Breaking News

သီအိုဇော် - ငြိမ်းချမ်းစွာဆန္ဒပြခြင်းမှတရားမျှတလွတ်လပ်သော အနာဂတ်ဆီသို့ (၂)

              သီအိုဇော် -    ငြိမ်းချမ်းစွာဆန္ဒပြခြင်းမှတရားမျှတလွတ်လပ်သော အနာဂတ်ဆီသို့ (၂)

(မိုးမခ) ဖေဖော်ဝါရီ ၂၈၊ ၂၀၂၁


တကယ်တော့ လက်ရှိလူထုလှုပ်ရှားကြီးဟာ ၆၂ စစ်အာဏာသိမ်း မှု့ကစပြီး ဒီကနေ့အထိ ဖိနှိပ်မှု့ကိုခါးစည်း ခံနေရတဲ့  X မတိုင်ခင် Baby boomers မျိုးဆက် အစ၊ X,Y,Z တို့ အလယ်၊ အရွယ်မရောက်သေးတဲ့ Alpha နဲ့ နှစ်အနည်းအတွင်းမှာ လူ့လောကထဲရောက်လာကြမယ့် Betaလေးတွေအဆုံးအထိ၊ မျိုးဆက်ပေါင်းများစွာ အတွက် များစွာအရေးကြီးလှပါတယ်။ အခုတဖန် ၈၈ အခင်းအကျင်း ကို မသေမသပ် လုပ်ဇာတ်တစ်ခုအနေနဲ့ ပြန် အသက်သွင်း နေတာ မြင်နေရပြန်တယ်။ မြန်မာပြည်သူများကိုယ်တိုင် ထဲထဲဝင်ဝင် ပါဝင်ခဲ့ကြတဲ့ အတွက် ၈၈၈၈ ရဲ့ အတွေ့အကြုံ သင်ခန်းစာယူစရာများကို အထူးတလည် ပြန်ဆွေနွေးရန် မလိုအပ်ဟုယူဆပါတယ်။ သို့သော်နိုင်ငံတကာပညာရှင်များ ရဲ့လေ့လာသုံးသပ်ခဲ့ပုံများကို ၊ထပ်မံသိရှိခြင်းဟာလည်းအကျိုးယုတ်နိုင်မည် မဟုတ်ပါ။ Chenoweth ရဲ့စာအုပ်မှာ  case studies အနေနဲ့ အ‌ရှေ့အလယ်ပိုင်းက အီရန်တော်လှန်ရေး (၁၉၇၇-၇၉) နဲ့ ပါလက်စတိုင်း လူထုအုံကြွမှု့ (၁၉၈၇-၉၂)၊ အရှေ့တောင်အာရှက ဖိလစ်ပိုင် People Power Movement (၁၉၈၃-၈၆) နဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးတော်ပုံ (၁၉၈၈) တို့ကို ရွေးချယ်ထားပါတယ်။ ဒီလှုပ်ရှားမှု့တိုင်း ဟာ လေ့လာစိတ်ဝင်စားစရာ သမိုင်းအဖြစ်အပျက်များဖြစ်ပေမယ့် ဒေသတွင်းက နိုင်ငံရေးအခင်းအကျင်း   နီး စပ်တဲ့ ဖိလစ်ပိုင်လူထုလှုပ်ရှား ကိုသာ အခွင့်သာသလို ဆောင်းပါးထဲ ကောက်နှုတ်ဖေါ်ပြသွားပါမယ်။

၈၈၈၈ အရေးတော်ပုံရဲ့ အားနည်းချက်များ အဖြစ် ပထမအချက်အနေနဲ့ လှုပ်ရှားမှု့ကြီးရဲ့အရှိန်အဟုန်ကို  ရေရှည်ညီညွတ်အားကောင်းစွာ ထိန်းသိမ်းမထားနိုင်မှု့နဲ့ ဗဟိုဦးဆောင်ချုပ်ကိုင်မှု့ကို လျော့နည်းသွားအောင် မဆောင်ရွက်နိုင်ခဲ့မှု့ဆိုပြီး ဖေါ်ပြခဲ့ပါတယ်။ လက်ရှိလှုပ်ရှားမှု့ကတော့ အတော်ကြီးခြားနားနေတာ တွေ့ရပါတယ်။ ခေါင်းဆောင်တွေဖမ်းဆီးခြင်းသည် အဖြေလို့နားလည်သူများ ဒုက္ခဖြစ်နေသည်မှာ မျက်မြင် ပင်။ နယ်ပယ်အလွှာ အသီးသီးကပါဝင်လှုပ်ရှားသူအသီးအသီးဟာ ထိန်းချုပ်မှု့ကင်းစွာ ထိထိရောက်ရောက် ခေါင်းဆောင်နေကြပါတယ်။ ‌ကန့်သတ်မှု့များနှင့် ဒီမိုကရေစီဖြစ်သော်ငြားလည်း ဒီနှစ်အပိုင်းအခြားများမှာ ကျောင်းသား၊အလုပ်သမား၊ လယ်သမားတို့ရဲ့သမဂ္ဂများ၊ လူမှု့အဖွဲ့အစည်းကွန်ယက်များ တရားဝင်ရပ်တည်  လှုပ်ရှားနိုင်လာခြင်းဟာ ယနေ့လှုပ်ရှားမှု့ကြီးကို၊ ၈၈၈၈ အရေးတော်ပုံထက် စည်းစနစ်ကျကျ ထက်ထက်  မြက်မြက်ရှိလာစေခဲ့ပါတယ်။တစ်ချိန်တည်းမှာ CRPH (လွှတ်တော်ကိုယ်စားပြုကော်မတီ)၊ ကိုမင်းကိုနိုင် အစရှိတဲ့ ၈၈၈၈ မျိုးဆက်များ၊ Civil Disobedience Movement တွင်ပါဝင်သူများ၊ Generation Z ၊  NLD နှင့် SNLD အပါအဝင် တိုင်းရင်းသားနှင့်ဒီမိုကရေစီအင်အားစုနိုင်ငံရေးပါတီများ၊ အပြန်အလှန် နားလည်မှု့ တည်ဆောက်ရင်း ဟန်ချက်ညီညီ လက်တွဲဖေါ်ဆောင်  နေကြသည့်အတွက်    ပြည်သူလူထုမှာ ဘုံဦးတည် ချက် လမ်းမလွဲနိုင်တော့။

ဒုတိယအားနည်းချက်အဖြစ် ဘက်ပြောင်းလာမှု့ မရှိခဲ့ခြင်း (loyalty shift) ကိုထောက်ပြပါတယ်။ အောင်မြင်ခဲ့တဲ့ ဖိလစ်ပိုင်လှုပ်ရှားမှု့ မှာဖြစ်ပေါ်ခဲ့တယ်ဆိုတာ ငြင်းလို့မရပါဘူး။ ပြောရမည်ဆိုလျှင် မားကိုစ့် အာဏာလက်လွှတ်ခဲ့ရမည့်ရက်အပိုင်းအခြားတွင်မှ ဖြစ်ပွားခဲ့ခြင်းပါ။ မြန်မာနိုင်ငံတွင် ယနေ့ထက် ထိသိသာထင်ရှားစွာမတွေ့ရသေးသော်လည်း ဘယ်တော့မှမဖြစ်နိုင်ဟုမည်သူမျှအာမမခံနိုင်ပါ။ အထူးသဖြင့်လက်ရှိ ပြောင်းလဲဖြစ်ပေါ်ခဲ့သော ကုလသမဂ္ဂ ဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၏ ရပ်တည်ချက်ကို တွေ့မြင်လာရသည့်အတွက်ပင်။

တတိယ အချက်မှာ လုံလောက်သောနိုင်ငံတကာ၏ဖိအား မရရှိခဲ့ခြင်းပါ။ တံခါးပိတ်ဝါဒဖြင့်နေခဲ့သော မြန်မာ နိုင်ငံ ၏ အနေအထား နှင့် ယနေ့ ကမ္ဘာ့အသိုင်းအဝိုင်းတွင် နီးကပ်စွာဆက်ဆံနေထိုင်နေသည့် အခြေအနေမှာ လုံးဝကွာခြားသွားပြီဖြစ်သည်။ အမေရိကန်အပါအဝင်ဒီမိုကရေစီနိုင်ငံများ၊ ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ တုန့်ပြန်မှု့များသည် ၁၉၈၈အချိန်ကာလထက် ပိုမိုမြန်ဆန်ထိရောက်နေသည်မှာလည်း လက်တွေ့ ပင်။ ဤအပေါင်းလက္ခဏာဆောင်သည့်အချက်များနဲ့ နှိုင်းယှဥ်မရလောက်အောင် တိုးတက်ပြောင်းလဲနေတဲ့  သတင်းပို့ဆက်သွယ်ရေး လမ်းကြောင်းများ ပေါင်းစပ်လိုက်သည့်အခါ၂၀၂၁ လှုပ်ရှားမှု့၏အားသာချက်များကို  ထင်ရှားစွာတွေ့မြင်နိုင်ပါတယ်။

၁၉၈၆ Benigno Aquino လုပ်ကြံမှု့က၊ နှစ်ပေါင်းများစွာကတည်း ကတည်ရှိနေတဲ့ အာဏာရှင်ဆန့်ကျင်ရေး ကို ပိုမိုအရှိန်အဟုန်ကောင်းစေခဲ့ပြီး ဖိလစ်ပိုင်ရဲ့ People Power Movement ကို ပေါက်ဖွားစေခဲ့လို့ မားကိုစ့် အာဏာရှင်စနစ်ဇာတ်သိမ်းခဲ့ရတယ်လို့ သုံးသပ်ခဲ့ကြတယ်။ ထိုနည်းတူစွာပါပဲ၊ စစ်အာဏာရှင်စနစ်ဟာ အနှေး နဲ့အမြန် မြန်မာ့မြေပေါ်ကချုပ်ငြိမ်းသွားမှာသေချာပါတယ်၊ ဘာ့ကြောင့်လည်းဆိုတော့ စစ်ခေါင်းဆောင် တွေဟာ ၁.၂.၂၀၂၁မှာ မြန်မာတစ်နိုင်ငံလုံးကို လုပ်ကြံဖို့ ကြိုးစားခဲ့ကြလို့ပါပဲ။ 


Reference

Chenoweth, E., & Stephan, M. (2011). Why civil resistance works: The strategic logic of nonviolent conflict.  Columbia University Press.


(သီအိုဇော်)