Breaking News

သီအိုဇော် - ပျောက်သောလမ်းပေါ်က မှုန်ဝါးဝါး မော်စကိုလမ်းညွှန်

သီအိုဇော် - ပျောက်သောလမ်းပေါ်က မှုန်ဝါးဝါး မော်စကိုလမ်းညွှန်

(မိုးမခ) ဖေဖော်ဝါရီ ၂၈ ၊ ၂၀၂၄


မြန်မာ့အရေး လေ့လာသုံးသပ်လေ့ရှိပြီး မြန်မာပရိတ်သတ်နဲ့လည်း မစိမ်းတဲ့၊ ချူလာလောင်ကောင် တက္ကသိုလ် က ပါမောက္ခ သစ်ထိနန် ပွန်ဆုဒီရတ် (Thitinan Pongsudhirak)ရဲ့ အခုနောက်ပိုင်း ဆောင်းပါး၊ အင်တာဗျူးတွေထဲမှာ ဆက်တိုက်လိုလို သတိထားလာမိတာက လက်ရှိအနေအထားအရ အာဏာသိမ်းစစ်တပ် နိုင်မှာမဟုတ်တော့ဘူး ဆိုတဲ့ သူ့ရဲ့ အမြင်ကိုပါ။

အာဏာစသိမ်းခဲ့တဲ့ အချိန်ကစလို့ စစ်ခေါင်းဆောင်ရဲ့ ဇာတ်သိမ်းခန်းနဲ့ ပတ်သက်ပြီး သူ့ရဲ့ ထွက်ပေါက် (သို့) အခြား နိုင်ငံပြေးပေါက်တွေကို ခန့်မှန်းပြောဆိုလေ့ ရှိကြပါတယ်။ အခုလို တော်လှန်ရေး ၃ နှစ်တာကာလ ကျော်လွန်သွားခဲ့ချိန် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး အဘက်ဘက်က ကျရှုံးနေချိန်မှာတော့ အရှင်ထွက်၊ အသေ ထွက်ဆိုတဲ့ အကြောင်းကိစ္စက ချဲ့ကားပြောဆိုရာ မရောက်တော့ပါဘူး။

လက်နက်အားကိုးနဲ့ ဘယ်ရာဇဝတ်မှုမျိုးကိုမဆို ကျူးလွန်ရဲခဲ့ကြပေမယ့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု (Transitional Justice)ကို ရင်ဆိုင်ရဲလောက်အောင် သတ္တိရှိသူတွေ မဟုတ်လေတော့ ရှုံးမှာ သေချာလာတာနဲ့ အမျှ ကိုယ်လွတ်ရုန်း ထွက်ပြေးဖို့သာ စဉ်းစားထားကြမှာပါ။

ကမ္ဘာအနှံ့မှာ အာဏာရှင် နိုင်ငံ့ခေါင်းဆောင်တွေ ရှိခဲ့ဖူးပါတယ်။ ဒီနေရာမှာ အရေးကြီးတာက နိုင်ငံ့ခေါင်းဆောင် ဆိုတဲ့ တရားဝင် ဖွင့်ဆိုသတ်မှတ်ချက်ပါ။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ထိုအာဏာရှင်များကို သက်ဆိုင်ရာ နိုင်ငံရဲ့ ခေါင်းဆောင်တွေအဖြစ်၊ နိုင်ငံတကာက လက်ခံထားကြသလို သူတို့တတွေမှာ အယူဝါဒ တူညီနီးစပ်ရာ မိတ်ဆွေနိုင်ငံတွေလည်း ရှိကြပါတယ်။ ဒီအတွက် တကယ်လို့ အာဏာလက်လွှတ် ထွက်ပြေးခဲ့ရရင်တောင် ခိုလှုံခွင့်ပေးကြမယ့်သူတွေ ရှိပါတယ်။

ဒါဟာ စစ်ရာဇဝတ်ခေါင်းဆောင်အတွက် တကယ့်ပြဿနာပါ။ သူဟာ ဘယ်တုန်းကမှ နိုင်ငံတကာစင်မြင့်မှာ ခေါင်းဆောင်တယောက် မဖြစ်ခဲ့ဘူးသလို၊ မအောင်မြင်တဲ့ အာဏာသိမ်းမှု နောက်မှာလည်း ဘယ်နိုင်ငံကမှ တရားဝင် နိုင်ငံ့ခေါင်းဆောင်လို့ မသတ်မှတ်ကြပါဘူး။ ဆက်ဆံသူ အနည်းအကျဉ်းတော့ရှိလည်း ကော်ဇောနီ ခင်းပြီး လိုလိုလားလား ကြိုဆိုလိုတဲ့သူ မရှိသလောက် ရှားပါးတာ အားလုံးမျက်မြင်ပါပဲ။

တရုတ်၊ ရုရှား အမည် ၂ ခုက သူ့ရဲ့ပြေးပေါက်နဲ့ပတ်သက်ရင် စာရင်းထိပ်ကနေ ပြောဆိုလေ့ ရှိကြပါတယ်။ မိသားစု ပိုင်ဆိုင်မှု၊ ရင်းနှီးမြှုပ်နှံမှုတွေက ဒီနှစ်နိုင်ငံလုံးဆီမှာ ရှိနေမှာကို အငြင်းပွားဖွယ် ရှိမယ်မထင်ပါဘူး။ ပထမဆုံး တရုတ်လမ်းကြောင်းနဲ့ အရင်စဉ်းစားကြည့်လိုပါတယ်။


မြန်မာနိုင်ငံမှာ မြိုးမြိုးမြက်မြက် ငွေရလမ်းမှန်သမျှ အဂတိလိုက်စားမှု ကြီးမားတဲ့ စစ်တပ်နဲ့ ကင်းလို့မရတာက လျှို့ဝှက်ချက် မဟုတ်ပါဘူး။ ကျားဖြန့်လို ဒေါ်လာ ဘီလီယံချီလုပ်ငန်းမျိုးနဲ့ ပတ်သက်ပြီး ပယ်ဆောက်ချိန် အပါအဝင် လွှဲအပ်လိုက်ရသူတွေဆီမှာ ထိပ်ပိုင်းစစ်ခေါင်းဆောင်များနဲ့ အပေးအယူ အတွင်းရေးကိစ္စတွေ၊ တခြားနယ်စပ် ဖြတ်ကျော် ရာဇဝတ်မှုခင်းအကြောင်းတွေ ပါသွားတဲ့နောက် တရုတ်နိုင်ငံအပေါ် ယုံကြည်မှု နည်းသထက် ပိုနည်းသွားမှာပါ။

ဒါ့အပြင် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တရုတ်အပေါ် အရင်ထက် သံသယစိတ်တွေလည်း ပိုများသွားတာကြောင့် ၂၀၂၃ခုနှစ် နှောင်းပိုင်းကစပြီး စစ်ရာဇဝတ်ခေါင်းဆောင်အတွက် တရုတ်တံခါးပေါက်ပိတ်သွားတယ်လို့လည်း မြင် ကြည့်လို့ ရနိုင်ပါတယ်။

ရုရှားနဲ့ ပတ်သက်ရင်လည်း စဉ်းစားစရာအချက်တွေ ရှိနေပါတယ်။ စစ်အာဏာရှင်ပဲဖြစ်ဖြစ်၊ အရပ်သားနိုင်ငံ အကြီးအကဲပဲဖြစ်ဖြစ် ရုရှားမှာ နိုင်ငံရေးခိုလှုံနိုင်ကြတာ နည်းပါတယ်။ လုံးဝမရှိဘူးတော့လည်း မဟုတ်ပါဘူး၊ နိုင်ငံ ခေါင်းဆောင်တွေထဲက ဆိုရင် ၁၉၉၂ ခုနှစ်တုန်းက အဇာဘိုင်ဂျန် သမ္မတ၊ ၂၀၀၅ခုနှစ်မှာ ကာဂျစ်စတန် သမ္မတတို့လို ခိုလှုံခဲ့တာမျိုးတော့လည်း ရှိပါတယ်။ ဒီနိုင်ငံတွေကလည်း အရင်ဆိုဗီယက်ယူနီယံထဲမှာ ပါခဲ့တဲ့ အိမ်နီးချင်းတွေပါ။

စစ်ရာဇဝတ်ခေါင်းဆောင်အတွက်ကတော့ ပူတင်နဲ့ တွေ့ရဖို့တောင် အကြိမ်ကြိမ် ကြိုးစားခဲ့ရပါတယ်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ရောက်မှ ဗလာဒီဗော့စတော့မှာ ကျင်းပတဲ့ Eastern Economic Forum ကျမှသာ ပူတင်က ခရီးသွားဟန်လွှဲ လက်ခံတွေ့ဆုံခဲ့တာပါ။ ဒါဟာ နိုင်ငံတော်အဆင့် အလည်အပတ်ခရီးစဉ် ဖိတ်ကြားပြီး တွေ့ကြတာမျိုးလည်း မဟုတ်ခဲ့ပါဘူး။ ဒီအချက်က နီးနီးကပ်ကပ် ဆက်ဆံရေးမျိုး မရှိကြတာကို ပေါ်လွင်စေပါတယ်။ တရုတ်နိုင်ငံကို ကျော်လွန်ပြီး မဟာဗျူဟာမြောက်ဆက်ဆံရေး ထားရှိဖို့က အတော်ကြီး စဉ်းစားရမှာ ဖြစ်တဲ့အတွက် ကုန်ရောင်းကုန်ဝယ် ဆက်ဆံရေးအဆင့်မှာပဲ တန့်နေတာပါ။

တကယ်လို့ နောက်ဆုံး ရုရှားမှာ ခိုလှုံခွင့်ရရှိခဲ့တယ် ဆိုဦးတော့၊ အဲဒီမှာ နောက်ကျောလုံလုံနဲ့ စိတ်သက်သောင့်သက်သာ ရှိနိုင်ပါ့မလား ဆိုတဲ့ အတွေးထောင့်ကို အခြေခံပြီး ဒီဆောင်းပါးမှာ အဓိက စဉ်းစားကြည့်လိုပါတယ်။ ရုရှားမှာ ပူတင်လိုပဲ ထိပ်တိုက် ငြိလို့မရတဲ့သူတယောက် အကြောင်းနဲ့ စပြောရပါလိမ့်မယ်။

သူကတော့ ရမ်ဇန်ကက်ဒက်ရောဗ့် (Ramzan Kadyrov) ပါ။ သူဟာ ချေချင်းညာ လို့လည်း မြန်မာမီဒီယာတွေမှာ ဖော်ပြတတ်တဲ့ ချက်ရှ်နီးယားသမ္မတ (Chechnya Republic) နိုင်ငံရဲ့ ခေါင်းဆောင်ဖြစ်ပြီး ပူတင်ရဲ့ ညာလက်ရုံးလို့ လူသိများကြပါတယ်။ အခု ယူကရိန်း ကျူးကျော်စစ်မှာလည်း ပူတင် အားကိုးအားထားပြုရတဲ့ စစ်ဘုရင်တယောက် ဖြစ်နေပြီး အင်အား ၃၀,၀၀၀ ဝန်းကျင် ချက်ရှ်နီးယားတပ်ဖွဲ့ကို သူကိုယ်တိုင် ဦးဆောင် တိုက်ခိုက်နေပါတယ်။

ဒီစစ်အတွင်းမှာပဲ ဒုဗိုလ်ချုပ်ကြီးအဆင့်နဲ့ ညီမျှတဲ့ Colonel General အဖြစ် ရာထူးတိုးမြှင့်ခံထားရသူ ဖြစ်ပါတယ်။ သူနဲ့ မကျေလည်သူတွေအပေါ်မှာသာမက ပူတင်ရဲ့ အတိုက်အခံတွေ လုပ်ကြံခံရမှုများနောက်မှာ ရှိလေ့ရှိတယ်လို့လည်း သူ့ကို စွပ်စွဲတတ်ကြပါတယ်။ ရုရှားမှာတော့ သူ သဘောမတွေ့တဲ့သူများအတွက် အန္တရာယ်ရှိတယ်လို့ ဆိုနိုင်ပါတယ်။

ဒီဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ပူတင်ရဲ့ နိုင်ငံရေး  အတိုက်အခံတဦးဖြစ်သူ ဘောရစ်ယဲလ်ဆင် အစိုးရအဖွဲ့ရဲ့ ဒု-ဝန်ကြီးချုပ်ဟောင်း ဘောရစ်နမ့်ဆောဗ့် (Boris Nemtsov) ကရင်မလင်အနီးက တံတားပေါ်မှာ လုပ်ကြံခံရတာ ၉ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး OSCE - PA (Organization for Security and Cooperation for Europe - Parliamentary Assembly) ရဲ့ အစီရင်ခံစာထဲမှာ အပြစ်ကျူးလွန်တယ်လို့ စီရင်ဆုံးဖြတ်ခံရသူ ၅ ဦးဟာ ချက်ရှ်နီးယားလူမျိုးတွေ ဖြစ်ကြပြီး ရမ်ဇန်ကက်ဒက်ရောဗ့်ရဲ့ ပါဝင်ပတ်သက်မှုလည်း ရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။

မကြာမီရက်ပိုင်းက အကျဉ်းချခံနေရတုန်း သေဆုံးသွားခဲ့တဲ့ ရုရှားအတိုက်အခံခေါင်းဆောင် အဲလက်ဇီ နဗာလ်နီ (Alexi Navalny) ရဲ့ ၂၀၁၇ ခုနှစ် ဧပြီလတုန်းက အင်တာဗျူးတခုကို မော်စကိုတိုင်းမ်း သတင်းစာမှာ ကိုးကားခဲ့ဖူးတာကို ဖော်ပြချင်ပါတယ်။ ‘ကျနော်သာ သမ္မတဖြစ်ခဲ့ရင် ရမ်ဇန်ကက်ဒက်ရောဗ့်နဲ့ ပတ်သက်လို့ ပထမဆုံး လုပ်မယ့်အလုပ်က ဘောရစ်နမ့်ဆောဗ့် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး စစ်ကြောရေး လုပ်ဆောင်မှာပဲ ဖြစ်တယ်’လို့ နဗာလ်နီက ဆိုခဲ့တာပါ။

ဒါဟာ ဘောရစ်နမ့်ဆောဗ့် လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး ကက်ဒက်ရောဗ့်အပေါ် သံသယရှိတဲ့ နဗာလ်နီရဲ့ ထင်မြင်ချက်ကို ပေါ်လွင်စေတဲ့ ပြောကြားချက် ဖြစ်ပါတယ်။ အခု နဗာလ်နီကိုယ်တိုင် သေဆုံးမှုနဲ့ပတ်သက်ပြီး ကက်ဒက်ရောဗ့်နဲ့ ဆက်စပ်ပြနေတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ပူတင်နဲ့ ကက်ဒက်ရောဗ့်ကြား နီးကပ်မှု အတိုင်းအတာက သူတို့ရဲ့အတိုက်အခံများနဲ့ ပတ်သက်ပြီး ဘယ်လျှို့ဝှက်ကြံစည်မှုမျိုးကိုမဆို နှစ်ကိုယ်ကြား စိတ်ချလက်ချ ပြုလုပ်နိုင်တယ် ဆိုတာကိုတော့ ငြင်းမယ့်သူ ရှိမယ်မထင်ပါဘူး။

ချက်ရှ်နီးယားမှာ ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်ပြီး ဘောရစ်နမ့်ဆောဗ့်နဲ့ ရမ်ဇန်ကက်ဒက်ရောဗ့်ကြား မကျေလည်မှုတွေ ရှိခဲ့သလို ၂၀၁၄ ခုနှစ် ရုရှားတို့ ယူကရိန်းကို ကျူးကျော်ခဲ့မှုကို ဘောရစ်နမ့်ဆောဗ့်က ကန့်ကွက်တဲ့သူပါ။ ပူတင် ပါဝင်တဲ့ အဂတိလိုက်စားမှုတွေကိုလည်း သူက ဖော်ထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါ့ကြောင့် ရမ်ဇန် ကက်ဒက်ရောဗ့် သဘောမကျခဲ့သူများအတွက် အန္တရာယ်ရှိတယ်လို့ ယေဘုယျ ပြောနိုင်ပါတယ်။

ဒါကတော့ ဟုတ်ပါပြီ၊ ရမ်ဇန်ကက်ဒက်ရောဗ့် အမြင်မကြည်တဲ့သူတွေအတွက် တချိန်မဟုတ် တချိန်မှာ ပြဿနာပေါ်နိုင်တာက ထားပါတော့။ စစ်ရာဇဝတ်ခေါင်းဆောင် ရုရှားကို အရှင်ထွက်ဖို့ကိစ္စနဲ့ ဘယ်လိုဆိုင်သလဲ ဆိုရင်တော့ ၂၀၁၇ ခုနှစ်ဆီကို နောက်ကြောင်းပြန်ရပါမယ်။

၂၀၁၇ခုနှစ် စက်တင်ဘာလ(၄)ရက်နေ့က လူသိန်းပေါင်းများစွာ တက်ရောက်တဲ့ ဆန္ဒပြပွဲကြီးကို (ချက်ရှ်နီးယား ပြည်ထဲရေးဝန်ကြီးဌာနကတော့ တစ်သန်းကျော် တက်ရောက်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်) မြို့တော် ဂရောဇ့်နီ (Grozny)မှာ ကျင်းပခဲ့ပါတယ်။ ဒီဆန္ဒပြပွဲကို တက်တက်ကြွကြွ ဦးဆောင်ခဲ့သူက မူဆလင်ခေါင်းဆောင်တဦးဖြစ် တဲ့ ရမ်ဇန်ကက်ဒက်ရောဗ့် ကိုယ်တိုင်ဖြစ်ပြီး ဒါဟာ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်တဲ့ အလွန်ကြီးမားတဲ့ဆန္ဒပြပွဲ ဖြစ်ပါတယ်။

ချက်ရှ်နီးယားမှာ မူဆလင်အများစု နေထိုင်ကြပြီး အထက်က ထုတ်ပြန်ချက် ကိန်းဂဏန်းအရသာဆိုရင် ချက်ရှ်နီးယားလူမျိုး စုစုပေါင်းရဲ့ အနည်းဆုံး ၃ ပုံ ၂ ပုံကျော် တက်ရောက် ဆန္ဒပြကြတာလို့ ယူဆရပါမယ်။ ဒီအရေအတွက်ကို အတည်ယူရရင် ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ကမ္ဘာ့အကြီးဆုံး ဆန္ဒပြပွဲလို့တောင် ခေါ်ဆိုနိုင်ပါလိမ့်မယ်။

ရုရှားအနေနဲ့ ရိုဟင်ဂျာအရေးမှာ ကျူးလွန်သူတွေနဲ့ အတူရပ်တည်ခဲ့ရင် သူ့အနေနဲ့ ရုရှားခေါင်းဆောင်မှုကို ဆန့်ကျင်မှာ ဖြစ်တယ်လို့တောင် ကက်ဒက်ရောဗ့်က ပြောခဲ့ဖူးပါတယ်။ ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုများစွာအတွက် အဓိကလက်သည်တရားခံက ဘယ်သူ ဆိုတာကို အခုလောက်ဆို ကက်ဒက်ရောဗ့်လည်း ကောင်းကောင်းကြီး သိနေလောက်ပြီ ထင်ပါတယ်။

ကရင်မလင်ထဲအထိ ခြေတံလက်တံရှည်သူ၊ ပူတင်ကိုယ်တိုင် မြှောက်စားထားရသူ၊ ကိုယ်ပိုင်လက်နက်ကိုင် တပ်ဖွဲ့လည်းရှိသူ၊ လက်ရဲဇက်ရဲ ရှိသလို မလုပ်ရဲတာလည်း ဘာမှမရှိသူလို့ ပြောနိုင်သူ၊ အဲဒီလိုလူက ရိုဟင်ဂျာများအပေါ် စာနာဂရုဏာသက်ပြီး ရိုဟင်ဂျာအရေး ဦးဆောင်လှုပ်ရှားသူ ဖြစ်နေလေတော့၊ သူနဲ့ တနိုင်ငံတည်းမှာ နေရရင် ‌ရိုဟင်ဂျာတို့အပေါ်  ဂျီနိုဆိုဒ်၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုများအတွက် အဓိက တာဝန်ရှိသူက နောက်ကျောလုံလုံ နေနိုင်ပါ့မလား ဆိုတာကိုလည်း တွေးကြည့်ရမယ် ထင်ပါတယ်။

ဒါ့ကြောင့် မတတ်သာတဲ့အဆုံး တခြား ရွေးစရာမရှိလို့ ရုရှားကို ပြေးရရင်လည်း စစ်ရာဇဝတ်ခေါင်းဆောင်အတွက် စိတ်အေးလက်အေး ရှိနိုင်မယ် မထင်ပါဘူး။ ရုရှားမှာ အထိုက်အလျောက် ဩဇာရှိတဲ့ ကက်ဒက်ရောဗ့်က သူ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုများစွာအတွက် ဘယ်လိုအမြင်ရှိမလဲ၊ တဖက်လှည့်နဲ့ ထိုးအပ်ဖို့ ကြိုးစားမလား၊ ရိုဟင်ဂျာတို့အတွက် လက်တုံ့ပြန်ဖို့ အကွက်ချပေးလေမလား အစရှိသဖြင့်၊ ပင်ကိုကမှ သံသယကြီးတတ်သူ စစ်ရာဇဝတ် ခေါင်းဆောင်ဘက်က သံသယစိတ် မပြတ်ဝင်ရင်း ရုရှား အရှင်ထွက်လမ်းကလည်း ဝေဝေဝါးဝါး ဖြစ်သွားတော့မှာလားလို့  စဥ်းစားစရာပါ။ ပူတင်လွန်ကာလကို မျှော်ကြည့်ပြန်ရင်လည်း သူ့အတွက် ပိုလို့တောင် စိုးရိမ်မိပါလိမ့် မယ်။

ရင်းနှီးမြှုပ်နှံတဲ့ ငွေကြေးကို လိုက်ပြီး Golden visa သဘောနဲ့ နေထိုင် ခွင့်ရနိုင်တဲ့ နိုင်ငံများအတွက် အကျုံးဝင်မယ့် ငွေကြေးပမာဏကို ပူပန်စရာမလိုလည်း အကာအကွယ် အပြည့်အဝပေးနိုင်မယ့် နိုင်ငံမျိုး ဖြစ်မှသာ စိတ်ကူးမိမှာပါ။  တကယ်တော့ စစ်ရာဇဝတ်ခေါင်းဆောင်အတွက် ရေရှည်နောက်ကြောင်းအေးအေး ခိုလှုံနိုင်မယ့် နေရာက တော်တော်လေး ရှားပါးနေတယ်လို့ ဆိုရပါလိမ့်မယ်။

ဒါတွေကို ကြည့်ရင် အရှင်ထွက်အတွက် ထွက်ပေါက် နည်းသထက်နည်းလာပြီလို့ ခန့်မှန်းနိုင်သလို စစ်မှုထမ်းဥပဒေ ဆိုတာနဲ့ ပြည်သူကို တဆုံးချနင်းလိုက်တဲ့နောက်မှာ အရှင်ထွက်လမ်းကို ကျောခိုင်းလိုက်ပြီလားလို့တောင် တွေးမိစရာပါ။ လုံခြုံတယ်လို့ ထင်ရတဲ့ ပြည်တွင်း နေရာဒေသအချို့ကို အခြေပြုပြီး ရှာကြံရသမျှ နည်းလမ်းတွေနဲ့ ကျားကုတ်ကျားခဲ ရသလောက်နေပြီး နောက်ဆုံးသံမှိုချက်အထိ ပေကပ် မိုက်မဲသွားမယ့်ပုံလို့ပဲ ယူဆရတော့မလိုလည်း ဖြစ်ပါတယ်။

တော်လှန်ရေးအင်အားစုများဆီက ကျည်ဆန်ကို ကြောက်လန့်လာရသလို တချိန်တည်းမှာလည်း ကျည်ကာ မချွတ်စတမ်းနဲ့ ကိုယ့်တပ်ကိုယ် မယုံကြည်ရဲတော့တာကလည်း ပိုထင်ရှားလာပါတယ်။ ဖြစ်တန်ခြေ ယူဆချက်ကို ကိုးကားရရင် ဘက်ပြောင်းမှု (Defection) ဆိုတာက သစ္စာစောင့်သိမှု (Loyalty) နဲ့ တပ်တွင်းပုန်ကန်မှု (Mutiny) တို့ ကြားမှာ ရှိတယ်လို့ အဆိုရှိပါတယ်။

နွေဦးတော်လှန်ရေး အစောပိုင်းမှာ ဖိလစ်ပိုင်က ဗိုလ်ချုပ်ကြီး ရာမိုစ့်(Fidel Ramos)၊ ကာကွယ်ရေးဝန်ကြီး အန်ရီးလ် (Juan Enrile)တို့လို လူတွေများ ပေါ်လာဦးမလားလို့ မျှော်လင့်ခဲ့ကြတာတွေ ရှိခဲ့ပါတယ်။ ဒါဟာ ဖြစ်မလာခဲ့ပေမယ့် အခုအချိန်အထိ ဗိုလ်မှူးကြီးအဆင့် အပါအဝင် အရာရှိအကြပ်စစ်သည် ထောင်ပေါင်းများစွာ ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့ကြတာကလည်း မျှော်လင့်မထားတဲ့ ရလဒ်ပါ။ ဖိလစ်ပိုင်မှာ အန်ရီးလ်က ဘက်ပြောင်း ခွဲထွက်မှုကို တပ်ဖွဲ့ဝင် ၄၀၀ ခန့်နဲ့ပဲ စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒီအတွက် ဖြစ်နိုင်ခြေ နည်းစေဦးတော့၊ အကြမ်းဖက်စစ်တပ်ထဲမှာ တပ်တွင်းပုန်ကန်တဲ့ အဆင့်ဘက်ကို ရွေ့သွားစေနိုင်သူ၊ စစ်ရာဇဝတ်ခေါင်းဆောင်ရဲ့ အိပ်မက်တွေကို ဖျက်ဆီးပစ်မယ့်သူတွေများ ပေါ်လာနိုင်ဦးမလား ဆိုတဲ့ မေးခွန်းကိုတော့ စောင့်ကြည့်ကြရပါဦးမယ်။ သင်္ဘောမြုပ်တော့မယ် ဆိုတဲ့အခါ လိုက်ပါသွားမယ့်သူတွေလည်း ကျန်နိုင်သလို၊ လွတ်မြောက်နိုင်ဖို့ ခုန်ချမယ့်သူတွေကလည်း အမြောက်အမြား ရှိလာမှာပါ။

တစထက်တစ ချောင်ပိတ်သွားတဲ့သူဟာ ရက်စက်ကောက်ကျစ် တဆုံးမိုက်မဲတဲ့သူ ဖြစ်နေလေတော့ အလွန် အန္တရာယ်ကြီးတဲ့ အခင်းအကျင်းကို‌ ရှောင်လွှဲမရ ဖြစ်လာပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တော်လှန်ပြည်သူများ အတွက် အားတက်စရာ ရောင်နီသာတဲ့ နေ့သစ်တွေ တဖြည်းဖြည်း နီးကပ်လာချိန်မှာ၊ စစ်ရာဇဝတ် ခေါင်းဆောင်အနေနဲ့ နေဝင်ညတွေထဲမှာပဲ တဝဲလည်လည် ထိပ်လန့်ပင်ပန်းစွာ ကူးဖြတ်နေရတာကလည်း သမိုင်း သင်ခန်းစာယူစ ရာ၊ သံဝေဂရစရာလို့ ဆိုကြရမှာ ဖြစ်ပါတယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar