Breaking News

အောင်ဝေး - ဝါနီပြာဋီကာ

ဝါ နီ ပြာ ဋီကာ
အောင်ဝေး
(မိုးမခ) ဖေဖော်ဝါရီ ၂၁၊ ၂၀၂၄

မြန်မာပြည်မှာ
မင်းအောင်လှိုင်
စစ်မှုထမ်းဥပဒေကြေညာပြီးနောက်။

ဓနီးပါးမြစ်ကမ်းပါး
ကိုင်းတောမြင့်မြင့်များ
လူသွားလမ်းကလေးတလျှောက်
အဘိုးအိုကြီးနှစ်ယောက်။

ဂရိတ်ကုတ်အင်္ကျီထူထူထဲဝတ်လို့
မဟာအဘိုးအိုနှစ်ယောက်
လမ်းလျှောက်လာတယ်။

တစ်ယောက်က
ယူကရိန်းသားကြီးအာရင်ဘတ်
နောက်တစ်ယောက်က
မြန်မာပြည်သားကြီးမြသန်းတင့်။

နှင်းလေအပင့်မှာ
ကိုင်းပင်မြင့်မြင့်မိုးမိုးတွေ
တရှဲရှဲယိမ်းထိုးလွင့်သွား။

မြသန်းတင့်ကမေးတယ်
"ပူတင်ရဲ့အကျဥ်းထောင်ထဲမှာ
အတိုက်အခံခေါင်းဆောင်
အလက်ဇီနဗာနီသေဆုံးသွားတာ
ခင်ဗျားဘယ်လိုမြင်လဲ
မစ္စတာအာရင်ဘတ်"
"အဲဒါနောက်မှပြောတာပေါ့ဗျာ
အခုအရင်
နေပြည်တော်အကျဥ်းထောင်ထဲက
ဒေါ်အောင်ဆန်းစုကြည်ရဲ့
အသက်အန္တရာယ်
စိုးရိမ်နေရပြီလို့
ခင်ဗျားမထင်မိဘူးလား
မစ္စတာမြသန်းတင့်"
အာရင်ဘတ်က
ကုတ်အင်္ကျီပခုံးပေါ်ကျလာတဲ့
နှင်းဖတ်မှုန်တွေကို
လက်နဲ့အသာသပ်ချလိုက်တယ်။

ကိယက်ဗ်မြို့ကြီးက
ညမီးမှိန်မှိန်တွေထွန်းစပြုပြီ။

မော်စကိုက
ဂေါ်ကီလမ်းမပေါ်မှာ
အစိုးရဆန့်ကျင်ရေးအင်အားစုတွေ
နဗာနီသေဆုံးမှုနဲ့ပတ်သက်ပြီး
ပူတင်ကိုစွဲချက်တင်ဆန္ဒပြနေ။

ရန်ကုန်မြို့ကြီးခမျာ
အိပ်မှုန်စုံမွှားထလာ
သူ့ကိုယ်မှာအတွင်းခံဘောင်းဘီပါမပါ
ငုံ့ကြည့်နေရဲ့။

ခက်တာပဲ
ရန်ကုန်မြို့ကကောင်မလေးတွေ
သူတို့အချင်းချင်း
ဘာတွေပြောနေကြတာလဲ။

"နင်တို့
စစ်မှုထမ်းဥပဒေနဲ့စစ်ထဲလိုက်ရင်
အတွင်းခံဘောင်းဘီအဖြူရောင်
ဝတ်လာနော်
ဒါမှအခြေအနေမဟန်ရင်
အလံဖြူထောင်ဖို့အသုံးတည့်မှာ"တဲ့
Dirty ပဲ။

ကိယက်ဗ်မြို့လယ်က
ပန်းခြံတစ်ခုကိုရောက်တော့
အဘိုးအိုနှစ်ယောက်
ခုံတန်းလျားတစ်ခုမှာဝင်ထိုင်လိုက်ကြတယ်။

ယူကရိန်းက
ရုရှားကျူးကျော်စစ်ကိုခုခံနေရတယ်
ပြည်ပရန်ကိုတွန်းလှန်နေရတယ်။

မြန်မာပြည်မှာ
စစ်အာဏာရှင်စနစ်ကိုခုခံနေရ
ဖက်ဆစ်တပ်ကိုတွန်းလှန်နေရ။

ဘယ်ငှက်မှ
ဓနီးပါးမြစ်ကြီးကိုဖြတ်ပြီးမပျံနိုင်ဘူး။

ဓနီးပါးမြစ်ကြီးကျယ်ပြောသလို
ယူကရိန်းပြည်သူတွေရဲ့သောကက
ကျယ်ပြောလှပါရဲ့။

ဒီလိုပါပဲ
ဧရာဝတီမြစ်ကြီးရှည်လျားသလို
မြန်မာပြည်သူတွေရဲ့ဒုက္ခက
ရှည်လျားလှပါတယ်။

ကရင်မလင်ကဒုံးကျည်တွေ
ဝင်မလာဘူးဆိုရင်
ယူကရိန်းရဲ့ကောင်းကင်က
ပြာလွင်နေမှာပါ။

အခု
စစ်မီးလျှံတွေတညီးညီးနဲ့
မြန်မာပြည်ကောင်းကင်ယံ
နီရဲပေကျံနေပါပြီ။

ဘယ်လိုပဲသွေးစွန်းစွန်း
ဘယ်လောက်ပဲသွေးစွန်းစွန်း
ကိယက်ဗ်ကနေကြာပန်းတွေလည်း
ဝါမြဲ
ရန်ကုန်ကပိတောက်ပန်းတွေလည်း
ဝါဆဲ။

ယူကရိန်းဖြစ်ဖြစ်
မြန်မာပြည်ဖြစ်ဖြစ်
ကြားကာလ(စစ်ကာလ)
လူငယ်တွေတော်လှန်ရေးထဲဝင်
စစ်မှုထမ်းကြရဲ့။

စစ်ကြီးပြီးလို့
အသွင်ကူးပြောင်းရေးကာလရောက်ရင်
လူငယ်တွေ
ခေတ်မှုထမ်းကြမယ်။

ငြိမ်းချမ်းတဲ့အခါ
တိုင်းပြည်ပြန်လည်ထူထောင်ဖို့
(ဆုံးရှုံးသွားတဲ့လူသားရင်းမြစ်တွေ
ဖြည့်တင်းဖို့)
လူငယ်တွေ
ချစ်မှုထမ်းကြရဦးမယ်။

လေကြောင်းရန်ကာကွယ်ရေး
အချက်ပေးသံတွေကြားလိုက်တယ်
အဘိုးအိုနှစ်ယောက်
တုတ်ကောက်ကိုယ်စီနဲ့
သမ္မတနန်းတော်ဘက်
ဝင်ရောက်ပျောက်ကွယ်သွားကြပြီ။

နှင်းတွေဖြူဖြူတောထဲမှာ
ဂရိတ်ကုတ်အင်္ကျီထူထူကြီးတွေ။

အဲဒီရက်က
KGB ရဲ့လျှို့ဝှက်ဂြိုဟ်တုက
ပေးပို့တဲ့ပုံအရ
နေပြည်တော်မှာ
မင်းအောင်လှိုင်ကတုတ်ကျင်းတူးနေတာ
ပူတင်မြင်လိုက်ရတယ်။

ကတုတ်ကျင်းလား
သေတွင်းလား။ ။

(၂၊ ၁၈၊ ၂၀၂၄)
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar