Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဩဂုတ် ၁၆ မြင်ကွင်း


မြန်မာနွေဦး ခရိုနီကယ် - ဩဂုတ် ၁၆ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၁၇၊ ၂၀၂၂


စစ်အာဏာသိမ်းပြီးနောက် ကုလ အထူးကိုယ်စားလှယ်ရဲ့ ပထမဆုံးခရီးစဥ် ၊ နိုင်ငံရေး အကျပ်အတည်းကြားက ရေဘေးဒုက္ခရောက်ကြဦးမယ့် ဒေသတွေ 

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တာဝန်ပေးအပ်ထားတဲ့ စင်္ကာပူနိုင်ငံသူ ဒေါက်တာ နိုလင်းဟေဇာ သြဂုတ်လ ၁၆ ရက်နေ့မှာ ရန်ကုန်ရောက်ရှိလာပြီး မြန်မာစစ်ကောင်စီခေါင်းဆောင်နဲ့ သြဂုတ် ၁၇ က်နေ့မှာ တွေ့ဆုံဖို့ရှိပါတယ်။ စစ်ခေါင်းဆောင်တင်မကပဲ သက်ဆိုင်သူ အားလုံးနဲ့တွေ့ဆုံမယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်မှာဖေါ်ပြထားတယ်လို့ဆိုပါတယ်။ 

ဒီလို ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်တာဝန်ဟာ စစ်အာဏာမသိမ်းမီကတည်းက ရှိပြီးဖြစ်ပါတယ်။ အာဏာမသိမ်းမီက ခရစ်စတင်းဘာဂူနာဖြစ်ပြီး အာဏာသိမ်းပြီး လအတန်ကြာအထိ ၄င်းကပဲ ဆက်လက်တာဝန်ယူခဲ့ပြီး မြန်မာစစ်ခေါင်းဆောင် ဒု-ချုပ် စိုးဝင်းနဲ့ အွန်လိုင်းက ဆက်သွယ် ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့် ရလဒ်အားဖြင့်တော့ ထူးထူးခြားခြား မရှိခဲ့ပါဘူး။ အဲဒီနောက် အခုလက်ရှိ အထူးကိုယ်စားလှယ်ဖြစ်တဲ့ စင်္ကာပူနိုင်ငံသူ ဒေါက်တာ နိုလင်းဟေဇာ တာဝန်ယူခဲ့တာဖြစ်ပြီး ခုလို စစ်အာဏာသိမ်းပြီးနောက် လူကိုယ်တိုင် လာရောက်တဲ့ ပထမဆုံးခရီးစဥ် ဖြစ်လာခဲ့တာပါ။ 

ဒီခရီးစဥ်က ဘယ်လို ရလဒ်တွေ ထွက်ပေါ်လာမယ် မသိရသေးသော်လည်း အာဆီယံရဲ့ သဘောတူညီမူ ၅ ချက်ပေါ် အခြေခံမှာလား အခြားသော အချက်တွေကို ဆွေးနွေးမှာလားတော့ မသိနိုင်သေးပါဘူး။ ကုလသမဂ္ဂရဲ့ ရပ်တည်မှုအရတော့ လူသားချင်းစာနာမှု အကူအညီကိစ္စတွေ အပေါ် အခြေခံဆွေးနွေးမယ့် အလားအလာများမယ်လို့ ယူဆရပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကြပ်အတည်းက ဒေသတွင်းနိုင်ငံတွေ ကိုပါရိုက်ခတ်လာနိုင်ခြေလည်း ရှိပြီး ခုလက်ရှိမှာတင် တရားဝင်ရော တရားမဝင်ပါ သွားရောက်ကြတဲ့ ရွှေ့ပြောင်းဒုက္ခသည်ပြဿနာက ထိုင်းနိုင်ငံက ကိုင်တွယ် ဖြေရှင်းနေရတာ ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေး ပြဿနာရဲ့ ဂယက်ရိုက်ခတ်မှုကြောင့် ဆိုးကျိုးရော အခွင့်အလမ်းပါ ထိုင်းနိုင်ငံအနေနဲ့ ခံစားရတာ ဖြစ်ပြီးမြန်မာနိုင်ငံက အတိုက်အခံတွေ အဖို့ ထိုင်းနိုင်ငံရဲ့ အတိုင်းအတာတခုထိ လက်ခံထားမှုကြောင့် စစ်ကောင်စီရဲ့ ဖိနှိပ်မှု ချေမှုန်းမှုကနေ တိမ်းရှောင်စရာ နေရာတခု အဖြစ် သွားရောက်နိုင်သေးတာ ဖြစ်ပါတယ်။ 

ကုလ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဥ်မှာ စစ်ကောင်စီအနေနဲ့တော့ ထူးထူးခြားခြား အလျော့ပေးတာမျိုး မမြင်မိပဲ ၄င်းတို့ရဲ့ ရပ်တည်ချက်ကိုသာ ထပ်ပြီးပြောဆိုဖို့ အလားအလာများပါတယ်။  အခုလိုလာခွင့်ပြုလိုက်တာကိုပဲ စစ်ကောင်စီဘက်က လိုက်လျောမှု တခုသဖွယ် နိုင်ငံတကာသံတမန်နယ်ပယ်မှာ ဝါဒဖြန့်ဖို့ ရည်ရွယ်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

ဒီနေ့အဖို့ ဒုတိယအကြောင်းအရာ တခုကတော့ ရာသီဥတုပြောင်းလဲခြင်းရဲ့ အကျိုးဆက်တွေဖြစ်တဲ့ မိုးကြီး ရေလျှံပြီး နေအိမ်တွေ ရေမြုပ်တာ၊ စိုက်ပျိုးရေး သီးနှံတွေ ပျက်စီးတာ အချို့သော နေရာတွေမှာ ရေနဲ့ မျောပါပြီး အသက်ဆုံးရှုံးတာတွေ သစ်ပင်ပြိုလဲပြီး အသက်ဆုံးရှုံးတာတွေ ဖြစ်ပွားတဲ့ သတင်းတွေ ဖြစ်ပါတယ်။ ပုံမှန် မုတ်သုန်ရာသီမှာ မုန်တိုင်း၊ လေဖိအားနည်းရပ်ဝန်းစတာတွေကြောင့် မိုးသည်းထန်ပြီး ဇူလိုင်နဲ့ သြဂုတ်လလယ်တွေလောက်ထိ မိုးရေကြီးတာ၊ မြစ်ရေကြီးတာတွေ ဖြစ်နေကျ ဆိုပေမယ့်လည်း ခုနှစ်ပိုင်းတွေမှာ နှစ်စဥ်လိုလို ဖြစ်လာနေတာတွေ့ရပါတယ်။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု သစ်တောပြုန်းတီးမှုတွေ ၊ မြစ်ချောင်းတိမ်ကောမှုတွေက မြစ်ရေကြီးဖို့ ရေကြီးဖို့ အကြောင်းပေါင်းဆုံစေတာ ဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းပြီး တနှစ်ကျော်ကာလအတွင်း တရားဥပဒေစိုးမိုးမှု ပိုမိုပျက်စီးလာကာ အရင်က ထိန်းသိမ်းနိုင်တဲ့ ဧရိယာဒေသတွေမှာတောင် သစ်ခိုးထုတ်မှု၊ ရွှေတူးတာ၊ ကျောက်မျက်တွေ အလွန်အကျွံတူးတာတွေ သတင်းတွေထဲ တွေ့နေရ ဖတ်နေရတာ ဖြစ်ပါတယ်။ ဒီတနှစ်ကျော်ကာလ ပျက်စီးမှုက ဆယ်စုနှစ် တစုစာလောက် ထိန်းသိမ်းခဲ့တာတွေ အဟောသိကံဖြစ်သွားရလောက်တဲ့ သဘောလည်း တွေ့နေရပါတယ်။ ကျောက်မျက် သယံဇာတ၊ သစ်တော၊ ရွှေတူးမှုတွေက စီးပွားရေးကြပ်တည်းတဲ့ အကြောင်းက အဓိက မဟုတ်ပဲ တရားဥပဒေ စိုးမိုးမှုမရှိတော့တာ အာဏာရှိသူတွေကို လာဘ်ငွေပေးပြီး လုပ်ချင်တာ လုပ်ခွင့်ရတာတွေက အဓိကအကြောင်းရင်း ဖြစ်ပါတယ်။ ဒီအကျိုးဆက်တွေကို အခု လတ်တလော သဘာဝဘေးအန္တရာယ် ကျရောက်မှုပိုကြီးမားလာတာ အပြင် နောက်လာမယ့်အနာဂတ်မှာ အကျိုးဆက်တွေ ကြုံကြရဦးမယ့် အလားအလာလည်း ရှိပါတယ်။ 

အခြားသော အချက်တချက်က ခုလို သဘာဝဘေးအန္တရာယ်နဲ့ ကြုံတွေ့ရချိန်မှာ အုပ်ချုပ်တဲ့ အစိုးရက လူထု အများစုနဲ့ ရန်ဘက်လို ဖြစ်နေတာကြောင့် ရော ၊ လုံခြုံရေးအကြောင်းက အဓိကဦးစားပေးဖြစ်နေတာကြောင့်ပါ ကြိုတင်ကာကွယ်ရေးနဲ့ ကယ်ဆယ်ရေးတွေ ကောင်းကောင်း လုပ်နိုင်မှာမဟုတ်ပဲ ရပ်ရွာ လူမှုအသိုက်အဝိုင်းက မိမိတို့အချင်းချင်းသာ ကူညီကယ်ဆယ်ရမယ့် အနေအထားမျိုးဖြစ်လာနေတာပါ။ 

သဘာဝဘေးအန္တရာယ်ကျရောက်ချိန်မှ စစ်တပ်လို ရဲလို အဖွဲ့အစည်းတွေက ပေးမယ့်အကူအညီမျိုးကို လူထုကလည်း မယူလိုကြပဲ ၄င်းတို့ကလည်း လူထုကို ကူညီဖို့ထက် အာဏာကို ကာကွယ်ဖို့ကိုသာ ပိုမိုအလေးထား လုပ်ဆောင်နေကြတာ ကြောင့် လူထုအဖို့ သဘာဝဘေးအန္တရာယ် ဒဏ်ကို ကျောကော့အောင် ရင်ဆိုင် ခံစားကြရတော့မယ့် အခြေအနေမျိုးဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar