Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၇၀ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၇၀ )

(မိုးမခ) ဖေဖော်ဝါရီ ၂၈၊ ၂၀၂၄

27/2/24

Diary in the darkness 

ထောင်ထွက်သူငယ်ချင်းတစ်ယောက်ရဲ့ သမီး မင်္ဂလာဆောင်ကို ရောက်ဖြစ်တယ်။ မြို့နယ် ဓမ္မာရုံမှာပါ။ သူငယ်ချင်းကတော့ ဆုံးတာ ၆ နှစ်လောက်ရှိပါပြီ။ သတို့သမီးက အသက် လေးဆယ်နီးပါးဖြစ်နေပါပြီ။ ထောင်ထွက် ရဲဘော် ၈ ယောက်လောက် လာကြတယ်။ အားလုံး ခုနစ်ထိပ်စီးတွေဖြစ်ကုန်ကြပါပြီ။ တုန်တုန်ချိချိနဲ့ပါ။ ရဲဘော်အတော်များများကတော့ ကွယ်လွန်ကုန်ကြပါပြီ။ ၇၄ အလုပ်သမားအရေးအခင်းက အလုပ်သမားကြီတွေရဲ့ အခက်အခဲတွေကို ပြောဖြစ်ကြတယ်။ လက်လှမ်းမီသလောက် စောင့်ရှောက်နေကြရပါတယ်။ အချို့ရဲ့ ကျန်းမာရေး ၊ အချို့ကို စားဝတ် နေရေး တတ်နိုင်သလောက်ထောက်ကူကြတာ တွေ့ရပါတယ်။ ပြုစုသူမရှိတဲ့သူတွေကိုတော့ ဘိုး ဘွားရိပ်သာမှာ အပ်နှံဖို့ စုံစမ်းစီစဉ်နေကြပါတယ်။ တခါတရံ နိုင်ငံခြားရောက် ရဲဘော်တွေ ပို့လိုက်တဲ့အထောက်ပံ့တွေကို အိမ်အရောက်သွားပို့ ကြတဲ့အကြောင်း သိရတယ်။ အလုပ်သမားကြီးတွေ တော်လှန်ရေးထဲပါဝင်လာခဲ့ရတာ ဘဝတခုလုံး စွန့်လွှတ်ခဲ့ရတာပါ။ သူတို့က အိမ်ထောင်ဦးစီးဘဝ အနေအထားနဲ့ ပါဝင်ခဲ့ကြသူတွေပါ။ ကျွန်တော်တို့လို ကျောင်းသားမှီခိုဘဝနဲ့ ပါဝင်ခဲ့ကြသူတွေမဟုတ်တော့ တိုက်ပွဲဝင်ရင်း သူတို့ ဘဝတွေ ပျက်ကြ။ ဒါကို လက်တွဲတိုက်ပွဲဝင်ခဲ့ရတဲ့ ရဲဘော်ချင်းသာ ထဲထဲဝင်ဝင် ခံစားနိုင်ကြတာပါ။ ဒါပေမဲ့ ဒီတိုက်ပွဲတွေက မပြီးသေးပါဘူး။ ယနေ့အထိ အရှိန်မြင့်တက်နေဆဲ ဖြစ်ပါတယ်။ 

လက်ရှိ တော်လှန်ရေးမှာ ရှေ့ဆုံးက ပါဝင်ခဲ့တဲ့ လူငယ်တွေလည်း တနေ့ကျရင် ဒီလို အလုပ်သမားတော်လှန်ရေးသမားကြီးတွေလို အိုမင်းမစွမ်းရှိလာကြမှာပါ။ အဲဒီအခါရောက်ရင် အားရှိသူက အားနည်းသူတွေကို (ရဲဘော်အချင်းချင်း) သူတို့လို ကူညီဖေးမရန် ပြင်ဆင်ထားဖို့ လိုမယ်ထင်ပါတယ်။ 

တော်လှန်ရေးထဲမှာ လှေကြုံစီး အချောင်လိုက်သူတွေကတော့ ဒဏ်ရာဗရပွနဲ့ ချည့်နဲ့နေတဲ့ ရဲဘော်ဟောင်းကြီများကို နှိမ်ချပြစ်တင် အထင်သေးစွာဆက်ဆံကြလေ့ရှိတာကို ကိုယ်တွေ့ကြုံရတဲ့အခါ တိုင်း ကြေကွဲရပါတယ်။ 

တော်လှန်ရေးထဲမှာ ရိုးသားသူ၊ စွန့်လွှတ်သူ၊ အနစ်နာခံသူတွေသာ ပါဝင်လာကြတာ မဟုတ်ပါဘူး။ အခွင့်ရေးသမား၊ အကျင့်ပျက်၊ အချောင်သမားတွေလည်း ပါဝင်လာလေ့ရှိပါတယ်။ သူတို့ဟာ အခွင့်ရေးသမား အချောင်သမားပီပီ ထိပ်တန်းနေရာများကို ရယူတဲ့နေရာမှာ ကျွမ်းကျင်လိမ်မာကြပါတယ်။ 

အချောင်သမားတွေ မိမိတို့ဘက်ကို ရောက်လာပြီဆိုရင် တော်လှန်ရေးအောင်တော့မယ်လို့ မှန်းဆလို့ရသလို အချောင်သမားတွေ၊ ကိုယ်ကျင့်သီလ မကောင်းတဲ့သူတွေ၊ စိတ်ထားမကောင်းသူတွေ တော်လှန်ရေး ဦးဆောင်တဲ့ နေရာမှာ ပါလာရင်တော့ တော်လှန်ရေး မုချ ကျဆုံးတော့မယ်လို့ ပြောနိင်ပါတယ်။

အောင်ပွဲနဲ့နီးလေလေ တိုက်ပွဲတွေက သိမ်မွေ့ ပြင်းထန်လာလေလေပါပဲ။

အန်ကယ် တူမီး

27/2/24

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar