲမှာ ဒီလိုလူတွေ ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေ၊ အနာကပ်ပလာစတာ၊ အကိုက်အခဲပျောက် လိမ်းဆေးတွေ၊ နှာစေးပျောက်ဆေး၊ လေဆေး၊ လျက်ဆား စတဲ့ အိမ်သုံးဆေးဝါးလေးတွေ လာဝယ်ကြတော့၊ ဘယ်သွားကြမလို့လဲလို့ စပ်စုကြည့်တယ်။ အရင်ကလည်း ဖရဲစိုက်ကွင်းတို့၊ တရုတ်နယ်စပ်ဘက်တို့၊ စပါးရိတ် ထွက်တာတို့ဆိုရင် ဒီလို ဝယ်ကြတာပါပဲလေ။ ဒီအချိန်မှာတော့ 'ကျနော်တို့ ထိုင်းသွား အလုပ်လုပ်မလို့'တဲ့။ ကျနော်လည်း ကြားဖူးနားဝလေးတွေ ပြော ပြပေးလိုက်တယ်။ သူတို့နိုင်ငံမှာ 'ဆေးခန်း၊ ဆရာဝန်နဲ့ ပြသပြီးတေ့ာမှ ဆေးဝယ်လို့ရတာ'ဆိုတော့ 'သူတို့က ဆေးခန်းပြခွင့် မရှိဘူး၊ အောက်လိုင်းက သွားမှာ'ဆိုပဲ။
ကျနော်လည်း ဘာဆက်ပြောရမှန်း မသိတော့ပါဘူး။ သူများနိုင်ငံ တရား မဝင် သွားအလုပ်လုပ်တာဟာ ကိုယ့်နိုင်ငံမှာ တရားဝင် နေထိုင်တာထက် စိတ်ချလုံခြုံမှုာ ရှိနေတာကိုး။
လင်းလက်နွေဦး
၂၀.၂.၂၀၂၄ ညနေ ၄နာရီ ၅၀မိနစ်။
* ဓာတ်ပုံ (ခေတ်သစ်မီဒီယာ ၂၀၊ ၀၂၊ ၂၀၂၄) - ရန်ကုန်၊ ရန်ကင်းမြို့နယ်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရုံးရှေ့တွင် တန်းစီနေကြသည့် လူအုပ်ကြီး
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar