Breaking News

ရန်ကုန်-မော်လမြိုင်-ဘားအံ လမ်းက တံတားကျိုး၊ PDF တွေ ကလေးမြို့တက္ကသိုလ်က ကျောင်းသားနဲ့ ဆရာ/ဆရာမတွေ ယာယီထိန်းသိမ်းထား

မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၂၈ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄

ရန်ကုန်-မော်လမြိုင်-ဘားအံ လမ်းက တံတားကျိုး၊ PDF တွေ ကလေးမြို့တက္ကသိုလ်က ကျောင်းသားနဲ့ ဆရာ/ဆရာမတွေ ယာယီထိန်းသိမ်းထား 

ဖေဖော်ဝါရီ ၂၈ ရက်နေ့ အာရုံမတက်ခင် အစောပိုင်းမှာ ရန်ကုန်-မော်လမြိုင် နဲ့ ရန်ကုန်-ဖားအံ ကားလမ်းပေါ် သထုံမြို့နယ် သိမ်ဆိပ်ကျေးရွာထဲမှာရှိတဲ့ ဒေသအခေါ် မိုးကောင်းတံတားလို့ ခေါ်ဆိုတဲ့ ကွန်ကရစ်တံတားကို ပေါက်ကွဲအားပြင်းထန်တဲ့ ယမ်းနဲ့ ဖေါက်ခွဲဖျက်ဆီးခဲ့ပြီး ဘယ်လက်နက်ကိုင် အဖွဲ့က လုပ်ဆောင်သလဲ ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။ သထုံမြို့နယ်က ကေအန်ယူနဲ့ ဒေသခံ ပီဒီအက်ဖ်တွေ လှုပ်ရှားကြတဲ့ ဒေသဖြစ်ပြီး ကေအန်ယူ တပ်မဟာ ၁ နယ်မြေထဲရှိတဲ့ ဒေသလည်း ဖြစ်ပါတယ်။ 

မကြာခဏ စစ်ကောင်စီ ယာဥ်တန်းတွေကို တိုက်ခိုက်တာ၊ မြို့နယ်အတွင်းမှာ ရှိတဲ့ ကျေးရွာတွေကို KNU/KNLA နဲ့ PDF တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်တာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ပြည်သူ့စစ်တွေကို ဖမ်းဆီး သတ်ဖြတ်တာတွေ ဖြစ်ပွားလေ့ရှိတဲ့ ဒေသလည်း ဖြစ်ပါတယ်။ 

သထုံမြို့ဟာ အုပ်ချုပ်ရေးအရ မွန်ပြည်နယ်မှာ ပါဝင်ပေမယ့်လည်း နယ်မြေ ဆက်စပ်မှုအနေအထားအရ ကရင်ပြည်နယ် ဘားအံမြို့နယ်နဲ့ ထိစပ်နေပြီး ပအိုဝ်းလူမျိုးနဲ့ ကရင်လူမျိုးတွေ အများစု နေထိုင်ကြတဲ့ မြို့နယ် ဖြစ်ပါတယ်။ သထုံမြို့နယ်က တဆင့် ကရင်ပြည်နယ် ဘားအံ၊ ကော့ကရိတ်၊ မြဝတီနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်မှာ ရှိသလို မွန်ပြည်နယ် မော်လမြိုင်နဲ့ တနင်္သာရီတိုင်း တို့ကို ကုန်းလမ်းကနေ ဆက်သွယ်ထားတဲ့ ကားလမ်းကလည်း ဒီလမ်းကိုသာ အသုံးပြုသွားလာကြတာ ဖြစ်ပါတယ်။ 

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်က တံတားလည်း ဖြစ်တာကြောင့် ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေး နဲ့ ပြည်နယ် ၂ ခု တိုင်းဒေသတခုတို့ကို ကုန်းလမ်းက ကုန်စည်ပို့ဆောင်မှု ကို အတိုင်းအတာတခုထိ ထိခိုက်စေနိုင်တာ ဖြစ်ပါတယ်။ 

စစ်ကောင်စီ အနေနဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့ကို တပ်အင်အား နဲ့ လက်နက် ရိက္ခာတွေပို့ဆောင်တာကို တားဆီးဖို့ ရည်ရွယ်ပြီး တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေက ဖောက်ခွဲတာဖြစ်နိုင်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ဒီတံတားဖောက်ခွဲ ဖျက်ဆီးလိုက်ပေမယ့် တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ နယ်မြေတခုလုံး ထိန်းချုပ်ထားနိုင်တာမျိုး မဟုတ်တာကြောင့် စစ်ကောင်စီဘက်က ကားလမ်းကို ယာယီအသုံးပြုနိုင်အောင် သံဘောင်တံတားထိုးတာမျိုး လုပ်ဆောင်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ 

စစ်တောင်းတံတားလို မြစ်ကူးတံတား ကျိုးကျပျက်စီးခဲ့ရင်တော့ စစ်ရေးနဲ့ ကုန်သွယ်ရေး လမ်းကြောင်းကို ကြီးကြီးမားမား ထိခိုက်စေနိုင်ပြီး အခုလို သိပ်မရှည်လျားတဲ့ တံတားကိုတော့ ရက်သတ္တတပတ်ကနေ အများဆုံး ၁၀ ရက်ဝန်းကျင် ပြန်လည်အသုံးပြုနိုင်အောင် လုပ်ဆောင်မယ့် အနေအထားမျိုးလို့ ဒေသခံတွေက မှန်းဆကြပါတယ်။ 

ထိုင်းနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်က အာရှလမ်းလို့ခေါ်တဲ့ ကော့ကရိတ်-မြဝတီ လမ်းမကြီးပေါ်က ကော့နွဲ့ ကျေးရွာအနီးက တံတားတစင်းကို ဒီဇင်ဘာလ ၁၇ ရက်နေ့က KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဖောက်ခွဲဖျက်ဆီးခဲ့ပြီး မြဝတီကနေ ဖားအံမြို့၊ မော်လမြိုင်မြို့တို့ကို သွားရောက်ရာမှာ အခြားရှောင်ကွင်းသွားရတဲ့ ထော့ကော်ကိုးလမ်းကနေ ကုန်ကားနဲ့ ယာဥ်ငယ်တွေ သွားလာနေကြရတာ ဖြစ်ပါတယ်။ 

အခု သထုံမြို့နယ် သိမ်ဆိပ်ကျေးရွာထဲက တံတား ဖောက်ခွဲဖျက်ဆီးခံရတာဟာ ဒုတိယမြောက် တံတား ဖောက်ခွဲခံရတဲ့ ဖြစ်ရပ်ဖြစ်ပြီး ထိုင်း-မြန်မာ ကုန်သွယ်ရေးကို အနည်းနဲ့အများ ထိခိုက်စေမယ့် အနေအထားလည်း ဖြစ်ပါတယ်။ 

လတ်တလော အနေအထားမှာ ကုန်ကားတွေ ခရီးသည်တင် အိတ်စ်ပရကစ်ကားကြီးတွေ ဖြတ်သန်းသွားလာလို့ မရပဲ ပိတ်မိနေပြီး ယာဥ်ငယ်တွေကတော့ ကျေးရွာထဲက ပတ်ပြီး သွားလာနေကြတဲ့ အနေအထားလို့ ဆိုပါတယ်။ ယမန်နှစ် နှောင်းပိုင်း အောက်တိုဘာလ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ် လက်နက်ကိုင် အဖွဲ့တွေက နယ်မြေသိမ်း တိုက်ပွဲတွေ ဆင်နွှဲကြရာမှာလည်း သိန္နီတံတား၊ သီပေါ မြို့အနီးက ကျင်သီတံတား၊ စဥ့်အင်တံတား နဲ့ လားရှိုး နမ္မတူ ဆက်သွယ်ထားတဲ့ ကားလမ်းပေါ်က မိုတေတံတား စတဲ့ တံတားတွေ အများအပြား ဖောက်ခွဲဖျက်ဆီးခဲ့ပြီး စစ်ကူယာဥ်တန်းတွေ မလာနိုင်အောင် တားဆီးခဲ့ကြတာ ဖြစ်ပါတယ်။ ရှမ်းမြောက်က တံတားအများစုကတော့ အသုံးပြုနိုင်အောင် ယာယီ ပြင်ဆင်တာမျိုးတွေ မလုပ်ဆောင်နိုင်သေးပဲ သီပေါမြို့အနီးက တံတားတစင်းသာယာဥ်ငယ်တွေ ဖြတ်ကူးနိုင်တဲ့ ယာယီတံတားတခု ခုရက်ပိုင်းအတွင်း ထိုးခဲ့တာဖြစ်ပါတယ်။ 

ဒီနေ့အဖို့ နောက်အကြောင်းအရာတခုကတော့ ကလေးတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ချင်း PDF လက်နက်ကိုင် အဖွဲ့တွေက ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ တိုက်ခိုက်ခဲ့ရာပြီး တက္ကသိုလ်ထဲမှာရှိတဲ့ ကျောင်းသား နဲ့ တက္ကသိုလ် ဆရာ၊ ဆရာမ ၁၀၀ ကျော်ကို ကယ်ထုတ်ခဲ့တယ်လို့ တော်လှန်ရေး အင်အားစု လက်နက်ကိုင်အဖွဲ့တွေက ပြောဆိုထားပြီး စစ်ကောင်စီဘက်ကတော့ ဓားစာခံအဖြစ် ဖမ်းဆီးတဲ့ သဘောမျိုး စွပ်စွဲပြောဆိုနေတာ ဖြစ်ပါတယ်။ ကလေးတက္ကသိုလ်ဟာ မြို့နဲ့ ၇ မိုင်ဝန်းကျင် အကွာအဝေးမှာ တည်ရှိတာဖြစ်ပြီး ကလေးမြို့ကနေ ချင်းတောင်ကို တက်မယ့် ကားလမ်း နဘေး ခိုင်ကမ်းမြို့အနီးမှာ တည်ရှိတာဖြစ်ပါတယ်။ 

လတ်တလော တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ခိုင်ကမ်းမြို့နဲ့ ဆက်စပ်နေတဲ့ ကလေးတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ချင်းပီဒီအက်ဖ် လက်နက်ကိုင်အဖွဲ့တွေက သွားရောက်တိုက်ခိုက်စဥ် ကျောင်းထဲရှိနေတဲ့ ကျောင်းသား နဲ့ ဆရာ၊ ဆရာမတွေကို တိုက်ပွဲကြားက နေ ဘေးကင်းရာ ကယ်ထုတ်သွားခဲ့တာလို့လည်း အချို့သတင်းတွေမှာ ဖော်ပြကြသလို သတင်းတပုဒ်မှာတော့ Non-CDM ဖြစ်တဲ့ ကျောင်းသားနဲ့ ပညာရေးဝန်ထမ်းတွေ ဖြစ်လို့ စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေတယ်လို့လည်း လက်နက်ကိုင်အဖွဲ့က ပြောဆိုချက်ကို ကိုးကားဖော်ပြထားတာ ဖြစ်ပါတယ်။ 

အခုအဖြစ်အပျက်ဟာ ကရင်နီပြည် လွိုင်ကော်မြို့ သိမ်းဖို့ စတင်တိုက်ခိုက်စဥ်ကာလက လွိုင်ကော်တက္ကသိုလ်က ပါမောက္ခချုပ် အပါအဝင် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမ ၂၀၀ ကျော်ကို KNDF  က ထိန်းသိမ်းခဲ့တဲ့ အဖြစ်အပျက်နဲ့ အလားသဏ္ဌာန်တူတဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။ 

ထိုစဥ်က တိုက်ပွဲအတွင်း ကယ်ထုတ်ကာ ခေတ္တထိန်းသိမ်းထားတယ်လို့ ဆိုတဲ့ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေနဲ့ မိသားစုအများစုကို ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီနဲ့ KNDF က နောက်ပိုင်း ပြန်လွှတ်ပေးခဲ့ပြီး အနည်းငယ်မျှသော ပညာရေးဝန်ထမ်းတွေကိုတော့ စစ်ကောင်စီ တပ်ဖက်နဲ့ ဆက်စပ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ခေါ်ယူထားတာမျိုးလည်း သတင်းထဲ တွေ့ရှိရပါတယ်။ 

အခု ကလေးတက္ကသိုလ်က ပညာရေးဝန်ထမ်း ၁၀၀ ကျော်ကိုတော့ ချင်းကာကွယ်ရေး တပ်တွေအနေနဲ့ ဘယ်လို စီစဥ်ဆောင်ရွက်မလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးတဲ့ အနေအထားလည်းဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar