Breaking News

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနဲ့ NUG တို့ရဲ့ ဆက်ဆံရေးက စစ်ကောင်စီကို အနိုင်ယူဖို့ အဓိကသော့ချက်လား


မြန်မာ့နွေဦးခရိုနီကယ် - ဖေဖော်ဝါရီလ ၅ မြင်ကွင်း

မိုးမခ - ဖေဖော်ဝါရီလ ၅၊ ၂၀၂၃


တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနဲ့ NUG တို့ရဲ့ ဆက်ဆံရေးက စစ်ကောင်စီကို အနိုင်ယူဖို့ အဓိကသော့ချက်လား 

စစ်တပ်အာဏာသိမ်းမှု ၂ နှစ်ပြည့်လာသည့် ကာလတွင် ယင်း နှစ်နှစ်တာကာလကို ပြန်လည် သုံးသပ် အကဲဖြတ်ကြသည့် သတင်းဆောင်းပါးများ၊ အာဘော်အမြင် သုံးသပ်ချက်များ၊ သုတေသီများဖြင့်စုဖွဲ့ထားသည့် Think Tank အဖွဲ့တချို့၏ အစီရင်ခံစာများ အမျိုးအစားများစွာ ထွက်ပေါ်လာကြသည်။ အခုလို ပြန်သုံးသပ်ကြသည့် အစီရင်ခံစာ အာဘော်အမြင်၊ သုံးသပ်ချက်များတွင် အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင် ဖြုတ်ချရေး ရည်မှန်းချက်အောင်မြင်ဖို့ အတွက်ဆိုလျင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို အားလုံးပါနိုင်သမျှ ပါအောင်စည်းရုံးနိုင်ဖို့က အဓိကကျသည့် အချက်ဟု ညွှန်းဆိုထားကြသည်။ Professional နိုင်ငံတကာ Think Tank ကြီးတခု၏ အစီရင်ခံစာတွင် ကိုးကားထားသည့် မြန်မာနိုင်ငံရှိ ပြည်တွင်း လက်နက်ကိုင် အဖွဲ့များ၏ အင်အားနှင့် မဟာမိတ် အနေအထားကို ဖော်ပြထားရာတွင် စစ်ကောင်စီစစ်တပ်၏ တိုက်ခိုက်နိုင်သည့် စစ်တပ်၊ရဲ၊ နယ်ခြားစောင့် တပ် အပါအဝင် လူအင်အားကို ၁ သိန်း ၈ သောင်းခန့် ခန့်မှန်းထားကာ ၊ ၄င်းနှင့် မဟာမိတ်ဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့၏ အင်အားကို ၁ သောင်းခန့်ခန့်မှန်းထားသည်။ ဆန့်ကျင်ဘက် NUG ဘက်တွင် ၄င်းတို့နှင့် မဟာမိတ် ဖွဲ့ကာ စစ်ကောင်စီကို တိုက်ခိုက်နေသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်အင်အားကို ၄ သောင်းခန့်မှန်းထားပြီး စစ်အာဏာသိမ်းပြီးနောက်မှ အသစ်ဖွဲ့စည်းလာကြသည့် PDF, LDF စသည့်အင်အားကို ၁ သိန်းဟု ခန့်မှန်း ဖော်ပြထားသည်။ 

ယင်း အင်အားဖော်ပြမှုကို ကြည့်လျှင် စစ်ကောင်စီ တပ်အင်အားနှင့် တဖက်တွင် NUG/PDF အင်အား အပေါင်း လက်တွဲတိုက်ခိုက်နေသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့၏ အင်အားမှာ မျှခြေသဘောရှိသည်ကို တွေ့ရသည်။ စစ်ကောင်စီဘက်က နိုင်ငံ၏ မြေပြန့် ဒေသများ သယ်ယူပို့ဆောင်ရေး၊ ကုန်စည်ဖလှယ်ရာ အချက်အချာ မြို့များ၊ မြစ်ကြောင်းသွားလာရေး၏ အချက်အချာ နေရာများကို ထိန်းချုပ်ထားကာ စစ်၊ ရဲ နှင့် လက်နက်ကိုင် အင်အားစုအားလုံးကို အမိန့်ပေးမှု တခုထဲအောက် ရှိနေသည့်အနေအထားဖြစ်ပြီး NUG နှင့် လက်တွဲတိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ NUG ၏ နိုင်ငံရေးအရ ခေါင်းဆောင်မှုအောက်က လက်နက်ကိုင် အဖွဲ့များဘက်တွင် အမိန့်ပေးစနစ် တခုထဲအောက်တွင် မရှိနေသည့်အချက်ကိုလည်း သတိပြုမိစေသည်။ 

အင်အားမျှခြေရှိသည့် အနေအထားတွင် အမိန့်ပေးစနစ်တခုထဲအောက်၊ မဟာဗျူဟာ တခုထည်းဖြင့် လှုပ်ရှားနိုင်ဖို့ရာ နိုင်ငံရေးအရ စည်းရုံးမှုလိုအပ်လိမ့်မည်ဟု ခန့်မှန်းရသည်။ ထို့ပြင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ နောက်ပိုင်းပေါ်ထွက်လာသည့် PDF လက်နက်ကိုင် အဖွဲ့များတွင် လက်နက်အင်အား အပြည့်အဝမရှိသေးသည့် အခြေအနေ၊ ခဲယမ်း၊ စစ်ပွဲကြီးတိုက်ခိုက်နိုင်သည့် ယန္တရား၊ ဗျူဟာမြောက်လက်နက် စသည့် လိုအပ်ချက်တွေ ရှိနေသည့် အနေအထားကို ထင်ရှားစွာတွေ့မြင် ရမည် ဖြစ်သည်။ 

ထို့ပြင် NUG/ PDF အနေဖြင့် အခုလက်ရှိ လက်နက်ကိုင် အင်အားကို စစ်ကောင်စီထက်ပိုမို သာလွန်စေဖို့ နည်းလမ်း၊ တိုက်ခိုက်မှု အတွေ့အကြုံ ရှိပြီး လေ့ကျင့်ပြီး လက်နက်ကိုင်အင်အား ထောင်သောင်းချီ တိုးလာဖို့ အချက်အနေနှင့်ဆိုလျင် PDF အဖွဲ့ဝင်များ ထပ်မံစည်းရုံးသည်ထက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ကို ထပ်မံစည်းရုံးနိုင်လျှင် တိုက်ပွဲအတွေ့အကြုံရှိပြီးသား လက်နက်တပ်ဆင်ပြီးသား လက်နက်ကိုင် အင်အားတိုးတက်လာမည် ဖြစ်သည်။ ထို့အတွက် နိုင်ငံရေးအရ ၄င်းတို့ လိုလားသည့် မျှော်မှန်းသည့် ရည်မှန်းချက်ပန်းတိုင်နှင့် NUG အစိုးရ၏ ဖက်ဒရယ် ပြည်ထောင်စု ရည်မှန်းချက်တို့ ထပ်တူဖြစ်သည်ဆိုသည်ကို ဆွေးနွေးညှိနှိုင်းနိုင်ဖို့ လိုအပ်မည် ဖြစ်သည်။ 

ထိုအချက်က လက်ရှိ စစ်ရေးချိန်ခွင်လျှာကို အပြောင်းအလဲ ဖြစ်စေနိုင်သည့် နည်းလမ်းတခု ဖြစ်သည်။ သို့မဟုတ်ပါက NUG အနေဖြင့် လက်ရှိ လက်တွဲတိုက်ခိုက်နေသည့် မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားကာ PDF အင်အားကို ထပ်မံတိုးပွားလာအောင် ကြိုးပမ်းရမည် ဖြစ်သည်။ နယ်မြေအရ မြန်မာလူမျိုး အများစုနေထိုင်ကြသည့် ဒေသများဖြစ်သည့် မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူးတိုင်း တို့ကိုအားပြုရမည့် သဘောလည်း ဖြစ်သည်။ 

ပြီးခဲ့သည့် ၂ နှစ်တာကို ပြန်သုံးသပ်ကြည့်ကာ နောက်လာမည့် ၂ နှစ်တာတွင် စစ်ရေးအရ အောင်မြင်ဖို့လိုအပ်ချက်များတွင် ငွေကြေး တခုတည်းမဟုတ်ဘဲ နိုင်ငံရေး သဘောတူညီမှု၊ စည်းရုံးရေး စွမ်းဆောင်ရည်၊ လက်ရှိလက်နက်ကိုင် အင်အားစုတွေကို စုစည်းနိုင်မှုတို့က အောင်မြင်ဖို့အတွက် သော့ချက်ကျသည့်အရာများ ဖြစ်လိမ့်မည် ဟုယူဆရသည်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar