လူမျိုးရေးမုန်းတီးမှုတွေ လှုံ့ဆော်နေတဲ့ ပြည်ထောင်စုနေ့တွေ အဆုံးသတ်ကြမည်
မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၁၂ မြင်ကွင်း
(မိုးမခ) ဖေဖော်ဝါရီ ၁၃၊ ၂၀၂၄
လူမျိုးရေးမုန်းတီးမှုတွေ လှုံ့ဆော်နေတဲ့ ပြည်ထောင်စုနေ့တွေ အဆုံးသတ်ကြမည်
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ရှမ်းပြည်နယ် ပင်လုံမြို့မှာချုပ်ဆိုတဲ့ ပြည်မနဲ့ တောင်တန်းဒေသတွေ လွတ်လပ်ရေး အတူတူရယူကြမယ်ဆိုတဲ့ သဘောတူညီချက် စာချုပ်ချုပ်ဆိုခဲ့ကြတာကို အကြောင်းပြုပြီး ပြည်ထောင်စုနေ့ဆိုတဲ့ သတ်မှတ်ကာ ကျင်းပလာတာ လွတ်လပ်ရေး ရပြီးနောက် တနှစ်အကြာ ပြည်တွင်းစစ် စတင်ဖြစ်ပွားတဲ့ ၁၉၄၉ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ကတည်းက ဖြစ်ပါတယ်။ ပြည်ထောင်စုနေ့ဆိုတာကို ပင်လုံစာချုပ်မှာ တောင်တန်းဒေသနဲ့ ပြည်မတို့ အတူတူ လွတ်လပ်ရေးယူ၊ အတူတူနိုင်ငံထူထောင်မယ်ဆိုတဲ့ သဘောတူညီချက်ဖြစ်ပြီး ဒီစိတ်ဓာတ်ကို စတင်သယ်ဆောင်ချိန်မှာပဲ မြန်မာနိုင်ငံအနှံ့အပြား ပြည်တွင်းစစ် စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ကွန်မြူနစ်၊ ပြည်သူ့ရဲဘော်၊ ကေအန်ဒီအို အစရှိတဲ့ လက်နက်ကိုင် အဖွဲ့တွေက မြန်မာနိုင်ငံရဲ့ နယ်မြေအများအပြားကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ ၁၉၄၉ ခုနှစ် အခြေအနေလိုပဲ ၂၀၂၄ ခုနှစ်မှာလည်း ပြည်ထောင်စုနေ့ ကျရောက်ချိန်မှာ မြန်မာနိုင်ငံရဲ့ နယ်မြေဒေသအများအပြားမှာ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေပြီး တိုင်းရင်းသား လူမျိုးနယ်မြေတွေ အားလုံးနီးပါးမှာ လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးကတည်းက နိုင်ငံရေးအယူဝါဒပေါ် အခြေခံတဲ့ လက်နက်ကိုင်အဖွဲ့၊ တိုင်းရင်းသား တန်းတူအခွင့်အရေး၊ ပြည်နယ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ဖက်ဒရယ်အရေး စတဲ့အပေါ်အခြေခံတဲ့ အမျိုးသားလွတ်မြောက်ရေး အတွက် လက်နက်ကိုင် တိုက်ခိုက်ကြတဲ့ လက်နက်ကိုင် အဖွဲ့တွေ တဖွဲ့ပြီးတဖွဲ့ ပေါ်ထွက်လာကြသလို ဆယ်စုနှစ် ၇ ခုကျော်ကြာ ပြည်တွင်းစစ်ကာလ အတွင်းမှာ၊ အချို့သောတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပေါင်းစည်းသွားကြတာ၊ ကွဲထွက်သွားကြတာ၊ လက်နက်ချသွားကြတာ၊ အသစ်ထပ်မံဖွဲ့စည်းကြတာတွေ အများအပြား ဖြစ်ပွားခဲ့လာခဲ့ပါတယ်။
ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၊ အပစ်ရပ်စဲရေး ဆွေးနွေးပွဲ၊ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆွေးနွေးပွဲတွေ ဖြစ်လာလိုက် ပျက်သွားလိုက်နဲ့ ငြိမ်းချမ်းရေး ဖြစ်စဥ်၊ လက်နက်ကိုင် တိုက်ပွဲတွေရဲ့ သမိုင်းဟာ ရှည်လျား ရှုပ်ထွေးတဲ့ သမိုင်းသဖွယ် ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ပေါ်ထွက်လာတဲ့ လက်နက်ကိုင် အဖွဲ့တွေနဲ့ တိုက်ခိုက်လိုက် အပစ်ရပ်လိုက်လုပ်နေခဲ့တဲ့ ပင်တိုင် တခုတည်းသောအဖွဲ့ကတော့ ဗမာစစ်တပ်လို့ တိုင်းရင်းသားနယ်မြေတွေမှာ ခေါ်ဆိုကြတဲ့ ဖဆပလ ခေတ်က အခေါ်အဝေါ် ဗမာ့တပ်မတော်နဲ့ လက်ရှိအရပ်သားအခေါ်အဝေါ် စစ်တပ်ပဲ ဖြစ်ပါတယ်။
လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားလေ့ရှိတဲ့ တိုင်းရင်းသား နယ်မြေတွေ ဗမာစစ်တပ်ဆိုတဲ့ အခေါ်အဝေါ်ဟာ ကောင်းတဲ့ ခံစားချက်နဲ့ ခေါ်ဝေါ်သုံးစွဲကြတဲ့ သဘောမဟုတ်ပါဘူး။ ဖမ်းဆီးခံရနိုင်သလို၊ စားစရာရိက္ခာတွေ လုယူ ဖျက်ဆီးတာ၊ နေအိမ်တွေ မီးရှို့တာ ရွာတွေ အတင်းအကြပ် ပြောင်းရွှေ့ခိုင်းတာ၊ မီးရှို့တာ၊ အမျိုးသမီးတွေ အဓမ္မပြုကျင့်တာ၊ နောက်ဆုံး ညှဉ်းပန်းနှိပ်စက် အသက်အန္တရာယ်ကျရောက်တဲ့အထိ ပြုကျင့်ကြတဲ့ စစ်တပ်အဖြစ် သတ်မှတ်ခံ “စစ်တပ်” သို့မဟုတ် “ဗမာစစ်တပ်” ဖြစ်ပါတယ်။ အဲသည် စစ်တပ်က နှစ်ပေါင်း ၆၀ ကျော် အာဏာကို သိမ်းယူပြီး အုပ်ချုပ်ခဲ့ ၊ အတိုက်အခံလုပ်သူအားလုံးကို အကြမ်းဖက်၊ ထောင်ချ၊ လက်နက်ကိုင် တိုက်ခိုက်ခဲ့တဲ့ သမိုင်းရှိခဲ့တာ ဖြစ်ပါတယ်။ သည်လိုတိုင်းပြည်ကို အာဏာသိမ်းပြီး အုပ်ချုပ်တဲ့ အစိုးရကိုလည်း အဖိနှိပ်ခံပြည်သူတွေက ဗမာအစိုးရ လို့ ခေါ်ဝေါ်ကြတာ သတိချပ်သင့်ပါတယ်။ အာဏာသိမ်းစစ်တပ်နဲ့ သူတို့ကျင်းပပေးတဲ့ ရွေးကောက်ပွဲတွေနဲ့ တက်လာတဲ့ အစိုးရအချို့လက်ထက်တွေမှာ ၁၉၄၇ ပင်လုံစာချုပ်နေ့ကို အစွဲပြုတဲ့ ပြည်ထောင်စုနေ့ဆိုတာကိုလည်း နှစ်စဥ် မပျက် ကျင်းပခဲ့တာဖြစ်တော့ သည်ပြည်ထောင်စုနေ့ဆိုတာကလည်း စစ်တပ်အလိုကျ ပြည်ထောင်စုနေ့သာသာပဲ ဖြစ်တယ်လို့ ဆိုရပါမယ်။
တိုင်းရင်းသားလူမျိုးစုတွေရဲ့ ဝတ်စုံတွေဝတ်ပြီး အာဏာရှင် အစိုးရတွေကို ထောက်ခံကြသူ၊ မလွန်ဆန်ရဲသူ တိုင်းရင်းသားတွေက ပြည်ထောင်စု စိတ်ဓါတ်ဆိုတဲ့ စကားလုံးနဲ့ ပြည်ထောင်စု အခမ်းအနားတွေမှာ ပါဝင် ခဲ့ကြတာ ဆယ်စုနှစ် ၇ ခုကျော်ရှိခဲ့ပြီဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် ပြည်ထောင်စုနေ့အချိန်အခါမှာ နေပြည်တော်မှာ စစ်ကောင်စီက ပြည်ထောင်စုနေ့ ကျင်းပနေချိန်မှာ ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရခိုင်လူမျိုးတွေနဲ့ ဖွဲ့စည်းထားတဲ့ ရက္ခိုင့်တပ်တော် AA နဲ့ အပြင်းအထန်တိုက်ပွဲ ဖြစ်ပွားနေသလို၊ ရခိုင်တွေက စစ်တပ်ရဲ့ မိသားစုဝင်တွေ၊ ရဲတွေ၊ ရဲမေတွေကို ဓါးနဲ့ ခုတ်ပြီး သတ်ဖြတ်တယ်ဆိုတဲ့ အမုန်းတရားပွားစေမယ့် ဝါဒဖြန့်ချက်တွေ လှုံ့ဆော်နေပြီး ရခိုင်အစားအစာ မစားဖို့ လှုံ့ဆော်စာတွေ မြို့အချို့မှာ ကပ်နေကြတဲ့ အဖြစ်အပျက်တွေ ဖြစ်ပွားနေတာ တွေ့ရမှာပါ။
ရှမ်းပြည်နယ်မှာတော့ ရှမ်းမြောက် ဒေသရဲ့မြို့အများအပြားကို သိမ်းယူထားတဲ့ တအာန်း လွတ်မြောက်ရေး လက်နက်ကိုင် ထိန်းချုပ်ဒေသတွေမှာ ရှမ်းလူမျိုးစုနဲ့ ပဋိပက္ခဖြစ်ပွားစေမယ့် လှုံ့ဆော်မှုတွေ၊ ကချင်နဲ့ တအာန်း လက်နက်ကိုင် အဖွဲ့တွေအကြား အမုန်းတရားတွေ ပဋိပက္ခတွေ ဖြစ်ပွားအောင် လှုံ့ဆော်နေတာတွေ ဖြစ်နေတာ ဖြစ်ပါတယ်။ ပအိုဝ့်လူမျိုးတွေအချင်းချင်းကြားမှာလည်း စစ်တပ်၏ မှိုင်းတိုက် သပ်လျှို သွေးခွဲမှုတွေ ဖြစ်ပွားနေတာလည်း အခုထိပါပဲ။
စစ်အစိုးရတွေအဆက်ဆက်ကနေ လက်ရှိ စစ်ကောင်စီအထိ ပြည်ထောင်စု စိတ်ဓါတ်ဆိုတာကို ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပတဲ့ မိန့်ခွန်းတွေ၊ သဝဏ်လွှာပေးပို့မှုတွေမှာသာ တွေ့ရမှာ ဖြစ်ပြီး မြေပြင်က လက်တွေ့အဖြစ်အပျက်တွေမှာတော့ တိုင်းရင်းသား တန်းတူညီမျှမှု အခွင့်အရေးဆိုတာမျိုးတွေကို မူအရရော လက်တွေ့မှာပါ ပြောဆို လက်ခံ ကျင့်သုံးတာမရှိပဲ ဖိနှိပ်မှု၊ လက်နက်ကိုင် အဖွဲ့တွေ၊ သောင်းကျန်းသူတွေ အဖြစ်ပုံဖော်ကာ တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ အစုအဖွဲ့တွေ PDF တွေကိုလည်း ပြည်ထောင်စု၏ ရန်သူအဖြစ် သတ်မှတ်ပြီး တိုက်ခိုက်ချေမှုန်းမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
အခု ၂၀၂၄ ပြည်ထောင်စုနေ့မှာတော့ဖြင့် စစ်အာဏာရှင်ကို ဖြုတ်ချပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးလိုကြတဲ့ တော်လှန်ရေးအစုအဖွဲ့တွေ တိုင်းရင်းသားတွေကိုယ်တိုင်က သူတို့ရေးဆွဲထားတဲ့ သူတို့ စိတ်ကူးထားတဲ့ ဖယ်ဒရယ်ပြည်ထောင်စုရည်မှန်းချက်နဲ့ အခြေခံဥပဒေဆိုင်ရာ အဆိုပြုချက်တွေ ထုတ်ပြန်ချက်တွေကို လူထု ရှေ့ကို ချပြလာကြပြီ လို့ ဆိုနိုင်ပါတယ်။ စစ်တပ်ခွင့်ပြုမှ ဖော်ဆောင်နေကျ ပြည်ထောင်စုအတွက် ရည်မှန်းချက်တွေ၊ စစ်တပ်အလိုကျ ရွေးကောက်ပွဲတွေ၊ စစ်တပ်လက်ခံမှ အတည်ဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေးတွေ ဆိုတာကနေ လမ်းခွဲပြီး မိမိတို့ ဒေသအလိုက် လူမျိုးအလိုက် မိမိတိုစိတ်ကြိုက် စုစည်းညီညွတ်မှုအလိုက် ပြည်ထောင်စု ရည်မှန်းချက်၊ ဘုံသဘောတူညီချက် နဲ့ အခြေခံသဘောထားတွေ ထုတ်ဖော်လာကြ၊ ဆွေးနွေးလာကြတာကို သည်နှစ်၏ ခြေလှမ်းသစ်တွေအဖြစ် ရှုမြင်ပြီး အောင်မြင်မှုတွေဆီ ချီတက်နိုင်ဖို့လည်း ဆန္ဒပြုလိုက်ရပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar