Breaking News

မန္တလေးမြို့ ပတ်စ်ပို့ရုံးလူအုပ်ပြိုပြီး ၂ ဦးသေဆုံး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က လည်း စစ်မှုထမ်းအမိန့် ထုတ်ပြန်၊

မန္တလေးမြို့ ပတ်စ်ပို့ရုံးလူအုပ်ပြိုပြီး ၂ ဦးသေဆုံး၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ကလည်း စစ်မှုထမ်းအမိန့်ထုတ်ပြန် ...
မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၁၉ မြင်ကွင်း
(မိုးမခ) ဖေဖော်ဝါရီ ၂၀၊ ၂၀၂၄

ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့နံနက်လင်းတာနဲ့ မန္တလေးမြို့ နိုင်ငံကူးလက်မှတ် (Passport) ထုတ်ပေးတဲ့ရုံးမှာ လူအုပ်ပြိုပြီး အမျိုးသမီး ၂ ဦးသေဆုံးခဲ့ရတဲ့ သတင်းတွေ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတာ ဖတ်ရှုရပါတယ်။ ပတ်စ်ပို့စာအုပ်ထုတ်ပေးတဲ့ ရုံးတွေမှာ လူအုပ်ထောင်နဲ့ချီတဲ့ အဖြစ်အပျက်တွေက စစ်အာဏာသိမ်းပြီးနောက် တောက် လျှောက်ဆိုသလို ရန်ကုန်မြို့မှာ ကြားသိနေရတာ ဖြစ်ပေမယ့် အခုလို လူအုပ်ပြိုပြီး အသက်ဆုံးရှုံးရတဲ့ အဖြစ်မျိုး မရှိခဲ့ပါဘူး။

ကိုဗစ်ကပ်ဘေးကာလမှာ အတန်ကြာ ပိတ်ထားခဲ့တဲ့ ပတ်စ်ပို့ ဝန်ဆောင်မှုနဲ့ ခရီးသွားလာဖို့ ကန့်သတ်ချက်တွေကြောင့် ကပ်ဘေးဖြေလျော့မှုတွေနဲ့ နိုင်ငံရေး စီးပွားရေး အကြပ်အတည်းတွေရဲ့ အကျိုးဆက် လက္ခဏာတရပ်က ၂၀၂၂ တနှစ်လုံး ရန်ကုန်မြို့ရဲ့ ပတ်စ်ပို့ရုံးမှာ နေ့စဥ် လူရာထောင်ချီ တန်းစီတဲ့ ဖြစ်စဥ်က လနဲ့နှစ်နဲ့ချီ ဖြစ်ပွားခဲ့တာပါ။ တဖန် ၂၀၂၂ အကုန်နဲ့ ၂၀၂၃ အစမှာ ပတ်စ်ပို့ထုတ်ပေးမှုယာယီရပ်ဆိုင်းတဲ့ ကြေညာချက်ထွက်ပေါ်လာပြီး လအနည်းငယ်အကြာ ပြန်ဖွင့်တဲ့အခါမှာလည်း လူအုပ်နဲ့ တန်းစီကြရတဲ့ အခြေအနေက ဆက်လက် ဖြစ်ပေါ်နေခဲ့တာဖြစ်ပါတယ်။

ညမထွက်ရ အမိန့်ထုတ်ထားတဲ့ အကြားမှာ နံနက် ၄ နာရီထိုးတာနဲ့ ရှေ့ဆုံးက တန်းစီနိုင်ဖို့ ပတ်စ်ပို့ရုံးနဲ့နီးတဲ့ ဂွတ္တလစ် ရပ်ကွက်မှာ လူတယောက်အိပ်နိုင်ရုံ နေရာအတွက် ဘယ်လောက်ဆိုတဲ့ သဘောမျိုးနဲ့ ညအိပ်လက်ခံတဲ့ အိမ်တွေလည်း ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ မိုးမလင်းခင်ကတည်းက လူရာဂဏန်း ထောင်ဂဏန်းအထိ စည်ကားနေတဲ့ အဖြစ်က မြန်မာနိုင်ငံရဲ့ ပုံရိပ်တခုလိုဖြစ်နေခဲ့တာပါ။ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးကုန်တာ၊ လက်နက်ကိုင် တိုက်ခိုက်မှုတွေ တနိုင်ငံလုံး အနှံ့ဖြစ်ပွားနေတာကြောင့် စစ်ကောင်စီ တပ်တွေ စစ်ကြောင်းထိုးတဲ့အခါ လူငယ်နဲ့ လူလတ်ပိုင်း အမျိုးသားတွေကို ကျေးရွာတွေမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးသတ်ဖြတ်တာတွေ ဖြစ်ပွားလေ့ရှိလို့ ပြည်ပမှာ အလုပ်အကိုင်ဖို့ ဖိအားပေးသလို ဖြစ်ခဲ့ပြီး တရားဝင်ရော တရားမဝင် နည်းအမျိုးမျိုးနဲ့ ပြည်ပထွက် အလုပ်လုပ်ဖို့ ကြိုးစားကြတာ နှစ်နဲ့ချီရှိနေပြီဖြစ်ပါတယ်။

ပြည်ပကို ထွက်ပြီး အလုပ်လုပ်ကိုင်ကြတဲ့ ဖြစ်စဥ်အပေါ် နောက်ဆုံး ထပ်မံထိုးနှက်လိုက်တဲ့ ဂယက်က စစ်မှုမထမ်းမနေရ ဥပဒေ အသက်သွင်းခြင်းဖြစ်ပါတယ်။ ဖေဖေါ်ဝါရီ ၁၀ ရက်နေ့ နေ့စွဲနဲ့ကြေညာချက် ထွက်ပေါ်လာပြီးနောက် သွားလို့လွယ်ကူတဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကို ထွက်ခွာဖို့ ကြိုးစားသူတွေ နေ့ချင်း ညချင်း မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ပတ်စ်ပို့နဲ့ တရားဝင်ဗီဇာနဲ့ သာမက နယ်စပ်ကို ဖြတ်ကျော်ပြီး တရားမဝင်ခိုးဝင်တာတွေလည်း ရုတ်တရက် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

မန္တလေးမြို့က ပတ်စ်ပို့ရုံးမှာ လူအုပ်ပြိုတဲ့ အဖြစ်အပျက်ဖြစ်လာတော့မှ နေ့စဥ် ပတ်စ်ပို့ရုံးမှာ လူထောင်ချီပြီး တန်းစီနေရတဲ့ အဖြစ်အပျက်ကို ပြန်လည်အာရုံစိုက်မိစေပြီး စစ်မှုမထမ်းမနေရ ဥပဒေ အသက်သွင်းကာ ဆင့် ခေါ်ခံရမယ့်အရေးကလွတ်မြောက်ဖို့ ဘယ်လောက်ထိကြိုးစားနေကြသလဲဆိုတာ သက်သေခံတဲ့ အဖြစ် အပျက်တခုလို့ဆိုရင် မှားမယ် မထင်ပါဘူး။ အခု အဖြစ်အပျက်ဖြစ်ပွားချိန်က နံနက် ၂ နာရီခွဲကျော်ကျော် ဖြစ်ပြီး ညမထွက်ရ အမိန့်အရ ည ၁၂ နာရီသန်းခေါင်နဲ့ နံနက် ၄ နာရီအကြား ညအိပ်စောင့်ကြတဲ့အချိန်အတွင်းမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး အချို့ကတော့ တန်းစီပြီးနေရာရောင်းစားကြတဲ့ သူတွေရှိနေတဲ့အကြောင်းနဲ့ အဲဒီလို တန်းစီနေရာရောင်းတဲ့ သူတွေကြောင့်လို့လည်း အပြစ်တင်ကြတဲ့ သဘောတွေ မြင်တွေ့ရပါတယ်။ တန်းစီနေရာရောင်းချကြတာ မြန်မာနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းရှားပါးခြင်းက အကြောင်းခံတာ ဖြစ်ပါတယ်။ နိုင်ငံကူးလက်မှတ်တန်းစီရာမှာလည်း ညသန်းခေါင်ကတည်းက တန်းစီပြီးနံနက်မိုးလင်းခါနီးမှ လာရောက်မယ့်သူတွေကို ရောင်းစားခြင်းဖြင့် တနေ့စာ လုပ်အားခရှာဖွေကြရတဲ့ အနေအထားမျိုးလို့ ဆိုရမှာဖြစ်ပါတယ်။

ပတ်စ်ပို့ရဖို့ကြိုးစားပြီး ပြည်ပမှာ အလုပ်ရှာဖွေလုပ်ကိုင်မယ့်သူ၊ ငွေကြေးတတ်နိုင်တဲ့ မိသားစုတွေအဖို့ သား သမီးကို ပြည်ပမှာ ကျောင်းတက်စေပြီး စစ်မှုမထမ်းမနေရ ဥပဒေရန်ကို ရှောင်တိမ်းဖို့ ကြိုးစားသူတွေ နိုင်ငံအနှံ့ အများအပြားပေါ်ထွက်လာနေတာ ဖြစ်ပါတယ်။ အွန်လိုင်းမှာ အလုပ်ရှာပေးမယ် ၊ ကျောင်းအပ်ပေးမယ်ဆိုတဲ့ ကြော်ငြာတွေ ပလူပျံနေပြီး အများစုက ပွဲစားသဘောမျိုးအသွင်နဲ့ မိဘနဲ့ သားသမီးများဆီက ငွေကို လိမ်ညာရယူမယ့် အုပ်စုတွေဖြစ်နေတာကို တွေ့ရပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေ ထိန်း ချုပ်ထားတဲ့ နယ်မြေကလွဲရင် နိုင်ငံတောင်ဖက်ပိုင်း တနင်္သာရီတိုင်းကနေ မြောက်ဖက် ကချင်ပြည်နယ်အထိ ဒေသအများအပြားမှာ စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ အမိန့်က ရိုက်ခတ်မှုရှိနေတာ ဖြစ်ပါတယ်။ နိုင်ငံတွင်းကနေ အချိန်ကာလအကန့်အသတ်တခုအထိ တိမ်းရှောင်နေပြီး စစ်ကောင်စီဘက်က စစ်မှုထမ်းရမယ့် အခြေ အနေကနေ လွတ်မြောက်ဖို့ ကြိုးစားကြတာ ဖြစ်ပါတယ်။ နောက်တချက်က စစ်ကောင်စီရဲ့ သက်တမ်းက နောင်နှစ်နဲ့ ချီပြီး မကျန်တော့ဘူးလို့ ယုံကြည်မှုလည်း ရှိနေကြတာကြောင့် အခုလိုအခြေအနေမျိုးကို ကျော်ဖြတ်ဖို့ နည်းလမ်းရှာကြတဲ့ သဘောလည်း ဖြစ်ပါတယ်။

မြန်မာစစ်ကောင်စီကသာ စစ်မှုမထမ်းမနေရ ဥပဒေ အသက်ဝင်ကြောင်း ကြေညာတာမကပဲ ရှမ်းပြည်နယ်တောင်ပိုင်း၊ အလယ်ပိုင်းနဲ့ မြောက်ပိုင်းရဲ့ နေရာအချို့မှာပါ လှုပ်ရှားနေတဲ့ လှုပ်ရှားခဲ့တဲ့ RCSS/SSA “ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော်”က လည်း စစ်မှုမထမ်းမနေရ အမိန့်ကို အများသိရှိစေရန် ပြန်လည်ထုတ်ပြန်လာတယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။ RCSS အနေနဲ့ RCSS ရဲ့ နကိုကတည်းက ရှိရင်းစွဲဖြစ်တယ်ဆိုတဲ့ “စစ်မှုထမ်းမူဝါဒနှင့် မြေယာမူဝါဒ”ကို ဖေဖေါ်ဝါရီ ၁၉ ရက်နေ့နေ့စွဲနဲ့ အများသိအောင်ထပ်မံ နှိုးဆော်ခဲ့တာလို့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။ အဲဒီမူဝါဒအရ ရှမ်းပြည်နယ်မှာ နေထိုင်သူ ဘယ်တိုင်းရင်းသားမဆိုအကျုံးဝင်တယ်လို့ ဆိုထားပြီး ကျားမ အားလုံး အသက် ၁၈ ကနေ ၄၅ နှစ်အထိ ၆ နှစ် စစ်မှုထမ်းဖို့ပါရှိတယ်လို့ ဆိုပါတယ်။ စစ်မှုမထမ်းပဲ မိသားစုအလိုက် ပြည်ပသို့ ထွက်ပြေးတိမ်း ရှောင်တဲ့သူတွေရဲ့ ပိုင်ဆိုင်မှုရှိရင် သိမ်းဆည်းခံရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက်မှာနေထိုင်နေကြတဲ့ဒေသတွေက လူထုအနေနဲ့တော့ စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဥပဒေကိုဂရုစိုက်ဖို့ လိုအပ်မှာမဟုတ်ပဲ နဂိုကတည်းကရှိနှင့်ပြီးဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အလိုက် ချမှတ်ထားတဲ့ မူဝါဒ၊ အမိန့်တွေအရ စစ်မှုမထမ်းမနေရ ဥပဒေတွေနဲ့ ရင်းနှီကျွမ်းဝင်ပြီး ဖြစ်တယ်လို့ဆိုရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဒေသအများအပြားမှာ စစ်ပွဲတွေနေရာအနှံ့ဖြစ်ပွားနေချိန်မှာ စစ်ကောင်စီနဲ့တိုက်ခိုက်ခြင်းမရှိသေးတဲ့ ရှမ်းလက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့အနေနဲ့ စစ်မှုမထမ်းမနေရ အမိန့်တွေ၊ မူဝါဒတွေကို ဆက်လက်ဖော်ဆောင်ဖို့ ၊ လူထုအနေနဲ့လိုက်နာအောင် ဖိဖိစီးစီးလုပ်ဆောင်ပြီး သူတို့အင်အားကို ဖြည့်တင်းလာတယ်လို့ ဆိုနိုင်ပါတယ်။ မိမိတို့စစ်အင်အားသာရင် မိမိအလိုရှိတဲ့နယ်မြေကို စိုးမိုးနိုင်မှုနဲ့ အုပ်စုဖွဲ့ပြီး နယ်မြေတွင်းအာဏာကို ရယူထားနိုင်ဖို့ လက်တွေ့ ဖြစ်ရပ်တွေအရ သင်ခန်းစာယူထား ပြင်ဆင်ထားတဲ့ သဘောလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar